ရိုးရိုးခွဲမလား၊ ဆန်းဆန်းခွဲမလား (အပိုင်း ၁)

Published On: January 23rd, 2026|Views: 171|

ရိုးရိုးခွဲစိတ်ခြင်းနဲ့ မှန်ပြောင်းခွဲစိတ်ခြင်းတို့ရဲ့ ကွာခြားချက်များ

(Dr. Yen Bi Ter ရေးသားသည်။)

ဆေးရုံဆေးခန်းတွေမှာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်လာတဲ့အခါ လူနာတွေနဲ့ လူနာရှင်တွေဘက်က အမေးများဆုံး မေးခွန်းတစ်ခုကတော့ “ဆရာ.. ရိုးရိုးခွဲတာကောင်းသလား၊ ဆန်းဆန်းခွဲတာကောင်းသလား” ဆိုတာပါပဲ။

ဒီမေးခွန်းဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ လူနာရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကုသမှုရလဒ်အတွက် အလွန်အရေးပါတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းခွင်မှာ လူနာတွေက “ဆန်းဆန်းခွဲတယ်”၊ “ခေတ်မီနည်းနဲ့ခွဲတယ်” လို့ ပြောကြတဲ့အရာဟာ ဆေးပညာအရတော့ “Minimally Invasive Surgery (MIS)” သို့မဟုတ် “မှန်ပြောင်းခွဲစိတ်ကုသခြင်း” ကို ဆိုလိုတာ ဖြစ်ပါတယ်။ လူနာအများစုကတော့ ဒါကို “လေဆာနဲ့ခွဲတယ်” (Laser) လို့ အလွယ်ခေါ်လေ့ရှိကြပေမယ့် တကယ်တမ်းမှာတော့ လေဆာရောင်ခြည်ကို သုံးတာမဟုတ်ဘဲ အလင်းရောင်၊ ကင်မရာနဲ့ အထူးကိရိယာတွေကို သုံးစွဲကုသတာ ဖြစ်ပါတယ်။

ဒီဆောင်းပါး အပိုင်း (၁)မှာတော့ လူနာတွေအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုပြုလုပ်နိုင်ဖို့အတွက် ရိုးရိုးခွဲစိတ်ခြင်းနဲ့ မှန်ပြောင်းခွဲစိတ်ခြင်းတို့ရဲ့ ကွာခြားချက်တွေနဲ့  ဘယ်လိုရောဂါတွေမှာ မှန်ပြောင်းနည်းကို သုံးလို့ရသလဲ စတဲ့သိထားသင့်တဲ့ အချက်အလက်တွေကို အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

မှန်ပြောင်းခွဲစိတ်ခြင်း (MIS) ဆိုတာ တကယ်တော့ ဘာလဲ။

အများစုက “ခေတ်မီတယ်”၊ “အသစ်အဆန်း” ဆိုတဲ့ စကားလုံးတွေကြောင့် ဒီနည်းပညာဟာ စမ်းသပ်ခွဲစိတ်နေတုန်း အဆင့်ပဲ ရှိသေးသလား၊ အန္တရာယ်များမလားလို့ စိုးရိမ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ဒီနည်းပညာဟာ ကမ္ဘာတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅-၄၀ လောက်ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက သည်းခြေအိတ်ထုတ်တာလို ခွဲစိတ်မှုမျိုးမှာ စံထားလောက်တဲ့ ကုသမှု (Gold Standard) အဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရော၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ဒါဟာ ပုံမှန်ကုသမှု နည်းလမ်းတစ်ခု ဖြစ်နေပါပြီ။

ရိုးရိုးခွဲစိတ်မှု (Open Surgery) မှာ ခွဲစိတ်ဆရာဝန်ဟာ လူနာရဲ့ ဝမ်းဗိုက်ကို ရောဂါအခြေအနေအရ ၁၀ စင်တီမီတာကနေ ၃၀ စင်တီမီတာအထိ ခွဲစိတ်ရာကြီးပေးပြီး ဖွင့်ခွဲရတတ်ပါတယ်။ ဒါမှသာ ရောဂါဖြစ်ပွားရာနေရာကို မျက်စိနဲ့ တိုက်ရိုက်မြင်တွေ့ပြီး လက်နဲ့ ကိုင်တွယ်ခွဲစိတ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် MIS (မှန်ပြောင်းခွဲစိတ်ခြင်း) မှာတော့ သေးငယ်တဲ့ အပေါက်ငယ်လေးတွေ (Keyhole) – များသောအားဖြင့် ၅ မီလီမီတာကနေ ၁၀ မီလီမီတာလောက်သာရှိတဲ့ အပေါက်လေးတွေကို ဖောက်ပြီး ခွဲစိတ်တာ ဖြစ်ပါတယ်။ အဲဒီအပေါက်လေးတွေကနေတဆင့် –

  • အလင်းရောင်နဲ့ ချိတ်ဆက်ထားတဲ့ ကင်မရာ (Laparoscope)၊
  • အထူးပြုလုပ်ထားတဲ့ ရှည်လျားတဲ့ ခွဲစိတ်ကိရိယာတွေ၊
  • ခွဲစိတ်မယ့်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ဝမ်းဗိုက်ထဲကို လေ (Carbon Dioxide) သွင်းခြင်း စတာတွေ ပြုလုပ်ပြီး ခွဲစိတ်တာ ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်ဟာ လူနာရဲ့ ဗိုက်ထဲကို တိုက်ရိုက်ငုံ့ကြည့်စရာမလိုဘဲ တီဗီဖန်သားပြင် (Monitor) ပေါ်မှာ ပြသထားတဲ့ ပုံရိပ်ကို ကြည့်ပြီး ခွဲစိတ်ရတာ ဖြစ်ပါတယ်။ ဒီလိုတီဗီဖန်သားပြင်ကနေ ကြည့်ရတဲ့အတွက် လူ့မျက်စိနဲ့ ကြည့်တာထက် ပိုမိုကြီးမားကြည်လင်ပြတ်သားတဲ့ (Magnified High-Definition) ပုံရိပ်တွေကို မြင်ရပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သွေးကြောလေးတွေ၊ အာရုံကြောလေးတွေကိုပါ သေချာမြင်တွေ့ရတဲ့ အားသာချက် ရှိပါတယ်။

ရိုးရိုးခွဲတာနဲ့ ဆန်းဆန်းခွဲတာ ဘာတွေကွာခြားသလဲ

လူနာတွေအတွက် အဓိက သိသာထင်ရှားတဲ့ ကွာခြားချက်တွေကို အောက်ပါအတိုင်း နှိုင်းယှဉ်ပြနိုင်ပါတယ်။

၁။ ခွဲစိတ်ဒဏ်ရာ (Incision): ရိုးရိုးခွဲစိတ်မှုမှာ လက်တစ်ဝါးစာလောက် ဒါမှမဟုတ် တစ်ထွာလောက်ရှိတဲ့ ဒဏ်ရာကြီးကျန်နိုင်ပေမယ့် မှန်ပြောင်းခွဲစိတ်မှုမှာတော့ လက်သည်းခွံလောက် အရာလေး ၃-၄ ခုလောက်ပဲ ရှိတတ်ပါတယ်။ 

၂။ နာကျင်မှု (Pain): ရိုးရိုးခွဲစိတ်မှုမှာ အရေပြားနဲ့ ကြွက်သားတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွဲစိတ်ရတဲ့အတွက် ခွဲစိတ်ပြီးချိန်မှာ နာကျင်မှုက ပိုဆိုးပါတယ်။ MIS မှာတော့ နာကျင်မှု အများကြီး သက်သာပါတယ်။

၃။ ဆေးရုံတက်ရက် (Hospital Stay): ရိုးရိုးခွဲစိတ်ရင် ၃ ရက်ကနေ တစ်ပတ်လောက် ဆေးရုံတက်ရလေ့ရှိပေမယ့် MIS နဲ့ဆိုရင် ၁ ရက်၊ ၂ ရက်လောက်နဲ့ ဆင်းရလေ့ရှိပါတယ်။

၄။ ပြန်လည်သက်သာချိန် (Recovery): လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ ရိုးရိုးခွဲစိတ်မှုက ၄ ပတ်ကနေ ၆ ပတ်လောက် အချိန်ယူရတတ်ပေမယ့် MIS မှာတော့ ၂ ပတ်၊ ၃ ပတ်အတွင်း ပုံမှန်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုရောဂါတွေမှာ မှန်ပြောင်းနည်းကို သုံးလို့ရသလဲ

ယနေ့ခေတ်မှာတော့ ရောဂါတော်တော်များများကို ဒီနည်းပညာနဲ့ ကုသလာနိုင်ပါပြီ။ ကမ္ဘာ့စံချိန်မီ ကုသမှုလမ်းညွှန်ချက်တွေအရ အောက်ပါရောဂါတွေမှာ MIS ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

၁။ သည်းခြေအိတ်ထုတ်ခြင်း (Laparoscopic Cholecystectomy)

သည်းခြေကျောက်တည်တာ၊ သည်းခြေအိတ်ရောင်တာတွေအတွက် ဒီနည်းလမ်းဟာ ကမ္ဘာ့စံချိန်မီ ကုသမှု (Gold Standard) ဖြစ်ပါတယ်။ အရင်ခေတ်ကလို ဗိုက်ကို ဓားရာအကြီးကြီးပေးပြီး ခွဲစရာမလိုတော့ဘဲ အပေါက်ငယ်လေးတွေကနေ ထုတ်ယူနိုင်တဲ့အတွက် လူနာတွေအတွက် အများကြီး သက်သာစေပါတယ်။

၂။ အူအတက်ဖြတ်ခြင်း (Laparoscopic Appendectomy)

အူအတက်ရောင်ရောဂါအတွက်လည်း ဒီနည်းလမ်းကို အသုံးများလာပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် အူအတက်ကြောင့် ဗိုက်နာတာလား၊ သားဥအိမ်နဲ့ သားအိမ်ပြဿနာကြောင့် ဗိုက်နာတာလား မသဲကွဲတဲ့အခါမျိုးမှာ မှန်ပြောင်းနဲ့ကြည့်လိုက်တော့ ရောဂါအဖြေရှာဖို့ရော၊ ကုသဖို့အတွက်ပါ ပိုအဆင်ပြေပါတယ် ။ ဝတဲ့ လူနာတွေမှာလည်း ရိုးရိုးခွဲရင် အနာပြည်တည်ဖို့ လွယ်ကူပေမယ့် မှန်ပြောင်းနဲ့ခွဲရင် အနာပိုးဝင်နှုန်း သိသိသာသာ နည်းပါးတာကို တွေ့ရပါတယ်။

၃။ အူကျွံရောဂါခွဲစိတ်ခြင်း (Laparoscopic Hernia Repair)

ပေါင်ခြံအူကျွံတာတွေ၊ ခွဲစိတ်ဒဏ်ရာဟောင်းကနေ အူကျွံတာတွေအတွက်လည်း သုံးနိုင်ပါတယ်။ အထူးသဖြင့် ဘယ်၊ ညာ နှစ်ဖက်လုံး အူကျွံနေသူတွေနဲ့ အရင်ခွဲပြီးမှ ပြန်ဖြစ်တဲ့ လူနာတွေ (Recurrent Hernia) အတွက် ဒီနည်းလမ်းက ပိုထိရောက်မှု ရှိပါတယ်။

၄။ အူမကြီးနှင့် အစာဟောင်းအိမ် ကင်ဆာခွဲစိတ်ခြင်း (Colorectal Surgery)

ကင်ဆာရောဂါဆိုရင် ရိုးရိုးဖွင့်ခွဲမှ အမြစ်ပြတ်မယ်လို့ ထင်တတ်ကြပေမယ့် သုတေသနပေါင်းများစွာအရ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ခွဲစိတ်မယ်ဆိုရင် မှန်ပြောင်းခွဲစိတ်ခြင်းကလည်း ကင်ဆာပျောက်ကင်းမှုနှုန်း (Cancer Outcomes) တူညီတာကို တွေ့ရပါတယ်။ လူနာအနေနဲ့ အနာသက်သာပြီး အူလမ်းကြောင်း ပြန်လည်အလုပ်လုပ်တာ ပိုမြန်ဆန်တဲ့ အားသာချက် ရှိပါတယ်။

၅။ သားဖွားမီးယပ် ခွဲစိတ်မှုများ (Gynecological Procedures)

သားအိမ်ထုတ်တာ၊ သားဥအိမ်အကျိတ်ထုတ်တာ၊ သားအိမ်အလုံးလိုက်တာတွေကိုလည်း ဒီနည်းနဲ့ လုပ်ဆောင်နိုင်ပြီး အမျိုးသမီးတွေအတွက် အလှအပဆိုင်ရာ (Cosmetic) အားသာချက်တွေ အများကြီး ရရှိစေပါတယ်။

၆။ ကိုယ်အလေးချိန်ချ ခွဲစိတ်ကုသခြင်း (Bariatric Surgery)

အဝလွန်ရောဂါအတွက် အစာအိမ်ကျဉ်းအောင် ချုပ်တာ၊ အူလမ်းကြောင်း လွှဲတာတွေကို အခုခေတ်မှာ ရိုးရိုးဖွင့်ခွဲလေ့ မရှိတော့ပါဘူး။ မှန်ပြောင်းလျှိုနည်းနဲ့သာ အဓိကထား လုပ်ဆောင်ကြပါတယ်။

ဒါ့အပြင် ဘေလုံးထုတ်တာ (Splenectomy)၊ အဆုတ်ခွဲစိတ်တာ (VATS)နဲ့ ကျောက်ကပ်ထုတ်တာ (Nephrectomy) တွေမှာလည်း ဒီနည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။

References

  1. SAGES Guidelines for Laparoscopic Surgery (Society of American Gastrointestinal and Endoscopic Surgeons)
  2. Enhanced Recovery After Surgery (ERAS) Society Protocols
  3. American College of Surgeons (ACS) – Patient Education Resources
  4. World Health Organization (WHO) – Guidelines for Safe Surgery
  5. NICE Guidelines (National Institute for Health and Care Excellence) on Minimally Invasive Techniques
  6. International Bariatric Surgery Registry (Global Outcomes Data)

ဒီအကြောင်းအရာကို မျှဝေပါ