Skip to content

လက်ကျန်ဆေးဝါးများကို စနစ်တကျစွန့်ပစ်ခြင်း

နေမကောင်းဖြစ်ချိန်မှာ ဝယ်ထားတဲ့ဆေးတွေ၊ ဆရာဝန်ညွှန်ကြားချက်အရ သောက်ခဲ့ပေမယ့် ကုသမှုပြီးသွားလို့ ကျန်နေတဲ့ဆေးတွေ၊ သက်တမ်းကုန်သွားတဲ့ဆေးတွေဟာ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။ ဒီလို ဆေးလက်ကျန်တွေကို “နောက်တစ်ခါလိုရင် ပြန်သောက်မယ်” ဆိုပြီး သိမ်းထားတဲ့အလေ့အကျင့်က မကောင်းသလို သင့်တော်သလို မြေကြီးပေါ်၊ ရေထဲ၊ အမှိုက်ပုံးထဲ ဒီအတိုင်း ပစ်လိုက်တာကလည်း မမှန်နေပါဘူး။ ဆေးဝါးတွေရဲ့ဓာတ်တွေက မြေကြီးနဲ့ ရေထဲရောက်သွားရင် ရေနေသတ္တဝါတွေကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ပဋိဇီဝဆေးအကျန်တွေက ပိုးမွှားတွေ ဆေးမတိုးနိုင်အောင် ပြောင်းလဲလာစေတဲ့ ဆေးယဉ်ပါးမှုကိုလည်း အားပေးနိုင်ပါတယ်။ ဒါကြောင့် လက်ကျန်ဆေး၊ အသုံးမလိုတော့တဲ့ဆေးတွေကို စနစ်တကျ စွန့်ပစ်ခြင်းဟာ ကိုယ့်မိသားစုအတွက်သာမက ပတ်ဝန်းကျင်နဲ့ အနာဂတ်ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

အိမ်မှာ လက်ကျန်ဆေးတွေကို စနစ်တကျမထားရင် ကလေးတွေမှားသောက်မိနိုင်သလို၊ လူကြီးတွေပါ ဆေးအမည်တူတူ၊ ဘူးပုံစံတူတူတွေကြားမှာ မှားယူသောက်မိနိုင်ပါတယ်။ တချို့လူတွေက ကိုယ့်အတွက် မလိုတော့တဲ့ဆေးကို အခြားသူကို ပေးသုံးခိုင်းတာမျိုးကလည်း အန္တရာယ်ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က ရောဂါမတူ၊ အခြေအနေမတူ၊ သောက်သင့်တဲ့အမျိုးအစားနဲ့ အချိန်ကာလလည်း မတူနိုင်တာကြောင့် “လက်ကျန်ဆေး” ကို ပြန်သုံးတာဟာ မှန်ကန်တဲ့ကုသမှုကိုရယူနိုင်ဖို့ နှောင့်နှေးစေနိုင်ပါတယ်။ အထူးသဖြင့် ပဋိဇီဝဆေးတွေကို နောက်မှသုံးဖို့ သိမ်းထားတာ၊ အခြားသူနဲ့ မျှဝေသုံးတာ (လုံးဝ) မလုပ်သင့်ပါဘူး။

အခြားနိုင်ငံတွေမှာတော့ အသုံးမလိုတော့တဲ့ ဒါမှမဟုတ် သက်တမ်းကုန်သွားတဲ့ ဆေးတွေကို စွန့်ပစ်ဖို့ အကောင်းဆုံးနည်းက ဆေးဆိုင် သို့မဟုတ် ဆေးပြန်လည်လက်ခံတဲ့ဌာန ရှိတဲ့နေရာကို ပြန်အပ်ခိုင်းတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲ့ဒီလိုဆေးဝါးကို ပြန်လည်အပ်နှံနိုင်တဲ့ဝန်ဆောင်မှု take-back service ခုထိ မရှိသေးပါဘူး။ ဆေးကို စွန့်ပစ်မယ်ဆိုရင် ဒီတိုင်းစွန့်ပစ်တာထက် ဆေးရဲ့အာနိသင်တွေ မလိုအပ်ဘဲ ပတ်ဝန်းကျင်ကို မစိမ့်နိုင်ဖို့ ဆေးလုံး၊ ဆေးတောင့်တွေကို မချိုးပစ်၊ မကြိတ်ချေသင့်ဘဲ အလုံးလိုက်၊ အတောင့်လိုက် မြေကြီး၊ သဲ၊ ကော်ဖီနှစ်စတဲ့ အရာတစ်ခုခုနဲ့ ရောစပ်ထုတ်ပိုးပြီး လေလုံတဲ့ ပလတ်စတစ်အိတ် ဒါမှမဟုတ် လေလုံဘူး တစ်ခုခုထဲ ထည့်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်သင့်ပါတယ်။ အကယ်၍ ဆေးဘူး၊ အထုပ်တွေပေါ်မှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါနေရင် အရင်ဖျက်ပြီးမှ ပစ်သင့်ပါတယ်။ ဒီနည်းက ဆေးကို အခြားသူ အလွယ်တကူ ကောက်မသုံးနိုင်အောင်၊ ကလေးနဲ့ တိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားမှု လျော့နည်းသွားအောင် ကူညီပေးပါတယ်။

သတိထားရမယ့် နောက်အချက်တစ်ခုက ဆေးအားလုံးကို အိမ်သာထဲ၊ လက်ဆေးဘေစင်ထဲ ရေဆေးချပစ်လို့မရပါဘူး။ အနောက်နိုင်ငံများမှာတော့ သူတို့ရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး (FDA ) ကနေ အိမ်သာထဲ လက်ဆေးဘေစင်ထဲ စွန့်ပစ်ရမယ့် ဆေးဝါးစာရင်း (flush list) ဆိုပြီး သီးသန့် စာရင်းပြုပြီး ထုတ်ပြန်လေ့ရှိပါတယ်။ အဲ့ဒီထဲမပါဝင်တဲ့ ဆေးတွေကိုတော့ အမှိုက်ပုံးထဲကိုပဲ စနစ်တကျ စွန့်ပစ်ခိုင်းလေ့ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ဆေးတွေကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်တဲ့ နည်းလမ်းတစ်ခုသာ အခုအချိန်မှာ ရွေးချယ်စရာ ရှိပါတယ်။

ဆေးလက်ကျန်လို့ပြောတဲ့အခါ ဆေးပြား၊ ဆေးရည်တင်မကပါဘူး။ အချို့ဆီးချိုသမားတွေမှာ သုံးရတဲ့ အင်ဆူလင်အပ်တွေ၊ ဆေးထိုးအပ်တွေ၊ သွေးဖောက်တဲ့အပ်တွေ စတဲ့ချွန်ထက်ပစ္စည်းတွေ တွေလဲပါပါတယ်။ ဒီချွန်ထက်တဲ့ဆေးပစ္စည်းတွေက သွေးကနေတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို သယ်ဆောင်သလို မတော်တဆ စူးမိ၊ ခြစ်မိခြင်းကနေလည်း ရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်။ ချွန်ထက်တဲ့ဆေးပစ္စည်းတွေကို စွန့်ပစ်တဲ့အခါ အပ်မဖောက်နိုင်အောင် စီမံထားတဲ့ (puncture-resistant sharps container) ထည့်ပြီး စနစ်တကျ စွန့်ပစ်ရပါတယ်။ အကယ်၍ အဲ့လိုဂျပ်ဘူး တွေ အလွယ်တစ်ကူ ဝယ်မရရင်တော့ အဖုံးသေချာပိတ်လို့ရပြီး အပ်မဖောက်နိုင်မယ့် ထူထဲတဲ့ ကော်ဘူးတွေထဲ အရင်ထည့်ပြီးမှ စွန့်ပစ်သင့်ပါတယ်။

တစ်ကယ်တော့ ဆေးစွန့်ပစ်ခြင်းက အမှိုက်ပစ်တာသက်သက်ထက် မိသားစုနဲ့ ပတ်ဝန်းကျင်ပေါ်သက်ရောက်နိုင်တဲ့ အန္တရာယ်အများကြီးကို လျှော့ချနေတာ ဖြစ်ပါတယ်။ ကိုယ်မလိုတော့တဲ့ဆေးကို စနစ်တကျမစွန့်ပစ်ရင် ကလေးတွေမှားသောက်မိတာ၊ အိမ်သားအချင်းချင်း မှားသုံးမိတာ၊ ပဋိဇီဝဆေးကို တစ်လွဲသုံးမိတာ၊ ပတ်ဝန်းကျင်ထဲကို ဆေးဝါးရဲ့အာနိသင်တွေ စိမ့်ဝင်သွားပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာ စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆေးလက်ကျန်တွေရှိလာတိုင်း သိမ်းမထားဘဲ၊ မျှမပေးဘဲ၊ စနစ်တကျစွန့်ပစ်တာကို လူတိုင်းလိုက်နာဖို့ တိုက်တွန်းလိုက်ရပါတယ်။

#အိမ်သုံးဆေး

#လက်ကျန်ဆေး

#ဆေးဝါးစွန့်ပစ်ခြင်း

References

1. WHO. Health-care waste

2. US FDA. Best Way to Get Rid of Used Needles and Other Sharps

3. Drug Disposal: FDA’s Flush List for Certain Medicines

4. Healthy Habits: Antibiotic Do’s and Don’ts

5. US FDA. Where and How to Dispose of Unused Medicines

6. UN environment programme. Pharmaceuticals in the Environment

လူကြိုက်များသောဆောင်းပါးများ