“အဘွား ဒေါ်ဝင်း”
အဘွားဒေါ်ဝင်းဆိုတာ မတ်တပ်ရပ်လိုက်ရင် ဘေးကို သိသိသာသာ ငေါထွက်နေတဲ့ ညာဘက်ဒူးခေါင်းဒဏ်ရာကို လက်တစ်ဖက်က ဖိ၊ နောက်တစ်ဖက် တောင်ဝှေးကို အားပြု လမ်းလျှောက်တတ်တဲ့ အသက် ၇၀ လောက် အရွယ် အမေအိုကြီး။ လမ်းဘေး လက်ဖက်ရည်ဆိုင်ထဲကို တရွေ့ရွေ့ဝင်သွားပြီး ဆိုင်ထဲက စားသောက်နေသူတွေရှေ့မှာ “သဒ္ဓါသရွေ့ စွန့်ကြဲကြပါ” လို့ နှုတ်ကလည်း တောင်း၊ သဒ္ဓါကြည်ဖြူလို့ လှူလာသူတွေ ပေးလာတဲ့ ငွေစကြေးစလေးတွေကို တောင်ဝှေ့ကိုင်ထားတဲ့ ဘယ်ဘက်လက်နဲ့ လှမ်းယူ၊ ပြီးရင် လည်ပင်းမှာ ကြိုးနဲ့ ချိတ်ထားတဲ့ ပလပ်စတစ်အိမ်အဟောင်းထဲ ထည့်နဲ့။ ပြီးရင်တော့ ဒေါ်ဝင်းရဲ့ ဦးတည်ရာက လက်ဖက်ရည်ဆိုင်နဲ့ မလှမ်းမ ကမ်းက အခွန်လွတ်စျေး။ စျေးထဲကိုလည်း တောင်ဝှေ့လေး အားပြုလို့ လျှောက်ရင်း နိစ္စဓူဝ စားဝတ်နေရေး အတွက် ဆက်ပြီး အလှူခံရပြန််တယ်။ နေ့ခင်းနေ့လည်ဘက် နေပူရင်တော့ စျေးနားက ပန်းခြံထဲက ဒေါ်ဝင်း ရဲ့ ခေတ္တ နားခိုရာ။ ညနေစောင်းပြီဆိုရင်တော့ အသက်ဆက်ပေးနေတဲ့ လက်ဖက်ရည်ဆိုင်နဲ့ အခွန်လွတ်စျေး ကိုဖယ်ခွာလို့ ယာယီစျေးနားက အိပ်စက်နားခိုရာ ယာယီတဲလေးဆီကို ပြန်သွားတတ်ပါတယ်။ ဒီမြင်ကွင်းကို အမြဲတမ်း မြင်နေကြသူတွေက ပုသိမ်မြို့ခံတွေ။ ဒေါ်ဝင်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ထဲက မြို့တစ်မြို့မှာ နေထိုင်ခဲ့သူဖြစ်ပေမယ့် အခုတော့ ပြုစုစောင့်ရှောက်မယ့်သူ မရှိတာမို့ ပုသိမ်မြို့ကို လာ၊ ယာယီစျေးနားက ယာယီတဲလေးမှာ နေရင်း နေ့စဉ်အလှူခံလို့ ဝမ်းရေးကို ဖြေရှင်းနေရသူ။ တကယ်တော့ သူ နေထိုင်တဲ့ ယာယီတဲဆိုတာကလည်း လူတစ်ဦးက ဆောက်ပေးထားတာ ဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူပါ။ နေ့စဉ်ဘဝကို တောင်းရမ်းသူအဖြစ်နဲ့ ရှင်သန်နေရတဲ့ ဒေါ်ဝင်းဟာ တကယ်တော့ ဒီအခြေအနေကြီးအတွက် စိတ်မချမ်းမသာ ဖြစ်နေသူပါ။
“အဖွားမှာ သားသမီးလည်း မရှိဘူး။ အိမ်လည်း မရှိဘူး။ မြို့မှာ ငတ်နေလို့ လာပြီး တောင်းရမ်းနေရတာပါ” လို့ ဒေါ်ဝင်းက ငြီးတွားပြောဆိုပါတယ်။
တကယ်တော့ ဒေါဝင်းဟာ ဆွေမဲ့ မျိုးမဲ့ တစ်ကောင်ကျွက် မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် မတိုင်မီတုန်းက ဆယ်ကျော်သက်အရွယ် တူ၊ တူမတို့နဲ့အတူ နေရင်း ဟင်းသီးဟင်းရွက်ရောင်းလို့ အသက်မွေးခဲ့သူပါ။ တူ၊ တူမတွေကလည်း အလုပ်အကိုင် အတည်မကျ မရှိပေမယ့် ကြုံရာကျပန်း လိုက်လုပ်ရင်း သူ့ကို တစ်ဖက်ကနေ ငွေကြေးကစလို့ ထောက်ပံ့ကြည့်ရှုပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ၊ ဒေါ်ဝင်းအသက် ၆၀ ရွယ်မှာ တူနဲ့ တူမ ဖြစ်သူနှစ်ဦးစလုံးဟာ ယာဉ်မတော်ဆမှုကြောင့် နှစ်ဦးစလုံး သေဆုံးသွားကြချိန်မှာတော့ ဒေါ််ဝင်းကို ဝိုင်းဝန်းစောင့်ရှောက်ကြမယ့်သူ မရှိဖြစ်ခဲ့ရပါတော့တယ်။ ဒါဟာ ဒီကနေ့ ဒေါ်ဝင်း ဖြတ်သန်းနေရတဲ့ ဘဝပုံစံကို တွန်းပို့လိုက်တဲ့ ဖြစ်စဉ်ကြီးပါ။ ဟင်းသီးဟင်းရွက် ရောင်းချ အသက်ရှင်ရတဲ့ ဒေါ်ဝင်းဟာ ရတဲ့ငွေနဲ့ လောက် ငအောင် ချိုးခြံချွေတာခဲ့ပေမယ့် တရိပ်ရိပ် တက်လာတဲ့ ကုန်စျေးနှုန်းက နေ့စဉ် စားဝတ်နေရေးကိုတောင် ဖြေရှင်းဖို့ မလောက်မင ဖြစ်လာရပါတယ်။ ဒေါ်ဝင်းဟာ ဒီအခြေအနေကြီးအောက်မှာပဲ ၂၀၂၂ ခုနှစ် အစောပိုင်းအထိ ခေါင်းရွက်ဖြတ်ထိုးစျေးသည်အဖြစ် တောင့်ခံခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ရဲ့ နေ့ရက်တစ်ခု မှာတော့ စျေးရေင်းနေရင်း ရွာလမ်းတစ်နေရာအရောက် ဒေါ်ဝင်း တစ်ယောက် ဆိုင်ကယ် တိုက်ခံခဲ့ရပါတယ်။ ဒီထိခိုက်မှုကြောင့် ဒူးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာမို့ နှစ်လလောက်ကြာအောင် အိမ်ယာထဲ လဲနေခဲ့ရပါတယ်။ ဒဏ်ရာ ပျောက်သွားလို့ အိမ်ယာက ထလာနိုင်ပေမယ့် ဆိုင်ကယ်တိုက်ခံရတဲ့ သူမရဲ့ ညာဘဏ်ဒူးဟာ နဂိုမူလအတိုင်း မဟုတ်တော့ဘဲ ကောက်သွားခဲ့ပါတယ်။ ဒါဟာ လမ်းတကာလှည့် စျေးရောင်းရင်း အသက်ရှင် ရပ်တည်ရတဲ့ ဒေါ်ဝင်းအတွက် မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာမို့ စျေးဗန်းကို ကောက်မကိုင်နိုင် စေတော့ပါဘူး။ ဝင်ငွေမရှိတော့တဲ့ အခြေအနေမှာ နေ့စဉ် စားဝတ်နေရေးလိုကိစ္စ၊ အသက်အရွယ် ကြီးလာလို့ ဇရာကြောင့် ဖြစ်လာတဲ့ သာမန်ဖျားနာ၊ ကျန်းမာရေးကိစ္စလိုမျိုးကိုတောင် ဖြေရှင်းလို့ ခက်ခဲလာစေပါတယ်။
“မဖြစ်နိုင်တော့လို့ မြို့က ထွက်လာပြီး ဒီမှာ အလှူခံ စားတာ။ တောင်းရတာ ရှက်ပါတယ်။ တခြား ဘာမှ လုပ်စရာမရှိတော့ အခုလို နေရတာ။ ဘိုးဘွားရိပ်သာတွေ သွားချင်ပေမယ့် အဆင်မပြေဘူး။ အိုဇာတာ မကောင်းဘူး”လို့ စိတ်နှလုံး မသာမယာနဲ့ ဒေါ်ဝင်းက ဆိုပါတယ်။
ပုသိမ်က ဒေါ်ဝင်း တင် မဟုတ်ပါဘူး။ တကယ်တော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပြင် နယ်မြို့တွေမှာလည်း ကျောထောက်နောက်ခံ မရှိလို့ အိမ်ခြေမဲ့ဖြစ်နေရတဲ့ သက်ကြီးရွယ်အိုတွေ အများကြီးပါ။ သူတို့ဟာ ကြုံရာနေရာကို အိမ်လို သဘောထား ခိုလှုံ၊ နေထိုင်ကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဝေလာ ဝေး အနေအထားနဲ့ အသက်ရှင် နေထိုင်နေကြရပါတယ်။ ရွက်ဖျင်တဲ ထိုးထားတဲ့ ယာယီစျေးတွေ၊ ဘုန်းကြီး ကျောင်းနဲ့ ဘုရားစေတီအနီး ဝန်းကျင်တွေဟာ သူတို့အတွက် ခိုလှုံရာပါ။ ဒေါ်ဝင်းလိုပဲ နေ့ခင်းဘက် အလှူခံ၊ညဘက်တွေမှာ အဆင်ပြေသလို အိပ်စက်၊ အနားယူကြရတာပါ။ တကယ်တော့ သက်ကြီးတို့အတွက် သူတို့ရဲ့ ခိုလှုံရာနေရာတွေဟာ မိနစ်တိုင်း၊ စက္ကန့်တိုင်းလိုလို စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာပါ။ တစ်ကိုယ်ရည် သန့်ရှင်းဖို့ ချိုးရေနဲ့ သုံးရေ၊ အပေါ့အလေး သွားဖို့ နေရာ၊ သန့်ရှင်းတဲ့ သောက်သုံးရေဆိုတာ နတ္ထိ။ ဒီတော့ နောက် ဆက်တွဲ အရေပြားနဲ့ ဆိုင်တဲ့ ရောဂါတွေကို လက်ယပ်ခေါ်ပြီးသား ဖြစ်လို့ နေပါတယ်။ အစားအစာဆိုတာက လည်း လှူသူရှိမှ စားနိုင်တာမို့ များသောအားဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဟာ သူတို့ရဲ့ နေ့စဉ် အာဟာရဖြစ်လာပါတယ်။ ခိုလှုံရာအိမ်လို့ ဆိုရမယ့် နေရာဟာ တကယ်တော့ သက်ကြီးရွယ်အိုတွေအ တွက်တော့ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင် တကယ်တော့ ငရဲခန်းတမျှပါပဲ။ နွေမှာ ပူ၊ မိုးမှာ စို၊ ဆောင်းမှာ အေး ဆိုတဲ့အတိုင်း အမိုးအကာ မပြည့်စုံတာမို့ ရာသီဥတုက ပေးသမျှ ဆိုးကျိုးမှန်သမျှကို ခံနေရပါတယ်။ နောက်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ခွေးလေခွေးလွင့်တွေရဲ့ ရန်၊ ဘယ်သူသေသေ ငတေမာရင် ပြီးရာဆိုပြီး လုယက်တတ်တဲ့သူတွေ ရန်၊ စိတ်မနှံသူ / မူးယစ်ရန်ကားတတ်သူတွေရဲ့ ရန်ကလည်း အမြဲတမ်း ခြောက်လှန့်လို့ နေပါတယ်။
ဒီလိုပုံစံနဲ့ ဘဝကို နိစ္စဓူဝ ဖြတ်သန်းနေရတဲ့ ကယ်ကူသူမဲ့ သက်ကြီးရွယ်အိုတွေမှာ နောက်ထပ် ဆိုးဆိုးဝါးဝါး ခံစားကြရတာကတော့ Depression လို့ ခေါ်တဲ့ စိတ်ကျမှုပြဿနာပါ။ တောင်းရမ်းသူဘဝနဲ့ ရှင်သန်ရတဲ့အ အခါ တချို့သော သူတွေရဲ့ လူမဆန်တဲ့ တုံ့ပြန်မှုတွေက “ငါတို့က ဘာမှ တန်ဖိုးမရှိတဲ့သူတွေ ဖြစ်နေပြီ” ဆိုတဲ့ အတွေးကို ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ပြင်းပြင်းထန်ထန် ခံစားရစေတာပါ။
အသက် ၇၅ နှစ်အရွယ် အိမ်ခြေရာမဲ့ အဘိုးအို ဦးစိန်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော် အရမ်းပင်ပန်းတယ်။ ငယ်စဉ်ကတည်းက ရုန်းကန်ခဲ့ရပြီး အခုထိ အနားမရသေးဘူး။ စိတ်ဓာတ်က ကုန်းကောက်စရာမရှိအောင်ကို ကျတာ” လို့ စိတ်ပန်းလက်ပန်းနဲ့ ပြောပြပါတယ်။
ဦးလေးစိန်ဟာ ပဲခူးဇာတိပါ။ သူဟာ အလှူခံတာ သပ်သ့ပ် မဟုတ်ဘဲ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို လုပ်အားအဖြစ်ပုံဖော်လို့ အမှိုက်ပုံနဲ့ လမ်းဘေးမှာ ကောာ်ဗူးကောက်၊ သတ္ထုကောက်နဲ့ ဒိုင်တွေကို ပြန်သွင်းရင်း အသက်ရှင်ရပ်တည်နေသူပါ။ သူ့မှာ အားကိုးရမယ့် မိသားစု ကျောထောက်နောက်ခံ မရှိတာကြောင့် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး ကောက်ကောက်၊ သတ္ထုကောက် အလုပ်ကနေ တစ်နေ့ကို ၆,၀၀၀ (ကျပ်) လောက် ဝင်ငွေ ရှိပါသေးတယ်။ တစ်ခါတစ်ရံ လမ်းသွားလမ်းလာတွေက သနားပြီး ငွေလေးဘာလေး လှူရင် တော့ ပိုရတတ်တဲ့ကာလမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အနီးကပ်ပြုစုသူကလည်း မရှိ၊ အသက်အရွယ်ကလည်း ကြီးတာမို့ သာမန် နှာစေး၊ ချောင်းဆိုးလို ရောဂါများဖြစ်လို့ ဆေးခန်းပြရင် တစ်ခါပြ ၁၂,၀၀၀ ကျပ် ကုန်နေတော့ နေ့စဉ်ပုံမှန်ဝင်ငွေရဲ့ နှစ်ဆ ဖြစ်နေတာမို့ မပြနိုင်တော့ဘူးလို့ ဦးလေးစိန်က ဆိုပါတယ်။
အဘွားဒေါ်ဝင်းကို အိမ်ခြေရာမဲ့ တောင်းစားသူအဖြစ် ရောက်ဖို့ ကြမ္မာဖန်လာတဲ့ ၂၀၁၆ ခုနှစ်တုန်းက မြန်မာပြည်မှာ “သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ” ကို စတင်ပြဌာန်းခဲ့ပါတယ်။ ဥပဒေမှာ သက်ကြီးရွယ်အိုတိုင်းဟာ အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနဲ့ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရေးတို့အလို့ငှာ သင့်တော်တဲ့ အထောက်အပံ့၊ ဝင်ငွေနဲ့ နေထိုင်မှုအဆင့် ရရှိရေးအတွက် အထောက်အပံ့ ရယူပိုင်ခွင့် ရှိရမယ်၊ စရိတ်ထောက်ပံ့ဖို့ လိုအပ်နေတဲ့ သက်ကြီးတွေက သူတို့ရဲ့ သားသမီး၊ မြေးတွေဆီက စရိတ်ထောက်ပံ့မှု ရယူပိုင်ခွင့်တွေ ပါပါတယ်။ နောက်ပြီး ခွဲခြားဆက်ဆံတာ၊ နှိပ်စက်ညှင်းပန်းတာ၊ လျစ်လျူရှုတာ၊ စွန့်ပစ်တာ၊ အမြတ်ထုတ်တာ၊ မတရားပြုကျင့်ခံရတာတွေကနေ အကာအကွယ် ရပိုင်ခွင့်တွေ ရှိတယ်လို့ ဖော်ပြထားပြန် ပါတယ်။ ဒါပေမဲ့ ဒီဥပဒေရဲ့ အကာအကွယ်ကို တကယ်လိုအပ်နေတဲ့ အဘွားဒေါ်ဝင်း၊ ဦးလေးစိန်တို့လိုလူတွေ ရမနေပါဘူး။ ဥပဒေဟာ သူတို့အတွက် စာရွက်တစ်ရွက်ထက် ပိုမှာ မဟုတ်သလို ဥပဒေကို လိုက်နာကျင့်သုံး ရမယ့်သူတွေဟာလည်း အားနည်းချက်တွေ အပြည့်နဲ့တော့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
အိမ်ခြေမဲ့ သက်ကြီးရွယ်အိုတွေကို အဓိက တာဝန်ယူရမယ့် ဌာနဟာ လူမှုဝန်ထမ်းဦးစီးဌာနပါ။ ဒီဦးစီးဌာနဟာ မြို့နယ်အများစုမှာ စောင့်ရှောက်ရေးဂေဟာနဲ့ ဘိုးဘွားရိပ်သာတွေကို တည်ဆောက်လည်ပတ်နေပေမယ့် ရိပ်သာမှာ လက်ခံရေး လုပ်ထုံးလုပ်နည်းတွေက မလည်ပတ်နိုင်ဖို့ အဟန့်အတား ဖြစ်နေစေပြန်ပါတယ်။ သူတို့ရဲ့ အကူအညီ၊ အစောင့်အရှောက်ကို ယူမယ်ဆို အသက် ၆၀ ပြည့်ရမယ်၊ ကူးစက်ရောဂါကင်းရမယ်၊ ပြုစုမယ့်သူ လုံးဝမရှိသူသာ ဖြစ်ရမယ်လို့ သတ်မှတ်ထားတာပါ။ ၈၅ နှစ်နဲ့အထက် အဘိုးအဘွားတွေကို ငွေကြေးထောက်ပံ့ပေမယ့် မှတ်ပုံတင် မရှိ၊ အမြဲတမ်းနေရပ်လိပ်စာ မရှိရင် ထောက်ပံ့ကြေးမပေးဘူးဆိုပြန်တော့ အိမ်ခြေရာမဲ့ သက်ကြီးရွယ်အိုနဲ့ မဆိုင်သလို ဖြစ်နေပြန်ပါတယ်။
တကယ်တော့ အိမ်ခြေရာမဲ့ သက်ကြီး ရွယ်အိုပြဿနာဟာ မြန်မာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာလည်း ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ မတူတာကတော့ ဒါကို အစိုးရအာဏာပိုင်တွေက ဘယ်လိုမျိုး ကိုင်တွယ်စီမံသလဲဆိုတာပါပဲ။ အာရှကျားတစ်ကောင်ဖြစ်တဲ့ စင်ကာပူလို ချမ်းသာကြွယ်ဝတဲ့နိုင်ငံမှာတောင် ဒီလို ပြဿနာတွေ ရှိနေပြီး နည်းလမ်းစုံသုံး ဖြေရှင်းနေရဆဲပါ။
စင်ကာပူဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဝင်ငွေနည်းပါးသူတွေနဲ့ အိမ်ခြေရာမဲ့ ဖြစ်နိုင်ခြေရှိတဲ့ သက်ကြီး ရွယ်အိုတွေအတွက် သာ်သာတဲ့ စျေးနှုန်းနဲ့ ငှားရမ်းနိုင်တဲ့ အခန်းတွေ စီစဉ်ပေးတာ၊ လူမှုရေးအသင်း / ဘာ သာရေးအသင်းအပင်းတွေနဲ့ ပူးပေါင်းပြီး “Safe Sound Sleeping Places – S3ps” လို ယာယီ ညအိပ် နားနေနိုင်တဲ့ နေရာတွေ ဖွင့်ပေးထားပါတယ်။ အစိုးရကိုယ်တိုင် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ဝင်ငွေမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေအတွက် လစဉ် စားဝတ်နေရေးနဲ့ ဆေးကုသစရိတ်တွေကို ထောက်ပံ့ပေးတာ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ညဘက်တွေမှာ အများပြည်သူ နားနေဆောင်နဲ့ ပန်းခြံလိုနေရာမျိုးမှာ အိမ်ခြေမဲ့ ဘိုးဘွားတွေကို လိုက်ရှာပြီး လိုအပ်တဲ့ အကူအညီပေးတာ၊ ယာယီခိုလှုံရာနေရာတွေ ပို့ပေးတာတွေ လုပ်ပေးသလို စောင့်ရှောက်ရေးဂေဟာတွေကို ပို့ပေးတာမျိုးအထိ လုပ်ပေးပါတယ်။
မြန်မာ့ အိမ်ခြေမဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရေးဟာ စိန်ခေါ်ချက် ကြီးကြီး မားမားအဖြစ် ရှိနေသလို အာဏာပိုင်တွေဆီက အထောက်အပံ့ရယူရေးမှာ ပြုစုမယ့်သူ မရှိတာ၊အထောက် အထားစာရွက်စာတမ်းမရှိတာတွေက အဓိက အတားအဆီးပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒီလို အခြေအ နေကို ရောက်နေတဲ့ အိမ်ခြေမဲ့ သက်ကြီးရွယ်အို အရေးဟာ ဥပဒေတွေ ကိုယ်တိုင် အကန့်အသတ် ရှိနေတာ၊ လူမှုအဖွဲ့အစည်းတွေကချည်း တာဝန်ယူမပေးနိုင်တာကြောင့် သက်ဆိုင်ရာ ရပ်ကွက်မှာ နေကြတဲ့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အခရာ ကျပါတယ်။ ကျန်းမာရေး မကောင်းတဲ့ အိမ်ခြေရာမဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေကို တွေ့ရင် ဆေးရုံ/ဆေးခန်းနဲ့ လူမှုအသင်းအဖွဲ့တွေက ဖွင့်ထားတဲ့ အခမဲ့ဆေးခန်းတွေဆီ ချိတ်ဆက်ပို့ဆောင်နိုင်ရေးမှာ ဒေသခံလူထုရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒါ့အပြင် အိမ်ခြေရာမဲ့တွေဆီ လိုက်လံကုသပေးတဲ့ Mobile Team လိုဟာမျိုး ဖွဲ့စည်းထားလိုက်မယ်ဆိုရင် ပိုကောင်းနိုင်တယ်လို့လည်း ပဲခူးမြို့က လူမှုရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပါတယ်။ အဘိုးအဘွားတွေကို ကူညီပေးနေသူတစ် ဦးကလည်း ရပ်ကွက်အလိုက် ကျန်းမာရေးရန်ပုံငွေ တစ်ရပ် ထူထောင်ပြီး စေတနာ့ဝန်ထမ်း (Volunteer) စနစ်နဲ့ တာဝန်ခွဲဝေ လုပ်ကိုင်ကြရင်လည်း ထိရောက်မယ်လို့ ပြောပါတယ်။
”ဆေးရုံကို ရောက်လာရင် အတတ်နိုင်ဆုံး ကုသပေးကြပါတယ်။ ဒါပေမဲ့ ပြုစုစောင့်ရှောက်မယ့်သူ မရှိတဲ့အခါကျတော့ အဆင်မပြေပြန်ဘူး။ ဒါက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုပူးပေါင်းမှု အားကောင်းမှ လုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်” လို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆရာဝန်တစ်ဦးက ဆိုပါတယ်။
အိမ်ခြေရာမဲ့ သက်ကြီးရွယ်အိုတွေဟာ ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ ဘဝကို ဖြတ်သန်း နေကြရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကူညီဖို့ဆိုရင် သာမန် ကျန်းမာရေးမကောင်းသူတွေကို ဆက်ဆံသလိုမျိုး ချဉ်းကပ်လို့ မရပါဘူး။ သူတို့ရဲ့ အခြေအနေကို မိသားစုဝင်တစ်ဦးလို၊ မိတ်ဆွေတစ်ဦးလို နေရာကနေ ချဉ်းကပ်မေးမြန်း၊ ပြောဆိုရပါမယ်။ ဒီလို လုပ်ပေးတာဟာ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုတွေကို အတိုင်းအတာ တစ်ခုအထိ ကုသပေးရာ ရောက်တယ်လို့ မန္တလေးမြို့က တစ်ကိုယ်တော် ပရဟိတ လုပ်ကိုင်နေသူတစ်ဦးက အကြံပြုထားပါတယ်။ ဒီလို ချဉ်းကပ်ကြတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်ရင် ရောဂါအခံ ရှိ – မရှိ၊ အမြင်နဲ့ အကြားအာရုံ အခြေအနေတွေကို မေးမြန်းရပါမယ်။ နောက်ပြီး စောင့်ရှောက်ရေးဂေဟာ၊ ရိပ်သာလို ပို့နိုင်ဖို့အတွက် မိသား စု အဆက်အသွယ် ရှိ-မရှိ၊ မှတ်ပုံတင်အထောက်အထား ရှိ-မရှိ တို့ကို မေးမြန်းရပါမယ်။ ဆေးရုံ/ဆေးခန်း ပို့ဖို့အတွက် လိုအပ်တဲ့ အိမ်ခြေမဲ့ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် ပို့ဆောင်ပေးနိုင်မယ့် ရပ်ရွာအခြေပြု ပရဟိတအသင်းတွေနဲ့ လက်ခံကုသပေးနိုင်မယ့် ဆေးရုံ၊ ဆေးခန်းတွေကို သိထားဖို့ လိုသလို အရေးကြီးတဲ့ ဆေးမှတ်တမ်းစာအုပ်လိုဟာမျိုး လုပ်ပေးတဲ့အထိ ကူညီရပါမယ်။ ရိပ်သာနဲ့ စောင့်ရှောက်ရေးဂေဟာ ပို့ပေးဖို့ ခက်ခဲတဲ့ အဘိုးအဘွားတွေအတွက် ခေတ္တနားခိုနိုင်မယ့် နေရာ (ဥပမာ – ဓမ္မာရုံ၊ ကျောင်း) တွေကို ယာယီစီ စဉ်ထားပြီး တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပါဝင်တဲ့ (ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခြေသည်းညှပ်၊ ခြင်ထောင် ဒါမှမဟုတ် ခြင်ဆေးခွေ၊ ဖျာ၊ စောင်၊ မိုးကာအိင်္ကျီ၊ အကိုက်အခဲပျောက်ဆေး၊ ပလာစတာ၊ ဗိုက်နာ ပျောက်ဆေး) အရေးပေါ် ဆေးအိပ်ငယ်တွေကိုလည်း စီစဉ်ထားနိုင်ပါတယ်။ ဒါဟာ ရပ်ရွာကနေ လုပ်ဆောင် နိုင်တဲ့ နည်းနာတွေပါ။
တကယ်တော့ အဘွားဒေါ်ဝင်း၊ ဦးလေးစိန်တို့လို အိမ်ခြေရာမဲ့ သက်ကြီးရွယ်အိုတွေဟာ ဘဝနေဝင်ချိန်ကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေကြရသူတွေပါ။ စိတ်ဓာတ်ခိုင်မာတဲ့ ဦးလေးစိန်လို လူတောင် ကိုယ်ဒူးကိုယ်ချွန် ရပ်တည်နိုင်ဖို့ အားကုန်ရုန်းနေပေမယ့် တခြားတခြားသော ကျပ််တည်းမှုတွေ၊ ပင်ပန်းဆင်းရဲရမှုတွေက သူ့ကို တအိအိ တိုက်စားနေပါပြီ။ သူတို့ရဲ့ ဘဝနေဝင်ချိန် သက်သောင့်သက်သာ ဖြစ်ဖို့ဆိုရင် အားလုံးက ဝိုင်းကြ၊ဝန်းကြမှသာလျှင် ဖြစ်ပါတော့မယ်။
အားကိုးရာမဲ့ ဘိုးဘွားအိုတို့အတွက် ကျွန်တော်တို့ အားစိုက်ကြပါစို့ဗျာ။