ရွှေမှော်တွေ၊ ကျောက်မှော်တွေ၊ သစ်ထုတ်လုပ်ငန်းတွေ ပေါများတဲ့ ကချင်ပြည်နယ်လို ဒေသမျိုးမှာ ငှက်ဖျားဆိုတဲ့ အသုံးအနှုံးကို လူတိုင်းနီးပါး ယဉ်ပါးကြပေမယ့် တောတောင်နဲ့ဝေးတဲ့ မြို့နေပြည်သူတွေအတွက်တော့ ငှက်ဖျားဆိုတာကို အနည်းငယ်စိမ်းနေကြမှာပါ။ ငှက်ဖျားဆိုတာ တစ်ကယ်တော့ အခုအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေနဲ့ ရှိနေဆဲပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၂၄ ခုနှစ်အတွင်း ငှက်ဖျားဖြစ်ပွားသူ ၂၈၂ သန်းခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အာဖရိကဒေသက ကမ္ဘာ့ငှက်ဖျားဖြစ်နှုန်းသေနှုန်း အများဆုံးဖြစ်ပြီး အရှေ့တောင်အာရှဒေသကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ငှက်ဖျားဖြစ်နှုန်းနဲ့ သေနှုန်းဟာ ၂၀၁၂-၂၀၁၈ ခုနှစ်အတွင်း ၈၄% နဲ့ ၉၅% အထိ လျော့ကျခဲ့ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာတော့ ငှက်ဖျားရောဂါဖြစ်သူဟာ ၃ ဆလောက်အထိကို သိသိသာသာ ပြန်တက်ခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေကြားမှာ ငှက်ဖျားဝန်ထုပ်ဝန်ပိုးကို အမြင့်ဆုံးထမ်းထားရတဲ့ နိုင်ငံဖြစ်နေပါပြီ။
ငှက်ဖျားရောဂါဆိုတာ ပလက်စမိုဒီရမ် (Plasmodium) လို့ခေါ်တဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်ရတာပါ။ လူမှာ ရောဂါဖြစ်စေနိုင်တဲ့ အမျိုးအစားက အဓိက ၅ မျိုးရှိပါတယ်။ ဒီအမျိုးအစားတွေထဲမှာ အထူးသတိထားရတာက P. falciparum နဲ့ P. vivax ပါ။ P. falciparum က အန္တရာယ်အများဆုံးဖြစ်ပါတယ်။ ကုသမှုနောက်ကျသွားရင် ၂၄ နာရီအတွင်း ပြင်းထန်ငှက်ဖျားအဖြစ် ပြောင်းပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီပိုးကြောင့် ဦးနှောက်ထိခိုက်ခြင်း၊ ပြင်းထန်သွေးအားနည်းခြင်း၊ အသားဝါခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ သွေးလန့်ခြင်း၊ သွေးယိုခြင်း စတဲ့ ပြင်းထန်တဲ့ အခြေအနေတွေကို တွေ့နိုင်ပါတယ်။
P. vivax ကတော့ တခြားပုံစံနဲ့ ဒုက္ခပေးတတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ WHO အဆိုအရ ငှက်ဖျားအားလုံးရဲ့ ၉၀% ခန့်ဟာ vivax ဖြစ်နေပါတယ်။ ဒီပိုးရဲ့ အရေးကြီးဆုံး သဘာဝကတော့ အသည်းထဲမှာ ပုန်းနေနိုင်ပြီး ရောဂါပိုးတွေကို ပြန်ပြန်ထုတ်လွတ်တတ်ပါတယ်။ ဒါကြောင့်ပဲ ငှက်ဖျားရောဂါက စနစ်တကျ မကုသရင် အမြစ်မပျက်ဘဲ ခဏခဏ ပြန်ဖြစ်နေတတ်ပါတယ်။
ဒီပိုးတွေကို လူတွေဆီ ဖြန့်ဖြူးပေးတဲ့ အဓိက တရားခံကတော့ အနောဖလိစ် (Anopheles) ခြင်မ ဖြစ်ပါတယ်။ အများအားဖြင့် ဒီခြင်တွေက ညနေစောင်းကနေ မနက်မိုးလင်းချိန်အထိ ကိုက်တတ်လို့ ညနေဖက်တွေမှာ ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ တစ်ခါတစ်ရံ ရှားရှားပါးပါးအခြေအနေမှာတော့ ငှက်ဖျားရောဂါပိုးဟာ သွေးသွင်းတာကနေလည်း ကူးနိုင်ပါတယ်။
ငှက်ဖျားရဲ့ အစောပိုင်းလက္ခဏာတွေက သာမန်ဖျားနာတာနဲ့ ဆင်တူပါတယ်။ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အားနည်းခြင်း၊ ပျို့အန်ချင်ခြင်း၊ အစာမဝင်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြင်းထန်လာတဲ့အခါ အလွန်အမင်း နွမ်းနယ်ခြင်း၊ မေ့တတ်ခြင်း၊ တက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ဆီးမည်းမည်းသွားခြင်း သို့မဟုတ် သွေးပါခြင်း၊ အသားဝါခြင်း၊ သွေးယိုခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀% ခန့်ဟာ ငှက်ဖျားအန္တရာယ်ရှိတဲ့ နေရာတွေမှာ နေထိုင်နေကြပါတယ်။ ငှက်ဖျားရောဂါဟာ တောတောင်နီးနီးဒေသတွေ၊ နယ်စပ်ဒေသတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ခရီးသွားလာရသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှု ရယူဖို့ခက်ခဲတဲ့ နေရာဒေသတွေမှာ နေထိုင်သူတွေမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ဖျားဖြစ်နှုန်း ပြန်တက်လာရခြင်းက ခြင်တစ်ခုကြောင့်ပဲ မဟုတ်ပါဘူး။ ပြည်တွင်းပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်ရမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကျဆင်းလာမှု၊ ကာကွယ်ရေးလုပ်ငန်းအားနည်းလာမှု၊ ခြင်ထောင်မလုံလောက်မှု စတာတွေ အားလုံးပေါင်းပြီး ဖြစ်လာတာပါ။ ဒီပြဿနာဟာ ရောဂါတစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ လူမှုစီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာပြဿနာ တစ်ခုလည်း ဖြစ်နေပါတယ်။
ငှက်ဖျားဟာ ကာကွယ်လို့ရသလို ကုသလို့လည်းရတဲ့ ရောဂါ ဖြစ်ပါတယ်။ ညဘက်အိပ်တဲ့အခါ ဆေးစိမ်ခြင်ထောင်စနစ်တကျသုံးခြင်း၊ ခြင်မကိုက်လိမ်းဆေးလိမ်းခြင်း၊ ညနေခင်းနဲ့ညဘက်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း၊ အဖျားတက်လာရင် စောနိုင်သမျှစောစော ငှက်ဖျားစစ်ဆေးခြင်း တွေက အလွန်အရေးကြီးပါတယ်။ ငှက်ဖျားမှန်းစောစောသိပြီး အချိန်မှီ ကုသနိုင်ရင် ကိုယ့်အသက်ကိုကယ်နိုင်သလို မိသားစုနဲ့ အသိုင်းအဝိုင်းထဲက တခြားသူတွေထံကူးစက်မှု ကိုလည်း လျှော့ချနိုင်ပါတယ်။
အဖျားရှိတိုင်း ငှက်ဖျားတော့မဟုတ်ပေမယ့် ငှက်ဖျားအန္တရာယ်ရှိရာနေရာမှာ နေထိုင်သူ၊ မကြာသေးခင်က သွားရောက်ခဲ့သူ၊ တောတွင်းအိပ်ခဲ့သူ၊ နယ်စပ်ဒေသက ပြန်လာသူတစ်ယောက်မှာ အဖျားတက်လာရင် “ရိုးရိုးဖျားတာပဲ” လို့ မယူဆဘဲ ငှက်ဖျားကို သံသယထားသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ နေရာတချို့မှာ ကျန်းမာရေးဝန်ဆောင်မှုရရှိဖို့မလွယ်ကူခြင်း၊ စမ်းသပ်ကိရိယာနဲ့ ဆေးဝါးမလုံလောက်ခြင်းတွေ ရှိနေနိုင်တာကြောင့် ငှက်ဖျားဟာ ဘယ်လိုမှ မေ့ထားလို့မရတဲ့အခြေအနေဖြစ်ပြီး ပိုပြီးသတိထားသင့်တာပါ။ ဒါ့အပြင် ပြည်တွင်း ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေ များလာတဲ့အတွက် အခုအချိန်မှာ မြို့ပေါ်မှာဖျားတဲ့အဖျားက ငှက်ဖျားဖြစ်နိုင်ခြေနည်းတယ်လို့ တရားသေ ပြောလို့မရတော့ပါဘူး။
#ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ
References
1. WHO. Malaria. Fact sheet. 4 December 2025.
2. WHO South-East Asia Regional Office. WHO calls for continued efforts against malaria in South-East Asia Region, amid progress. 11 December 2024.
3. WHO. Public Health Situation Analysis: Myanmar. 9 March 2026.
4. WHO. Malaria case management: Plasmodium vivax malaria. 25 February 2026.