ဆက်ပြီးကြီးထွားမလာတော့တဲ့ မေမေ့ဗိုက်ထဲက သန္ဓေသားလေး

Published On: April 25th, 2024|Views: 458|

ခိုင်ရီ ရေးသည်

(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)

“ကလေးက နှလုံးမခုန်ဘူး၊ ဆက်ကြီးထွားမလာတော့ဘူး၊ သားအိမ်ခြစ်ရမယ်”

ကိုးပတ်သားအရွယ် သန္ဓေသားလေးကို လွယ်ထားရတဲ့ မနှင်းယုမွန်တစ်ယောက် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးရဲ့  မှတ်ချက်စကားကြောင့် ဆွံ့အသွားတယ်။ ပြောစရာစလုံးတွေ ပျောက်ဆုံးသွားသလို ရင်ထဲမှာ ဆို့နင့်ပြီး ငိုင်နေမိပါတော့တယ်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

သူတို့ဇနီးမောင်နှံနှစ်ယောက် အလိုချင်ဆုံးအရာဖြစ်တဲ့ ရင်သွေးလေးက အိမ်ထောင်သက် ၃နှစ်ကျော်မှာ သူတို့ဘဝထဲကိုရောက်လာပြီဆိုတာ သိလိုက်ရချိန်က အပျော်ရွှင်ရဆုံးအခိုက်အတန့်လေးတွေ ဖြစ်ခဲ့ရပေမယ့် အဲဒီ အပျော်တွေဟာ အချိန်ကာလ နှစ်ပတ်အကြာမှာပဲ လေနဲ့လွင့်သလို ပျောက်ဆုံးလွင့်ပြယ် ကုန်ပါတော့တယ်။

မနှင်းယုမွန်ဟာ ရာသီစက်ဝန်း မမှန်တတ်တဲ့သူမို့ ဘယ်နှစ်ပတ်၊ ဘယ်နှစ်လ ရှိပြီဆိုတာ အတိအကျ သိနိုင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်က ကိုယ်ဝန်ရှိနေပြီဆိုတာ သိသိချင်းပဲ အိုဂျီဆီကို နှစ်ယောက်သား အပြေးသွားခဲ့ကြတယ်။

အတိအကျသိနိုင်ဖို့အတွက် အာထရာဆောင်းရိုက်ခိုင်းတဲ့အချိန်မှာတော့ သူတို့ရင်သွေး သန္ဓေသားလေးဟာ ကိုးပတ်အရွယ် ရှိနေခဲ့ပါပြီ။ အရေးအကြီးဆုံး ရက်သတ္တပတ်တွေဖြစ်တဲ့အတွက် နောက်တစ်ပတ်ထပ်ချိန်းလိုက်တဲ့အတိုင်း ဒုတိယအကြိမ် ဆေးခန်းရောက်တော့ အိုဂျီက သေချာစမ်းသပ် ပေးပြီး “ကလေးက နှလုံးမခုန်ဘူး၊ အာထရာဆောင်းရိုက်ပါ”လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ၁၀ပတ်သားရှိနေရမယ့် သန္ဓေသားလေးဟာ ဒုတိယအကြိမ် အာထရာဆောင်းအဖြေမှာ ခုနှစ်ပတ်သားအရွယ်ပြန်ဖြစ်နေပါတော့တယ်။ အိုဂျီပြောပြသလိုပဲ နှလုံးမခုန်ဘူး။ မိခင်ဗိုက်ထဲက သန္ဓေသားလေးက ဆက်ပြီး ကြီးထွားမလာဘူးလို့ အဖြေထွက်ပါတယ်။

ထိတ်လန့်တုန်လှုပ်စရာစကားတစ်ခွန်းကြောင့် ငိုချပစ်ချင်စိတ်ကို ထိန်းချုပ်ရင်း၊ စောင့်ကြည့်ပါရစေ ဆိုပြီး ဆရာဝန်ဆီမှာ ခွင့်တောင်းပြီး အိမ်ကိုအရောက်ပြန်ခဲ့တယ်။ လမ်းတလျှောက်လုံး ဘာကြောင့် ဒီလိုဖြစ်ရ တာလဲ၊ ဘာအမှားလုပ်မိလို့လဲ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ အကြိမ်ကြိမ်စဉ်းစားသလို၊ ဒီလိုဆုံးရှုံးမှုအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်လိုစိတ်တွေနဲ့ ယူကြုံးမရဖြစ်နေမိတယ်။

အိမ်ပြန်ရောက်တဲ့အချိန်မှာ မနှင်းယုမွန်တစ်ယောက် တလျှောက်လုံးတင်းထားခဲ့သမျှ ဖြေလျှော့ချလိုက်သလို အရုပ်ကြိုးပြတ်နဲ့ အားရပါးရ၊ ရှိုက်ကြီးတငင် ငိုချလိုက်မိပါတော့တယ်။

အားရအောင်ငိုပြီးသွားတဲ့အခါမှာတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်‌ ဘာဆက်လုပ်ရမလဲဆိုတာ ခေါင်းအေးအေးထားစဉ်းစားကြပါတယ်။

နောက်တစ်နေ့မှာတော့ ပိုသေချာချင်တဲ့စိတ်နဲ့ အာထရာဆောင်းဆရာဝန် ပြောင်းပြီးထပ်ရိုက်ကြည့်ကြတယ်။ ရလိုက်တဲ့အဖြေကအတူတူပါပဲ။ အာထရာဆောင်းဆရာဝန်က သားအိမ်ခြစ်လိုက်တာ ကောင်းမယ့်အကြောင်း အကြံပြုပါတယ်။ အိုဂျီရဲ့ ဆုံးဖြတ်ချက်၊ အာထရာဆောင်းအဖြေ နှစ်ခုရဲ့ ရလာဒ်တွေအရ မတင်မကျဆုံးဖြတ်ချက်ကို ချလိုက်ပြီး သားအိမ်ခြစ်ဖို့အတွက် ကြိုတင်စာရင်းပေးပြီး အိမ်ကို ပြန်ခဲ့ကြတယ်။

ဒီရက်ပိုင်းအတောအတွင်းမှာ ဗိုက်နာတာ၊ ဗိုက်အောင့်တာ၊ သွေးဆင်းတာစတဲ့ ထူးခြားချက်တစ်စုံတရာ မရှိတဲ့အတွက် ဝေခွဲရခက်နေတဲ့ မနှင်းယုမွန်တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ စိတ်ပြောင်းသွားပြန်တယ်။ သူစိတ်ပင်ပန်းနေတာကို မကြည့်ရက်တော့တဲ့ ခင်ပွန်းဖြစ်သူက လက်လျှော့လိုက်ဖို့ ဖြောင့်ဖျပေမယ့် ဆေးပညာနယ်ပယ်က မိတ်ဆွေသူငယ်ချင်းတွေဆီကို ဖုန်းဆက်ပြီးအကြံဉာဏ် ယူပြန်ပါတယ်။

နောက်ရက်မှာတော့ လွယ်လွယ်နဲ့လက်မလျှော့ချင်တဲ့ မနှင်းယုမွန်ဟာ တတိယအကြိမ်မြောက် အာထရာဆောင်းထပ်ရိုက်ပါတယ်။ အာထရာဆောင်းအဖြေအရ ကလေးက ခြောက်ပတ်စွန်းစွန်းပဲရှိနေပြီး၊ နှလုံးခုန်သံမကြားရသေးပေမယ့် လှိုင်းတော့ရှိတယ်လို့ ဆရာဝန်ကပြောပါတယ်။ မျှော်လင့်ချက် ရောင်ခြည်လေးက လက်ကနဲဖြစ်သွားပေမယ့် ပထမဆုံးအကြိမ်အာထရာဆောင်းမှာ ကိုးပတ်ရှိနေရာက တတိအကြိမ်မြောက် အာထရာဆောင်းမှာ ခြောက်ပတ်စွန်းစွန်းပဲရှိနေတယ်ဆိုတဲ့ အချက်က သူ့အတွက်တော့ ရတတ်မအေးစရာ အခြေအနေဖြစ်ပါတယ်။ အာထရာဆောင်းအဖြေတွေအရ သန္ဓေသားက မကြီးထွားလာဘူးဆိုပေမယ့် ဗိုက်ကပိုပြီးထွက်လာသလို သတိထားမိနေတဲ့အခါ မျှော်လင့်ချက်ကို လက်မလွှတ်ချင်ပါဘူး။

ဒီထက်ပိုပြီး ခက်ခဲတာတစ်ခုက ခင်ပွန်းဖြစ်သူက လအနည်းငယ်အတွင်း သင်္ဘောပြန်တက်ပြီး၊ ပြန်မဆုံနိုင်ဘဲ တစ်နှစ်ကျော်ကြာမြင့်ဦးမှာဖြစ်တဲ့အတွက် အခုကြုံနေရတဲ့အဖြစ်ဟာ အိပ်မက်တခုဖြစ်လိုက်ရင်ကောင်းမယ် လို့သာ တွေးနေခဲ့မိတယ်။

ဆရာဝန်တွေကစောင့်ကြည့်လို့ရနိုင်တယ်ဆိုပြီး သတ်မှတ်ပေးထားတဲ့ကာလအပိုင်းအခြားလေးဟာ မနှင်းယုမွန်အတွက် မတင်မကျစိုးရိမ်သောကတွေနဲ့ ဖြတ်သန်းနေရတဲ့ကာလလို့ဆိုရပါမယ်။ သူ့ဘဝတလျှောက် ဒီလိုအဖြစ်အပျက်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ဘူး။ မိတ်ဆွေအပေါင်းအသင်းတွေ ကြားမှာလည်း တစ်ခါမှ မကြုံဖူးတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ပါပဲ။

သားအိမ်ခြစ်မယ်၊ မခြစ်ဘူးဆိုတာကို ရတိပြတ်ဆုံးဖြတ်ဖို့ ခက်ခဲနေတဲ့ မနှင်းယုမွန်က ပြည့်စုံတဲ့ အသိပညာနဲ့ အချက်အလက်တွေရရှိနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ပါတယ်။ ဖုန်းတွေ၊ အင်တာနက်တွေ အလွယ်တကူ သုံးစွဲလို့ရနေတဲ့ ခေတ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေးမိဘတွေချည်းပဲ သီးသန့်စုဖွဲ့ထားတဲ့ လူမှုကွန်ရက်အဖွဲ့လေးတွေထဲမှာလည်း မေးမြန်းအကြံတောင်းခံ ပါတယ်။

အဲဒီအချိန်မှာတော့ တစ်ခါမှမကြားဖူးမကြုံဖူးတဲ့ သူ့လိုအဖြစ်အပျက်မျိုးကြုံတွေ့ခဲ့ဖူးတဲ့ မိခင်တွေအများကြီးကို တစ်စုတစ်ဝေးတည်းတွေ့လိုက်ရပါတော့တယ်။ ကိုယ်တွေ့ကြုံဖူးကြတဲ့သူတွေက သူတို့အတွေ့အကြုံတွေကို မျှဝေပေးကြတယ်။ မိခင်လည်းဖြစ်၊ ကိုယ်တိုင်လည်း ဆရာဝန်ဖြစ်တဲ့ မေမေတွေက အတွေ့အကြုံရော၊ ဆေးပညာအကြံဉာဏ်တွေပါ ပေးကြပါတယ်။

မိခင်ဆရာဝန်တစ်ယောက်က “Miscarriage လို့ခေါ်ပါတယ်၊ ကိုယ်ဝန်ဆောင် ငါးယောက်မှာ တစ်ယောက်ကြုံတတ်တဲ့အတွေ့အကြုံဖြစ်လို့  သိပ်ဝမ်းမနည်းပါနဲ့၊ နောက်ထပ်ယူလို့ရပါတယ်၊ နုသေးတော့ အာထရာဆောင်းမပေါ်တာလည်း ဖြစ်နိုင်တယ်၊ ကိုယ်ဝန်ဆောင်ဟိုမုန်းတွေရှိသေးလားဆိုတာသိရအောင် သွေးတွေဘာတွေလည်း စစ်ခိုင်းပါ၊ ကျမတုန်းကလည်း အာထရာဆောင်းမှာ နှလုံးမခုန်လို့ နှစ်ပတ်လောက် စောင့်ကြည့်တာ ပြန်ခုန်လာပါတယ် ” လို့ အကြံပေးပါတယ်။

တချို့မိခင်တွေကတော့ မနှင်းယုမွန်လိုမဟုတ်ဘဲ ဗိုက်အောင့်ပြီး သွေးဆင်းတဲ့ အတွေ့အကြုံကို ကြုံရတယ်။

တချို့မိခင်တွေကျတော့ အိုဂျီရဲ့ရှင်းပြချက်အရ ဒီလိုဖြစ်တာဟာ မျိုးဥမှာ ချို့ယွင်းချက်ရှိတာ၊ မိခင်က အသက်ကြီးတာမျိုးတွေကြောင့်လည်းဖြစ်တတ်တယ်လို့သိရတယ်။ တကယ်လို့ ဒီတိုင်းဆက်ထားပြီး ကလေးတိုးတက်လာတာကို စောင့်ရင်း မွေးလာတဲ့အခါမှာ မွေးရာပါ ရောဂါပါတတ်တာ၊ ဉာဏ်ရည်မမီတဲ့ ကလေးလေးမွေးဖွားလာတာစတဲ့ အဖြစ်အပျက်မျိုးလည်းဖြစ်နိုင်ပြီး၊ သားအိမ်ခြစ်ပြီးသွားတဲ့အခါ ကလေးပြန်ယူလို့ရနိုင်တယ်ဆိုတာ ရှင်းပြတဲ့အကြောင်း မျှဝေပေးတယ်။

နောက်တစ်ယောက်က “ကျမတုန်းကလည်း ကလေးက နှလုံးမခုန်ဘူး၊ ဗိုက်ကတော့ ထွက်လာတယ်၊ အချင်းတို့၊ ရေအိတ်တို့က ကြီးလာတာဖြစ်မယ်၊  စောင့်ရင်းနဲ့ နှစ်လခွဲလောက်ရှိတော့ သူ့ဘာသာ ဆင်းသွားပါတယ်၊ ကြက်ဥလေးမှာ အနှစ်မပါလာလို့ အကောင်လေး မဖြစ်သလိုပဲလို့ ဆရာဝန်က ရှင်းပြပါတယ်”လို့ ဆိုပါတယ်။

တချို့ မိခင်တွေဆိုရင် ဒီလိုအဖြစ်အပျက်ကနေ နောက်ဆက်တွဲ ထပ်သိရတာတာ စပျစ်သီးသန္ဓေ တည်နေတာ၊ သားအိမ်ထဲမှာ ကလေးရှိမနေဘဲ သားဥပြွန်လေးထဲမှာ သန္ဓေတည်နေတာ စတဲ့ မိခင်အသက်အန္တရာယ်နဲ့ နီးတဲ့ ထူးထူးခြားခြား အတွေ့အကြုံပိုင်ရှင်တွေကိုလည်း တွေ့လိုက်ရပါတယ်။ တချို့မိခင်တွေဆိုရင် ဒီလိုအဖြစ်မျိုးကို လေးကြိမ်လောက်အထိ ကျော်ဖြတ်ခဲ့ကြရပြီး၊  လက်ရှိမှာတော့ အရွယ်ရောက်နေတဲ့ကလေးကို ပိုင်ဆိုင်နေကြပါပြီ။

“အာထရာဆောင်းက တစ်ခါရိုက်တိုင်း ဆိုဒ်သေးသွားသလိုဖြစ်နေတော့ မခြစ်ခင် သေချာအောင် TVS ရိုက်ကြည့်၊ နှလုံးမခုန်းတော့ရင် မိခင်ကျန်းမာရေးအတွက် အရေးကြီးလို့ သိပ်အကြာကြီး မစောင့် သင့်ဘူးလို့ထင်ပါတယ်” ဆိုတဲ့ အကြံပြုချက်လေးတွေကလည်း မနှင်းယုမွန်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချနိုင်ဖို့၊ စိတ်ကိုထားတတ်ဖို့ ခွန်အားနဲ့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

နောက်ဆုံးမှာ ဆရာဝန်ခွင့်ပြုပေးထားတဲ့ စောင့်ကြည့်ကာလပြည့်သွားတဲ့အခါ ဗိုက်ထဲက သားဦးလေးကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး သားအိမ်ခြစ်လိုက်ပါတော့တယ်။

လောကမှာ ကိုယ်တစ်ယောက်တည်း ကြုံရလေခြင်းလို့ ယူကြုံးမရဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတဲ့ မနှင်းယုမွန်ဟာ နည်းပညာအကူအညီကြောင့် ဘဝတူမိခင်တွေအများကြီးရဲ့ အကြံဉာဏ်တွေ၊ အားပေးမှုတွေနဲ့ ရှေ့ဆက်နိုင်ခဲ့တယ်။ သားအိမ်ခြစ်ပြီးတဲ့အခါမှာ အိုဂျီရဲ့ လမ်းညွှန်မှုတွေနဲ့အတူ သားအိမ်ကျန်းမာသန်စွမ်းအောင် ဂရုစိုက်နေထိုင်စားသောက်ခဲ့ပါတယ်။

အိပ်မက်ဆိုးနဲ့တူတဲ့ အခြေအနေကို ရင်ဆိုင်ရပြီး သန္ဓေသားလေးကို လက်လွှတ်ဆုံးရှုံးခဲ့ရဖူးတဲ့ မနှင်းယုမွန်တို့ ဇနီးမောင်နှံဟာ အခုလက်ရှိမှာ ကျန်းမာသန်စွမ်းတဲ့ သားလေးတစ်ယောက်နဲ့အတူ သူတို့လိုချင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ