ကျောက်ကပ်တစ်ခြမ်းယောင်နေတဲ့ မေမေ့ဗိုက်ထဲက သန္ဓေသားလေး

Published On: February 17th, 2024|Views: 1124|

ခိုင်ရီ ရေးသည်

(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)

ဟိုးတုန်းကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို အာထရာဆောင်းရိုက်တယ်ဆိုတာ ဗိုက်ထဲက ကလေး အနေအထားမှန်သလား၊ ခြေလက်အင်္ဂါ စုံလင်သလား၊ ကျားမလား ဒါတွေကို သိနိုင်ဖို့ပဲလို့ ထင်ခဲ့မိတယ်။

နယ်မှာအခြေချနေတဲ့ကျမတို့ဟာ ကိုယ်ဝန်စရှိကတည်းက ဒီကလေးကို နယ်မှာပဲ မွေးမယ်လို့ တွေးခဲ့ကြ ပေမယ့် ရန်ကုန်ရောက်တုန်း အာထရာဆောင်းရိုက်ကြမယ် ဆိုပြီး အထူးကုဆေးရုံကြီးတစ်ခုဆီ ချီတက်ခဲ့ ကြတယ်။

အာထရာဆောင်းရိုက်တာက ပုံမှန်ထက်ဈေးနှုန်းမြင့်နေတော့ စိတ်ထဲမှာတွေးလိုက်တာက အထူးကု ဆေးရုံကြီးမို့လို့ ထင်ပါတယ်ပေါ့။ ရိုက်ပြီးတော့မှ ရိုးရိုးမဟုတ်ဘဲ Anomaly Scan လို့ခေါ်တဲ့ ကိုယ်ဝန် (၁၈) ပတ်နဲ့ (၂၂) ပတ်အကြားမှာ ရိုက်ရတဲ့ သန္ဓေသားလေးရဲ့ ကြီးထွားမှုအခြေအနေ၊ ဖွံ့ဖြိုးမှု ပုံမှန် မမှန်ဆိုတာကို စစ်ဆေးတဲ့ တယ်လီဗွီးရှင်း ဓါတ်မှန်ဆိုတာကို သိလိုက်ရတယ်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

အာထရာဆောင်းဆရာဝန်က မိနစ် ၂၀ လောက်ကြာတဲ့အထိ အချိန်ယူပြီး တစ်ခုချင်းစီ သေချာလေး ရိုက်ပေး တယ်။ အာခေါင်ကွဲနှုတ်ခမ်းကွဲ မပါကြောင်း၊ ခြေထောက်အရိုးလေးတွေ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် တူညီတဲ့အကြောင်း၊ နှလုံး၊ ဦးခေါင်း၊ ဦးနှောက်၊ ကျောရိုး စတဲ့ တစ်ခုချင်းစီရဲ့ ဖွံ့ဖြိုးမှုပုံစံလေးတွေကို စိတ်ရှည် လက်ရှည်နဲ့ ပြောပြတယ်။

အာထရာဆောင်းခုတင်ပေါ်ကဆင်းပြီး ဆရာဝန်ရှေ့က ထိုင်ခုံမှာ ၂ ယောက်သားထိုင်လိုက်တဲ့အခါမှာ ဆရာဝန်က ပြောပြတယ်။ “ကလေးလေးရဲ့ ကျောက်ကပ်က ဘယ်ဘက်တစ်ခြမ်းကြီးနေတယ်၊ ယောင်နေသလို ဖြစ်နေတယ်” တဲ့။

အသေးစိတ်တဲ့ အချက်အလက်ကို အာထရာဆောင်းဆရာဝန်က ထုတ်ပြောပြလာချိန်မှာ ကျမတို့ စိုးရိမ်မှုတွေ စပေါ်လာပါတော့တယ်။

အာထရာဆောင်းအဖြေကြောင့် အရင်ဆုံးအိုဂျီနဲ့တိုင်ပင်တော့ အိုဂျီကနယ်ဆေးရုံမှာထက် ရန်ကုန်မှာပဲ မွေးဖွားသင့်တဲ့အကြောင်း အကြံပေးပါတယ်။

ကျမတို့ဟာ ကိုယ့်နယ်ဆေးရုံက မိတ်ဆွေ သူနာပြုဆီ လှမ်းဆက်ပြီး အကျိုးအကြောင်းကို ပြောပြတယ်။ သူက ကျမ ရှင်းပြတဲ့အခြေအနေတွေပေါ်မူတည်ပြီး နယ်ဆေးရုံမှာ မွေးကင်းစ ကလေးပြုစုရေး သီးသန့်အဆောင် မရှိတာ၊ လိုအပ်လာလို့ ခွဲစိတ်ရတာ၊ ပြွန်ထည့်ရတာတွေ လုပ်ရတော့မယ်ဆိုရင် ဆေးဝါးနဲ့ ကိရိယာတန်ဆာပလာ မစုံလင်တာတွေကို ပြန်ရှင်းပြပြီး ရန်ကုန်မှာပဲမွေးသင့်ကြောင်း အကြံပြုပါတယ်။

ဒီလိုနဲ့ ရန်ကုန်မှာ မွေးဖွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပထမဆုံး ဗဟန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဆေးရုံမှာ သွားအပ်တယ်။ ဆေးရုံက တာဝန်ကျ သားဖွား မီးယပ်အထူးကုဆရာဝန်က သူကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင် မိခင်တယောက်ဖြစ်နေပြီး ကျမရဲ့ အခြေအနေ ကို သေချာအချိန်ပေးပြီး ဆွေးနွေးပေးပါတယ်။

ဘယ်ဆေးရုံမှာပဲမွေးမွေး၊ အခုလို အခြေအနေမျိုးဆိုရင် မွေးပြီးတာနဲ့ ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်မှု ပေးနိုင်တဲ့ မွေးကင်းစကလေးဆောင်ဆီပို့ရမယ်ဆိုတာ ရှင်းပြတယ်။ စိတ်အချရဆုံးဖြစ်တဲ့ ဗဟိုအမျိုးသမီး ဆေးရုံကြီးကိုပဲ ညွှန်ပေးမယ့်အကြောင်းရှင်းပြပြီး၊ တာဝန်ရှိသားဖွားမီးယပ်အထူးကုဆရာဝန်တစ်ဦးဆီကို ဖုန်းလှမ်းဆက်ပေးသလို၊ လွှဲစာလည်း ရေးပေးပါတယ်။ အဲဒီလိုနည်းနဲ့ ကျမတို့ ဗဟိုအမျိုးသမီးဆေးရုံမှာ ဗိုက်အပ်မယ့်ကိစ္စတွေ စီစဉ်ကြရပါတော့တယ်။

ဗဟိုအမျိုးသမီးဆေးရုံက တာဝန်ကျသားဖွားမီးယပ်အထူးကုက ကိုယ်ဝန်ဆောင်မိခင်အတွက် လိုအပ်တာတွေ စမ်းသပ်စစ်ဆေးပြီးတဲ့အခါ၊ ကလေးအတွက် ကြိုတင်ပြင်ဆင်ရမှာတွေကို ကလေးအထူးကုဆရာဝန်နဲ့ ဆွေးနွေးဖို့ မွေးကင်းစကလေးအဆောင်ကို ဆက်သွားခိုင်းပါတယ်။

မွေးကင်းစကလေးဆောင်က ဗဟိုအမျိုးသမီးဆေးရုံဝင်းကြီးထဲမှာရှိပြီး၊ အနောက်ဘက်အကျဆုံးမှာ သီးသန့် ရှိနေတဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ တာဝန်ကျကလေးအထူးကုဆရာဝန်ကကျမကို ကလေးရဲ့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ သေချာရှင်းပြတယ်။

ဗိုက်ထဲကသန္ဓေသားလေးရဲ့ ဆီးပြွန်တစ်ဖက်ကအလုပ်မလုပ်တဲ့အတွက် ဆီးမစွန့်ထုတ်နိုင်တဲ့အခါ ကျောက်ကပ် ထဲမှာ ဆီးကျန်တွေစုဆောင်းထားသလိုဖြစ်နေပြီး ကျောက်ကပ်တစ်ဖက်က ယောင်နေသလို ဖြစ်နေတာမျိုးဖြစ် ကြောင်း ရှင်းပြပါတယ်။

“ကလေးက အပြင်ကိုရောက်ပြီး ၂၄ နာရီအတွင်း ဆီးမသွားနိုင်ဘူးဆိုရင် ဆီးလမ်းကြောင်းပြွန်ထည့်တာမျိုး၊ အသေးစား ခွဲစိတ်ရတာမျိုး လုပ်ရနိုင်တယ်၊ နောက်တစ်ခုက မွေးလာပြီးတော့မှ သူ့ဟာသူ ဆီးစွန့်ထုတ်နိုင်လို့ အဆင်ပြေသွားတာမျိုးလည်း ဖြစ်နိုင်တယ်” လို့ ဖြစ်နိုင်ခြေကို ရှင်းပြပါတယ်။

အဲဒီအခြေအနေတွေကိုသိကတည်းက ကိုယ်ဝန်လွယ်ထားရတဲ့ကာလတလျှောက်လုံး စိတ်ပူပင်မှုတွေနဲ့ နေထိုင်ခဲ့ရတယ်။ အရာရာအဆင်ပြေဖို့ ဆုတောင်းရင်းနဲ့ ရင်မောခဲ့ရပါတယ်။

    ဒီလိုနဲ့ ကလေးမီးဖွားဖို့သတ်မှတ်ရက် မတိုင်ခင်၊ ကိုယ်ဝန် ၃၆ ပတ်စွန်းစွန်းမှာ ဗိုက်နာလာပြီး၊ ၁၀နာရီကျော် အသည်းအသန်ဗိုက်နာပေမယ့် သားအိမ်မပွင့်တာရယ်၊ ကိုယ်ဝန်ဆောင်သွေးတိုးရယ်၊ သက်ကြီးကိုယ်ဝန်ဖြစ်နေ တာအတွက်ရယ်ကြောင့် အရေးပေါ်ဗိုက်ခွဲမွေးရပါတယ်။

    ခွဲခန်းကထွက်တာနဲ့နာရီပိုင်းအတွင်း သူနာပြုဆရာမက မိခင်နို့ဦးရည်တိုက်ပြီးတာနဲ့ မွေးကင်းစကလေး အဆောင်ကို ပို့လိုက်ပါတယ်။ နို့ရည်ကောင်းကောင်းဝင်ဖို့လိုပြီး သဘာဝအတိုင်း ဆီးသွားနိုင်သလားဆိုတာ သေချာစောင့်ကြည့်ဖို့ လိုအပ်လို့ဆိုတာသိရပါတယ်။ သားဦးမိခင်ဖြစ်တဲ့အတွက် ကျမ နို့ကောင်းကောင်း မထွက်သေးတဲ့အချိန်မှာ မွေးကင်းစကလေးဆောင်က မိခင်နို့တွေစုပေါင်းထားပြီး သေချာပိုးသတ်ထားတဲ့ နို့ပေါင်းရည်ကို နှာခေါင်းပိုက်ကနေတဆင့် တိုက်ပါတယ်။

    မိခင်ဆောင်မှာ ကျန်ခဲ့ရတဲ့ကျမဆီကို ကလေးပြန်ရောက်လာတဲ့အချိန်မှာ နှာခေါင်းပိုက်လေး တပ်ထားတာကို မြင်လိုက်ရတဲ့တော့ ကလေးကို သနားတဲ့ စိတ်နဲ့ မျက်ရည်ကျရတယ်။ သွေးနုနုမှာ ဟိုမုန်းအပြောင်းအလဲတွေ ကြောင့် စိုးရိမ်ပူပင်မှုလွန်ကဲရတဲ့အဖြစ်က တခြားဘာနဲ့မှမတူပါဘူး။ ကလေးရှူးမပေါက်သေးတဲ့ အချိန်အတောအတွင်း စိတ်တထင့်ထင့်နဲ့ စိုးရိမ်ပူပင်မှုတွေက တစ်ဖက်၊ ဗိုက်ခွဲထားတဲ့ အနာက နာကျင်မှုက တစ်ဖက်နဲ့ ဖြတ်သန်းရတာ အချိန်တွေ ကြာမြင့်နေသလိုခံစားရပါတယ်။

    ကံကောင်းစွာနဲ့ မိခင်ဝမ်းထဲကထွက်ပြီး ၉ နာရီအတွင်းမှာ ကျမတို့သားလေးက သူ့ဘာသာသူ ဆီးသွားနိုင်ပါတော့ တယ်။ မိခင်ဆောင်နဲ့ ကလေးဆောင်ကြား ကူးချည်သန်းချည်နဲ့ သွားလာပြီး လူနာလာစောင့်ပေး၊ ကူညီပေးတဲ့ သူငယ်ချင်းက ကလေးဆီးသွားနိုင်ပြီဆိုတဲ့သတင်းကို ယူလာပေးတယ်။ ကျမရဲ့စိတ်မှာ မတင်မကျနဲ့ ပူပင်နေရတာတွေဟာ အဲဒီအချိန်ကျမှ ဝုန်းကနဲပစ်ချလိုက်ရသလိုလျော့ပါးသွားတော့ပါတယ်။

    ဆီးသွားတဲ့ပမာဏကို သိနိုင်ဖို့ ကလေး Diaper ကို လွှင့်မပစ်ဘဲ သိမ်းထားခိုင်းတယ်။ ကလေးဆောင်ပြန် သွားပို့ရတိုင်း Diaper ကို အလေးချိန်ချိန်တာမျိုး မှန်မှန်လုပ်ပါတယ်။ ကလေးကို အမေနဲ့ ခွဲထားပြီး ၃ရက်တိုင်တိုင် စောင့်ကြည့်ပါတယ်။ အစောပိုင်းရက်မှာ ကလေးနဲ့ မိခင်ကိုတွေ့ခွင့်မပေးဘူး။ နောက်ရက်တွေမှာ မိခင်ဆောင်ကို ခဏတဖြုတ်လာခွင့်ရတယ်။  မိခင်နို့ကို သေချာစို့နိုင်ပြီး၊ ဆီးသွားနိုင်တော့မှ ၃ရက်မြောက်နေ့အရောက်မှာ ပြန်ပို့ပြီး ညအိပ်ခွင့်ပေးပါတယ်။

    အဲဒီနောက်မှာ လမ်းလျှောက်နိုင်ပြီဖြစ်တဲ့အတွက် ကျမကလည်း ကလေးဆောင်ကို သွားပြီး နို့တိုက်တာ၊ ကလေးအထူးကုဆရာဝန်တွေရဲ့ နေ့စဉ်စစ်ဆေးမှုခံယူရတာတွေလုပ်ရပါတယ်။

    အဲဒီလိုနဲ့ ၇ ရက်မြောက်နေ့မှာ ကလေးကို အာထရာဆောင်းရိုက်ဖို့ ရန်ကုန်ကလေးဆေးရုံကြီးကို လွှတ်ပါတယ်။ မွေးကင်းစကလေးဆောင်က ကလေးဆရာဝန်တစ်ယောက်ကလည်း ကျမတို့နဲ့အတူလိုက်ခဲ့ပေးပါတယ်။

    ရန်ကုန်ကလေးဆေးရုံကြီးမှာ အာထရာဆောင်းရိုက်ရပါတယ်။ ကလေးရဲ့ ကျောက်ကပ်ရော၊ ဆီးပြွန်ရော ပုံမှန်ဆိုတဲ့ အဖြေကိုရတဲ့အချိန်မှာ ကျမတို့သားအမိတွေ ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။ ခွဲစိတ်စရာမလိုလိုက်ဘဲ အစစအရာရာ အဆင်ပြေသွားတာကြောင့် မွေးကင်းစကလေးကိုပိုက်ပြီး ဆေးရုံအဆင်းအိမ်ပြန်လမ်းဟာ စိတ်လက်ပေါ့ပါးပျော်ရွှင်ခဲ့ရတယ်။

    အမှားအယွင်း အတိမ်းအစောင်းမခံတဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခရီးလမ်းမှာ ကျမတို့ရဲ့  အမှားကောင်းလေး တစ်ခုကြောင့် ထူးခြားဖြစ်စဉ်တစ်ခုကိုသိခွင့်ရပြီး ကြိုတင်ပြင်ဆင်ချိန်တွေရခဲ့တဲ့အတွက် ကံတရားက ဆန်းကြယ်တယ်လို့ တွေးမိတယ်။

    မူလအစီအစဉ်အတိုင်းမဟုတ်ဘဲ ပြောင်းလဲသွားတဲ့အခြေအနေတွေကြားမှာ အဆင်ပြေပြေ မွေးဖွားနိုင်ဖို့ အတွက် စီမံကိန်းကြီးတစ်ခုလို သေချာစဉ်းစားတွက်ချက်ဆုံးဖြတ်ခဲ့ရတဲ့အတွေ့အကြုံက ကျမတို့မိသားစုဘဝမှာ ဘယ်တော့မှမမေ့နိုင်မယ့် အမှတ်တရလို့ ဆိုရမှာပါ။

    ဒီလိုအဖြစ်အပျက်မျိုး ထပ်တူကြုံရတဲ့မိဘလောင်းတွေရှိခဲ့ရင် တစ်စုံတစ်ရာအကျိုးရှိစေဖို့ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ်။

    ဒီအကြောင်းအရာကို မျှဝေပါ