နှစ်နှစ်အောက်ကလေးနဲ့ သန်ချဆေး

Published On: March 2nd, 2024|Views: 1010|

ခိုင်ရီ ရေးသည်

(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)

ကျမသားလေး အသက် တစ်နှစ်စွန်းစွန်းအရွယ်မှာ ဝမ်းပျက်ဝမ်းလျှောတဲ့အတွေ့အကြုံကို ပထမဆုံးအကြိမ် ကြုံခဲ့ရဖူးပါတယ်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

“ဒီနေ့တစ်ရက်တည်းတင် ကလေးဝမ်းသွားတာ လေးကြိမ်ရှိပြီ၊ မနေ့ကလည်း သုံးကြိမ်သွားတယ်” လို့ ကလေးအဖေကို ပြောပြလိုက်တယ်။

သူ့အဖေက “ကလေးကိုကော ဘာကျွေးတာ မှားသေးလဲ ပြန်စဉ်းစားပါဦး” လို့ ပြောပါတယ်။

အဲဒီအချိန်မှာ ကျမ ရုတ်တရက် သတိရသွားတာကတော့ ရေခဲသေတ္တာထဲကအသင့်သောက် နွားနို့ဘူးပါ။ ကလေး တစ်နှစ်ပြည့်တော့ ပိုးသတ်ပြီးသားအသင့်သောက်နွားနို့ဘူးကို ဝယ်တိုက်ပါတယ်။ ပထမနေ့က ဘူး အဖုံးကွင်းအဝိုင်းကိုဆွဲဖွင့်လိုက်တော့ အဖုံးအောက်ခြေကကပ်ထားတဲ့ကော်ကွာပြီး ကြွတက်လာတယ်။ ကျမ အမှုမထားမိဘဲ အဖုံးကိုပြန်ပိတ်လိုက်ပြီး ပြန်ထည့်သိမ်းလိုက်တယ်။ အဲ့ဒီဘူးကိုပဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး၊ နှစ်ရက်၊ သုံးရက်လောက် ဆက်ပြီး တိုက်လိုက်မိတယ်။

ကလေးဝမ်းပျက်ရခြင်းရဲ့အဓိကတရားခံက အဖုံးကွာနေတဲ့အသင့်သောက်နွားနို့ဘူးကို ပေါ့ပေါ့ဆဆ သဘောထားမိတဲ့ ကျမကြောင့်ဆိုတဲ့အဖြေက ရှင်းရှင်းလင်းလင်းပေါ်သွားပါတော့တယ်။

အစောပိုင်းရက်တွေမှာ ကလေးကတစ်နေ့ကို သုံးကြိမ်ကနေ၊ ငါးကြိမ်အထိ ဝမ်းသွားပါတယ်။ ကျမမှာ စုဆောင်းထားတဲ့ ကလေးဝမ်းပျက်၊ ဝမ်းလျောနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြန်ရှာဖတ်ရပါတယ်။ ကလေးက မနုံးဘူး။ လန်းတယ်။ နို့ပုံမှန်စို့တယ်။ အစာနဲ့ အရည်လည်း ပုံမှန်အတိုင်း ဝင်တယ်။ ဝမ်းသွားတဲ့အခါ သွေးမပါဘူး။ ဒါကြောင့် ကျမ ဆေးခန်းမသွားသေးဘဲ အိမ်မှာ ပြုစုနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုပါတယ်။

ကလေးဝမ်းသွားတဲ့ ပမာဏနဲ့ညီတဲ့ ဓာတ်ဆားဖျော်ရည်ကို ဝင်အောင်တိုက်ပါတယ်။ ဒါပေမယ့် ကလေးအများစု လိုပဲ ကျမကလေးကလည်း ဓာတ်ဆားရဲ့ အရသာကို မကြိုက်ဘူး။ နည်းနည်းပဲ ဝင်ဝင်ဆိုပြီး ကြိုးစားတိုက်ပါ တယ်။ မအေနို့ကို များများဝင်အောင်တိုက်တယ်။ ကြက်စွပ်ပြုတ်၊ လက်ဖက်ခြောက်နည်းနည်းလေးထည့်ထားတဲ့ ရေနွေးကြမ်း၊ ရေသန့်စတဲ့ အရည်တွေဝင်အောင်တိုက်တယ်။ အစာပျော့ပျော့လေးကျွေးတယ်။ အိမ်မှာ ကိုယ်တိုင် လုပ်ထားတဲ့ ဒိန်ချဉ်ကို မူလအရသာအတိုင်း ကျွေးပါတယ်။

Zinc အားဆေးအရည်ကို တိုက်ပါတယ်။ ကလေးဝမ်းသွားရင်ဖြစ်စေ၊ ဝမ်းချုပ်ရင်ဖြစ်စေ တိုက်လို့ရတဲ့ Kidlac လို့ခေါ်တဲ့ ဆေးမှုန့်လေးတစ်ထုပ်ကို မနက်တစ်ဝက်၊ ညတစ်ဝက် တိုက်ပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင် ရသေးတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဝမ်းပိတ်ဆေးမတိုက်ဘူး။ ပိုးသတ်ဆေးမတိုက်ပါဘူး။ အိမ်နီးချင်း အဒေါ်ကြီးတွေနဲ့ လူကြီးတွေပြောတဲ့ မိရိုးဖလာသုံးခဲ့တဲ့ ဆေးတွေ၊ နည်းလမ်းတွေကို ကျမ မသုံးပါဘူး။

ကလေးဟာ ပမာဏနည်းနည်းစီနဲ့ တစ်နေ့ကို ခြောက်ကြိမ်ကနေ၊ကိုးကြိမ်အထိသွားပါတယ်။ ငါးရက်မြောက်နေ့မှာ ဝမ်းသွားတဲ့ပမာဏက diaperမှာ ပေတယ်ဆိုရုံလောက်နည်းလာတယ်။ ကလေးဝမ်းသွားတာဟာ ချက်ချင်းကြီးတိကနဲမရပ်တတ်ဘဲ ထိုက်သင့်တဲ့ပြုစုစောင့်ရှောက်မှုတွေလုပ်ပြီး စောင့်ကြည့်သင့်တယ်လို့ ဆိုတာကြောင့် ကလေးရဲ့ အခြေအနေပေါ် မူတည်ပြီး စောင့်ကြည့်ပါတယ်။

ငါးရက်မြောက်နေ့မှာ ကလေးဟာ တစ်ရက်လုံးမှာ နှစ်ကြိမ်ကနေ၊ တစ်ကြိမ်ထိလျော့ကျ ဝမ်းသွားတော့တယ်။ ဝမ်းသွားရပ်လုနီးပါးဖြစ်လာတော့မှ ကျမစိတ်အေးလက်အေးဖြစ်ရတယ်။ ဒါပေမယ့်ထူးခြားတဲ့ အပြောင်းအလဲကတော့ ကလေးရဲ့ဝမ်းအရောင်က အစိမ်းရင့်ရောင်ဖြစ်လာတယ်။ အမြှုပ်ပါလာတယ်။ ကလေးက လန်းလန်းဆန်းဆန်းရှိပေမယ့် တစ်ခါတစ်ခါဗိုက်နာဟန်ပြတယ်။ ခြောက်ရက်မြောက်နေ့ ညနေပိုင်းမှာ ကလေးကကိုယ်နည်းနည်းနွေးလာပါတယ်။ ကလေးရဲ့ဝမ်းထဲမှာသွေးစအမျှင်လေးတွေကို ကျမမြင်လိုက်ရတယ်။ သွေးစမြင်ပြီဆိုတာနဲ့ ကျမ ဆေးခန်းကိုပြေးပါတယ်။

ကလေးဇောကြောင့်ရော၊ ဆရာဝန်နဲ့တွေ့တဲ့အခါမေ့သွားမှာစိုးတဲ့အတွက်ပါ ဆရာဝန်ကိုပြောချင်တာ၊ ဝမ်းသွားတဲ့ အကြိမ်၊ အပျော့အမာ၊ အရောင်၊ အားလုံးကို နေ့စဉ်ချရေးထားတဲ့စာရွက်လေးကိုပါ ယူသွားပါတယ်။ ပြီးခဲ့တဲ့ရက်တွေက အိမ်မှာတိုက်ခဲ့တဲ့ဆေးတွေနဲ့ ကျွေးခဲ့တဲ့အစာတွေအကြောင်းကို ဆရာဝန်ကို ရှင်းပြတယ်။

အချိန်ပေးနားထောင်ပြီးတဲ့အခါ ဆရာဝန်က ကလေးကို အာထရာဆောင်းရိုက်ခိုင်းပါတယ်။ အူစွပ်တဲ့ လက္ခဏာဖြစ်နေမှာစိုးတဲ့အတွက်လို့ ရှင်းပြပါတယ်။ ကလေးရဲ့ဝမ်းနမူနာကို ဓာတ်ခွဲခန်းမှာစစ်ဖို့ ညွှန်ကြားပါတယ်။ အူစွပ်တယ်ဆိုတဲ့စကားလုံးကြောင့် ကျမရဲ့စိုးရိမ်ပူပင်မှုကအမြင့်ဆုံးကို ရောက်သွားခဲ့ရပါတယ်။ အဲဒီနေ့က အာထရာဆောင်းရိုက်ထားတဲ့အဖြေကို လက်မှာကိုင်၊ ဝမ်းနမူနာကို ဓာတ်ခွဲခန်းမှာပေးထားပြီး အဖြေစောင့်ရတဲ့ညက ညတာရှည်လွန်းသလို ခံစားရပါတယ်။

နောက်ရက်မှာ အဖြေတွေပြန်ပြရတော့ ကလေးက အူစွပ်တာမဟုတ်ပါဘူး။ ဝမ်းအဖြေအရ ကလေးဗိုက်ထဲမှာ သန်ကောင်ဥတွေများနေတယ်လို့ သိရပါတယ်။ ဒါနဲ့ပဲ ဝမ်းသွားတာရပ်သွားတဲ့အခါ သန်ချဆေးတိုက်ဖို့ ဆရာဝန်ကညွှန်ကြားပါတယ်။ ပိုးသတ်ဆေးအပါအဝင် လိုအပ်တဲ့ဆေးအချို့ ပေးပါတယ်။

နောက်နေ့မှာ ကလေးကို ပိုးသတ်ဆေးတိုက်တော့ အတွေးမျိုးစုံ၊စိုးရိမ်စိတ်တွေနဲ့ ပြာယာခတ်နေတဲ့ကျမဟာ တစ်ကြိမ်တိုက်ပြီး နောက်တစ်ကြိမ်တိုက်ရမယ့် နာရီမပြည့်ခင် ထပ်တိုက်မိပါတော့တယ်။ အဲဒီအခါမှာ ကလေးကိုချီပြီး ကြောက်လန့်တကြားနဲ့ ဆေးရုံကို ပြေးခဲ့ကြရပါတော့တယ်။

အရေးပေါ်ဌာနက သူနာပြုတွေနားနေခန်းထဲကို ဝင်သွားပြီး “ဆရာမရေ… လုပ်ပါဦး၊ ကလေးကို ပိုးသတ်ဆေး နှစ်ကြိမ်မှားတိုက်မိလို့ပါ” ဆိုတော့ ဆရာမတွေဟာ မျက်လုံးပြူး၊မျက်ဆံပြူးဖြစ်ပြီး ကျမကို မေးခွန်းတွေပြိုင်တူ မေးလိုက်ကြတာကလည်း ငိုအားထက်၊ရယ်အားသန်စရာအမှတ်တရပဲ။ သူတို့စိတ်ထဲမှာကလေးက စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးမှားသောက်မိတယ်လို့ထင်သွားကြတာကိုး။ အမှားအလွဲတွေက ဒီတစ်ခုတည်းတင်လားဆိုတော့ မဟုတ်ပါဘူး။

နောက်ရက်မှာ ကလေး ဝမ်းသွားရပ်သွားတယ်။ နှစ်နှစ်အောက် ကလေးဖြစ်တဲ့အတွက် ဆရာဝန်က သန်ချဆေးကို ပထမတစ်ခြမ်းတိုက်ပြီး၊ နောက်ထပ်နှစ်ပတ်အကြာမှာ ကျန်တဲ့နောက်တစ်ခြမ်းကို ထပ်တိုက်ခိုင်းပါတယ်။ နှစ်ပတ်ခြားဖို့ပြောလိုက်ပေမယ့် ကလေးဇောနဲ့စိတ်အပူလွန်ပြီးအာရုံမစူးစိုက်နိုင်တဲ့ ကျမဟာ တစ်ပတ်ပဲခြားလို့ ကြားပြီး ကြားတဲ့အတိုင်း တိုက်မိပါတော့တယ်။

ဒုတိယမြောက် ဆေး တစ်ခြမ်းကို မနက်ခင်းပိုင်းမှာ တိုက်ပြီး၊ ညနေပိုင်းကျတော့ ကလေးက ဂျီကျနေရာကနေ တက်မတတ် ချက်မတတ်အော်ငိုပါတယ်။ စကားမပြောတတ်သေးတဲ့အရွယ်ဆိုတော့ ဗိုက်ကို လက်နဲ့ကိုင်ပြီး အော်ငိုတာဖြစ်လို့ ဗိုက်နာတာဟာသန်ချဆေးကြောင့်ပဲဆိုပြီး ကလေးအထူးကုဆီကို နောက်တစ်ကြိမ် ပြေးရပြန်ပါတယ်။ ဆေးခန်းရောက်တဲ့အချိန်မှာ ကလေးက လန်းလန်းဆန်းဆန်းနဲ့ပုံမှန်အတိုင်းဖြစ်နေပါပြီ။ ဗိုက်နာတဲ့ လက္ခဏာလည်း မပြတော့ဘူး။

ဆရာဝန်က ဆေးမှတ်တမ်းဟောင်းကိုပြန်ကြည့်ပြီး သန်ချဆေးကို နှစ်ပတ်ခြားတိုက်ခိုင်းတာဖြစ်တဲ့အကြောင်း ပြောပြတော့မှ ကျမရဲ့အကြီးအကျယ်မှားယွင်းမှုကို သိခွင့်ရပါတယ်။ ဆရာဝန်ကတော့ စိတ်ပူစရာမလိုတဲ့ အကြောင်းနဲ့ သန်ချဆေးတိုက်မိတဲ့ကိစ္စကို မေ့ပစ်လိုက်ဖို့အကြောင်း ပြောပြီးနှစ်သိမ့်ပါတယ်။

နောက်ရက်တွေမှာ ကလေးက ပုံမှန်အတိုင်းလန်းဆန်းပြီး ဝမ်းသွားတာရပ်သွားတော့မှ ကျမတို့စိတ်ဒုံးဒုံး ချရပါတော့တယ်။

ဒါက အသက် နှစ်နှစ်အောက်မှာ သန်ချဆေးသောက်ခဲ့ရတဲ့ ကျမတို့ ကလေးရဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။ ဝမ်းသွားတာဟာ အစားမှားလို့လည်းဖြစ်နိုင်တယ်၊ သန်ကောင်ကြောင့်လည်းဖြစ်နိုင်တယ်၊ အူစွပ်တဲ့ လက္ခဏာလည်းဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။

မိခင်တစ်ဦးဖြစ်လာတဲ့အခါ မွေးထားတဲ့ကလေးနဲ့ပတ်သက်ပြီး ဘယ်လိုအပြောင်းအလဲကိုပဲကြုံရကြုံရ စိတ်ပူပင်မှုတွေနဲ့ရင်ဆိုင်ကြရတာ သဘာဝပါပဲ။ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ စိုးရိမ်ပူပင်မှုတွေကတော့ အနည်းနဲ့အများရှိတတ်ကြပါတယ်။

ဒါပေမယ့် စိုးရိမ်ပူပင်မှုလွန်ကဲတာက ကိုယ့်ကလေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေနိုင်တယ် ဆိုတာကို ဒီအဖြစ်အပျက်ကကျမကို သင်ခန်းစာပေးခဲ့ပါတယ်။

ကလေးနဲ့ပတ်သက်လာရင် သားဦးမအေတယောက်အနေနဲ့ အလွန်အမင်းစိုးရိမ်မှုလွန်ကဲတာ၊ ခေါင်းအေးအေး မထားနိုင်ဘဲ ပြာပြာသလဲဖြစ်တာတွေဟာ ကလေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတယ် ဆိုတာကို အတွေ့အကြုံတွေကနေတဆင့် ကျမ သင်ယူခွင့်ရခဲ့ပါတယ်။ ပြင်လို့မရလောက်အောင် ဆိုးရွားလွန်းတဲ့ အမှားမျိုး မဖြစ်ခဲ့တာက ကံကောင်းတယ်လို့ပဲ ဆိုရမယ်။

အဲဒီလို သားဦးအမေတယောက်ဘဝမှာ မှားခဲ့၊ လွဲခဲ့တဲ့ အတွေ့အကြုံတွေက ဒုတိယကိုယ်ဝန်ဆောင်ကာလ မှာရော၊ မီးတွင်းထဲမှာပါ ကျမအတွက် အင်မတန် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေနဲ့ ရင့်ကျက်မှုတွေ ပေးစွမ်းခဲ့တဲ့ အတွက် အဆိုးထဲက အကောင်းဆုံးဆုလို့ သတ်မှတ်ရမှာပါ။

ဒီအကြောင်းအရာကို မျှဝေပါ