နွေရာသီနှင့် မိတ်ဖုပြဿနာ

Published On: March 27th, 2024|Views: 519|

နွေရောက်လာတာနဲ့ မေမေတို့ ကြုံရတဲ့ ကျန်းမာရေး ပြဿနာထဲမှာ မိတ်ဖုကလည်း တစ်ခုအပါအဝင်ပါပဲ။ အရည်ကြည်ဖုသေးသေးမိတ်ဖုဟာ ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း တွေ့ရတတ်တဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ အရည်ကြည်ဖုသေးသေးလေးတွေကနေ အဖုကြီးတွေအထိ ဖြစ်တတ်ပြီး ယားယံပြီး အလွန်နေရခက်တဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

ဘာလို့ဖြစ်တာလဲ

  • အရေပြားထဲ ချွေးတွေပိတ်မိနေတဲ့အခါ မိတ်ဖုလေးတွေဖြစ်လာတတ်ပါတယ်။
  • မွေးစကလေးတွေမှာ ခန္ဓာကိုယ်အပူ ထိန်းချုပ်နိုင်စွမ်းနည်းခြင်းနဲ့ ချွေးထွက်တဲ့ပြွန်ပေါက်လေးတွေ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် အဖြစ်များပါတယ်။
  • ကလေးနဲ့ လူကြီးတွေမှာတော့ ရာသီဥတုပူနွေးစိုစွတ်တဲ့အခါ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တဲ့အခါ၊ ကိုယ်ပူဖျားတဲ့အခါ၊ ချွေးမစုပ်တဲ့ အဝတ်အထည်တွေ ဝတ်ဆင်တဲ့အခါနဲ့ ချွေးမစုပ်နိုင်တဲ့ အိပ်ယာခင်းတွေနဲ့ ရေရှည် အိပ်တဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ ချွေးထွက်များပြီး ချွေးထွက်ပေါက်တွေ ပိတ်ဆို့သွားတဲ့အခါ မိတ်ဖုလေးတွေ ဖြစ်လာတတ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးဘာတွေရှိနိုင်လဲ

  • မိတ်ဖုတွေဟာ မကူးစက်တတ်သလို ပုံမှန်အားဖြင့် အလိုအလျောက် ပြန်ကောင်းတတ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ မိတ်ဖုကို ကုတ်ဖဲ့မိခြင်းကနေ အရေပြားကို ဘက်တီးရီးယားပိုးကူးစက်စေနိုင်ပါတယ်။

ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ

အရေးကြီးဆုံးအချက်ကတော့ ချွေးထွက်နည်းအောင် ဆောင်ရွက်ခြင်းနဲ့ အရေပြားကို ပိုးမဝင်အောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ အောက်ပါအချက်များကို မိမိကိုယ်တိုင်ပဲ အိမ်မှာလိုက်နာဆောင်ရွက်နိုင်ပါတယ်။

အရေပြားကို အေးအောင်ထားပါ

  • အေးမြတဲ့ချည်သားအဝတ်တွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။ အဝတ်ကို တင်းကျပ်နေအောင် မဝတ်ဘဲ ချောင်ချောင်ချိချိ ဝတ်ဆင်တာကလဲ အထောက်အကူဖြစ်စေနိုင်ပါတယ်။
  • ချွေးစုပ်နိုင်တဲ့ချည်သားအိပ်ရာခင်းကို အသုံးပြုပါ။
  • ရေကိုပုံမှန်ချိုးပေးပါ။
  • ရေများများသောက်ပေးပါ။
  • အိမ်ကို လေဝင်လေထွက်ကောင်းဖို့ စီမံပါ။

အယားသက်သာအောင်ပြုလုပ်ပါ

  • အယားသက်သာစေဖို့ မိနစ် ၂၀ ခန့် ရေခဲဝတ်ကပ်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။
  • ယားယံတဲ့အခါ ကုတ်ဖဲ့တာမျိုးမဟုတ်ဘဲ ပုတ်ပေးတာ၊ ပွတ်ပေးတာမျိုးလုပ်ပေးပါ။

ဆေးလိမ်းပါ

  • မိတ်ဖုသက်သာအောင် အိမ်မှာ ကာလာမင်းဆေးရည် (Calamine lotion) လိမ်းပေးနိုင်ပါတယ်။ အိမ်သုံးဆေးဝါးဖြစ်တဲ့အတွက် ကလေး၊ လူကြီးအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။

ဒါတွေမလုပ်ပါနဲ့

  • ပေါင်ဒါမှုန့်အသုံးပြုခြင်း၊ အဆီလိမ်းခြင်း၊ အနံ့ပါသောကိုယ်လိမ်းခရင်မ်များ အသုံးပြုခြင်း၊ အဆီအခြေခံ ကိုယ်လိမ်းခရင်မ်များအသုံးပြုခြင်း စတာတွေက ချွေးပေါက်တွေကို ပိုမိုပိတ်စေပြီး မိတ်ဖုကို ပိုဆိုးစေနိုင်တဲ့အတွက် မသုံးတာ အကောင်းဆုံးပါ။
  • အနံ့အလွန်ပြင်းတဲ့ ရေချိုးဆပ်ပြာတွေကိုလဲ အသုံးမပြုသင့်ပါဘူး။

ဘယ်အချိန်မှာကျန်းမာရေးဝန်ထမ်းနဲ့ပြသသင့်သလဲ

  • မိတ်ဖုဟာ သေချာ ဂရုစိုက်ပေးနိုင်တယ်ဆိုရင် ၂ ရက် ၃ ရက်ခန့်အတွင်း ပျောက်ကင်းလေ့ရှိပြီး တစ်ခါတစ်လေ တစ်ပတ်လောက်အထိ ကြာတတ်ပါတယ်။ အကယ်၍ ရက်ပိုင်းအတွင်း မပျောက်တဲ့အခါ၊ အရေပြားနီရဲယောင်ရမ်းလာတဲ့အခါ၊ မိတ်ဖုမဟုတ်ဘူးလို့ သံသယဝင်လာတဲ့အခါ ကျန်းမာရေးဝန်ထမ်းနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ