ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)
ကာလဝမ်းရောဂါဆိုတာ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်တဲ့ Vibrio Cholerae ရောဂါပိုးပါဝင်နေတဲ့ အစားအသောက်၊ ရေစတာတွေကို စားသောက်မိခြင်း ကနေတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကူးစက်နှုန်းအလွန်မြန်ပြီး မကုသဘဲထားမယ်ဆိုရင် နာရီပိုင်းအတွင်း အသက် ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ဆန်ဆေးရည်အရောင် ငါးညှီနံ့နံတဲ့ အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်းနဲ့ ရေဓါတ်ခမ်းခြောက်မှု ပြင်းထန်ခြင်းကို ပြသနေတဲ့ လက္ခဏာတွေဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စတာတွေ ဖြစ်ပွားနိုင်ပါတယ်။
ကုသခြင်း
ဆုံးရှုံးသွားတဲ့ ရေဓါတ်နဲ့ဆားဓါတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းဖို့က အရေးကြီးဆုံးနဲ့ အထိရောက်ဆုံး ကုသခြင်းဖြစ်ပြီး ရောဂါစပျိုးချိန်မှာ မိမိကိုယ်တိုင် ချက်ချင်းဆောင်ရွက်လို့ရတဲ့ အရာပဲဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ဆားရည်ကို ဝမ်းသွားရင်သွားသလောက် လုံလုံလောက်လောက် ချက်ချင်း သောက်ပေးရပါမယ်။
ဓါတ်ဆားရည်ကို ဖျော်စပ်တဲ့အခါ BPI, MPF ဓါတ်ဆားအငန်ဆိုရင် ရေကျက်အေး (သို့) ရေသန့် တစ်လီတာနဲ့ ဖျော်စပ်ပါ။ ကလေးဓါတ်ဆားအသေးထုတ်ဖြစ်မယ်ဆိုရင် ရေ ၂၀၀ ml (သို့) ရေတစ်ဖန်ခွက်နဲ့ ဖျော်စပ်ပါ။
ဓါတ်ဆားအလွယ်တကူမရနိုင်ခဲ့ရင် အိမ်မှာအိမ်သုံးဓါတ်ဆားရည် ပြုလုပ်ပြီး တိုက်ကျွေးပါ။ ပြုလုပ်ပုံကတော့ ရေကျက်အေး (သို့) ရေသန့်တစ်လီတာထဲကို သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး အားလုံးပျော်ဝင်တဲ့အထိ ဖျော်စပ်ရပါမယ်။
ကလေးအတွက်တိုက်ရမယ့်ဓါတ်ဆားပမာဏကို သိနိုင်ဖို့ ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း ခေါင်းစဉ်မှာ ဖတ်ရှုနိုင်ပါတယ်။
ရောဂါအခြေအနေပြင်းထန်မှုပေါ်လိုက်ပြီး ပိုးသတ်ဆေးပေးခြင်း၊ အကြောကနေတစ်ဆင့်ဆေးသွင်းခြင်း စတာတွေ လိုအပ်နိုင်တဲ့အတွက် ကာလဝမ်းလို့ သံသယရှိရင် ဓါတ်ဆားအလုံအလောက် ချက်ချင်းသောက်ထားပြီး နီးစပ်ရာ ကျန်းမာရေးဌာန/ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေနဲ့ ပြသတိုင်ပင်ပါ။
ဒါတွေခံစားနေရရင် ချက်ချင်းဆေးရုံသွားပါ။
- ကလေးတွေမှာ ရေဓါတ်ဆုံးရှုံးမှုကြောင့် အန္တရာယ် လက္ခဏာများတွေ့ရခြင်း။ (ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း မှာဖတ်ရှုနိုင်ပါတယ်)
- လူကြီးတွေမှာ ဂဏှာမငြိမ်ဖြစ်ခြင်း၊ အလွန်နှုံးခြင်း၊ မျက်တွင်းချိုင့်လာခြင်း၊ အာခြောက်ခြင်း၊ ရေအလွန်ဆာခြင်း၊ အရေပြားတင်းအားလျော့လာခြင်း၊ ဆီးလုံးဝမသွားခြင်း (သို့) ဆီးနည်းလာခြင်း၊ ရင်တုန်လာခြင်း၊ သတိလစ်ခြင်း။
ကာကွယ်ခြင်း
- ဟင်းသီးဟင်းရွက်တွေကို သေသေချာချာ ဆေးကြောပြီးမှ စားသုံးပါ။
- တတ်နိုင်ရင် အစိမ်းမစားပဲ ချက်ပြုတ်စားသောက်ပါ။ အသီးအနှံတွေကို သေချာ ဆေးကြောသန့်စင်ပြီး အခွံခွာပြီးမှ စားသုံးပါ။
- အစားအစာတွေကို ယင်လုံအောင်ဖုံးအုပ်ထားပါ။ ယင်နားစာ၊ အမှည့်လွန်အသီးစတာတွေကို မစားပါနဲ့။
- ရေကိုကျိုချက်သောက်ပါ၊ ကလိုရင်းခပ်ပြီးသောက်ပါ။ ရေသန့်ရနိုင်ရင် ရေသန့် သောက်နိုင်ပါတယ်။
- အစာမစားခင်၊ အစားအသောက်မပြင်ဆင်ခင် နဲ့ အိမ်သာတက်ပြီးတဲ့ အချိန်တိုင်း လက်ကို ဆပ်ပြာသုံးပြီး သေချာစွာဆေးကြောပါ။
- ယင်လုံအိမ်သာအသုံးပြုပါ။ မရနိုင်လျှင် မစင်ကိုကျင်းတူးပြီး စွန့်ပစ်ပါ။
- ကလေးငယ်တွေရဲ့မစင်တွေကို ယင်မနားနိုင်အောင် စနစ်တကျစွန့်ပစ်ပါ။
မှတ်ချက်
- ကာလဝမ်းရောဂါကာကွယ်ဆေးကို နိုင်ငံအချို့မှာ ရရှိနိုင်ပေမယ့် မြန်မာနိုင်ငံဈေးကွက်မှာတော့ မတွေ့ရသေးပါ။
- မည်သည့်ဝမ်းရောဂါမဆို ရေဓါတ်ခမ်းခြောက်မှုကြောင့် အသက်သေဆုံးနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတဲ့အခါတိုင်း ဓါတ်ဆားရည် လုံလုံလောက်လောက်သောက်ပါ။
References
https://www.mayoclinic.org/diseases-conditions/cholera/symptoms-causes/syc-20355287 https://www.cdc.gov/cholera/signs-symptoms/index.html