ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း

Published On: May 8th, 2024|Views: 201|

ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေးဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း စစ်ဘေးရှောင်ပြည်သူတွေ၊ မိခင်တွေနဲ့ သူတို့ရဲ့ရင်သွေးငယ်တွေအတွက် ကျန်းမာရေးပြဿနာဟာ  ကြီးမားတဲ့စိန်ခေါ်မှုတွေတစ်ရပ်ပါပဲ။ ကျန်းမာရေးစနစ် လက်လှမ်းမမှီတဲ့ နေရာမျိုးမှာ ရောက်ရှိနေတဲ့ မိခင်တွေအတွက် မိသားစုကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်နိုင်ဖို့ ကျန်းမာရေးအကြံပြုချက်လေးတွေ ဖတ်ရှု့ပေးပါဦး။

ခုတစ်ခေါက်မှာတော့ မုတ်သုံလေနဲ့အတူ မကြာခင်ဝင်ရောက်လာတော့မယ့် မိုးရာသီမှာ ပိုပြီးအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဝေမျှထားပါတယ်။

ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း

 

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ အသက် ၅ နှစ်အောက်ကလေးတွေ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အများအားဖြင့် ပြင်းထန်လေ့မရှိပေမယ့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးမှုတွေလည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။

တစ်နေ့အတွင်း အရည်ဝမ်း ၃ ကြိမ်နှင့်အထက် သွားနေတယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီလို့ သတ်မှတ်လို့ရပြီး ကလေးတွေမှာ ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့် အဖြစ်များလေ့ရှိပါတယ်။ ကလေးတွေဝမ်းလျှောတဲ့အခါ ရေဓါတ်နဲ့ဆားဓါတ် ဆုံးရှုံးသွားလေ့ရှိပြီး ကုန်ဆုံးသွားတဲ့ ရေဓါတ်နဲ့ ဆားဓါတ်ကို အချိန်မီ ပြန်မဖြည့်တင်းနိုင်ဘူးဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး ကလေးအသက်သေဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ကုသဖို့ကတော့ အလွန်လွယ်ကူပါတယ်။ ဓါတ်ဆားရည်ကို ကလေးအခြေအနေပေါ် မူတည်ပြီး တိုက်ကျွေးသွားဖို့ပါပဲ။ ဒါပေမယ့်လည်း ကလေးရဲ့ ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာကိုတော့ သေချာစောင့်ကြည့်ရပါမယ်။

ရေဓါတ်ခန်းခြောက်တဲ့လက္ခဏာတွေကို ကလေးတွေမှာ အီခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ရေအငမ်းမရသောက်ခြင်း စတာတွေနဲ့ သိနိုင်ပါတယ်။

ရေဓါတ်ခန်းခြောက်တဲ့လက္ခဏာတွေအပြင် မှိန်း၍နှိုးရခက်ခြင်း၊ သတိလစ်ခြင်း၊ အရည်ကောင်းစွာမသောက်နိုင်ခြင်း၊ မျက်တွင်းအလွန်ချိုင့်ဝင်ခြင်း စတဲ့လက္ခဏာတွေ တွေ့နေပြီဆိုရင်တော့ ကလေးအတွက် အသက်အန္တရာယ်ရှိနေပါပြီ။

ဓါတ်ဆားရည်ကို ဖျော်စပ်တဲ့အခါ BPI, MPF ဓါတ်ဆားအငန်ဆိုရင် ရေကျက်အေး (သို့) ရေသန့် တစ်လီတာနဲ့ ဖျော်စပ်ပါ။ ကလေးဓါတ်ဆားအသေးထုတ်ဖြစ်မယ်ဆိုရင် ရေ ၂၀၀ ml (သို့) ရေတစ်ဖန်ခွက်နဲ့ ဖျော်စပ်ပါ။

ဓါတ်ဆားအလွယ်တကူမရနိုင်ခဲ့ရင် အိမ်မှာအိမ်သုံးဓါတ်ဆားရည်ပြုလုပ်ပြီး တိုက်ကျွေးပါ။ ပြုလုပ်ပုံကတော့  ရေကျက်အေး (သို့) ရေသန့်တစ်လီတာထဲကို သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး အားလုံးပျော်ဝင်တဲ့အထိ ဖျော်စပ်ရပါမယ်။

ဓါတ်ဆားရည်ကို တိုက်ကျွေးတဲ့အခါ တစ်ရက်အတွင်း အသက် ၂ နှစ်အောက်ကလေးဆိုရင် ရေသန့်ဘူး တစ်လီတာဘူး တစ်ဝက်ခန့် (၅၀၀ ml)၊ ၂နှစ်မှ၁၀နှစ်အတွင်းဆိုရင် ရေသန့်ဘူး တစ်ဘူးခန့်(၁၀၀၀ml) ၊ အသက် ၁၀နှစ်အထက်ကလေးဆိုရင် ရေသန့်ဘူး ၂ဘူးခန့် (၂၀၀၀ ml) ဝင်အောင် တိုက်ကျွေးပေးရပါမယ်။ ဒါ့အပြင် ဝမ်းသွားပြီးတဲ့အခါတိုင်းလဲ ဝမ်းသွားတဲ့ ပမာဏအတိုင်း ဓါတ်ဆားရည် ဝင်သလောက် သောက်ခိုင်းရပါမယ်။ ကလေးအရမ်းငယ်လွန်းရင် ဇွန်းနဲ့ တိုက်ပေးနိုင်ပြီး ကလေးကြီးတွေကိုတော့ ခွက်နဲ့ ဘူးနဲ့ တိုက်ကျွေးပေးပါ။ ကလေးအန်နေတယ်ဆိုရင် အန်ပြီးနောက် ၁၀ မိနစ်လောက် စောင့်ပြီးမှ တိုက်ပေးပါ။

ဓါတ်ဆားရည်အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုမပြင်းထန်လာစေဖို့ Zinc (ဇင့်ဆေးပြား) ကိုပါ တိုက်ကျွေးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုထားပါတယ်။ ဇင့်ဆေးပြားလေးတွေဟာ တစ်လုံးမှာ ၂၀ mg ပါဝင်ပြီး ဈေးကွက်မှာ အလွယ်တကူဝယ်လို့ ရနိုင်ပါတယ်။ အသက် ၆ လအောက် ကလေးတွေကို တစ်နေ့ ၁၀ mg (တစ်ခြမ်း) နှုန်းနဲ့ ၁၀ ရက်တိုက်ကျွေးနိုင်ပြီး အသက် ၆လကစပြီး တစ်နေ့ တစ်လုံး (၂၀ mg) နှုန်းနဲ့ ၁၀ ရက်တိုက်ကျွေးပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်ဖို့ မေမေတို့အနေနဲ့ လက်သန့်၊ အစာသန့်၊ ရေသန့်၊ အိမ်သာသန့် စတဲ့ သန့် ၄ သန့်ကို ဂရုစိုက်လုပ်ဆောင်ရပါမယ်။ ကာကွယ်ဆေးလက်လှမ်းမှီမယ်ဆိုရင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကလေးအသက် ၂ လ နဲ့ ၄ လမှာ တစ်ကြိမ်စီ တိုက်ကျွေးပေးနိုင်ပါတယ်။

မှတ်ထားဖို့က –

မေမေတို့အနေနဲ့ ကိုယ့်ကလေးကို ရေဓါတ်ဆုံးရှုံးမှုကို အချိန်မှီပြန်ဖြည့်ပေးရပါမယ်။

ဝမ်းလျှောနေတဲ့ကလေးဟာ အာဟာရချို့တဲ့ဖို့ လွယ်ကူတာကြောင့် အစားအသောက်တွေကို ပုံမှန်အတိုင်း ကျွေးပေးနိုင်ပါတယ်။ နို့တိုက်ကျွေးနေရင်လဲ ပုံမှန်အတိုင်း ဆက်လက်တိုက်ကျွေးပေးပါ။

ကလေးမှာ အန္တရာယ်ရှိလက္ခဏာတွေ့နေရတယ်ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ နေရာကို သွားရပါမယ်။

ဓါတ်ဆားထုပ်သက်တမ်းကိုလည်း သေချာစစ်ဆေးပါ။

ဖျော်စပ်ပြီးသားဓါတ်ဆားရည်ကို ၂၄ နာရီအတွင်းသာ သောက်သုံးနိုင်ပါတယ်။ ၂၄ နာရီကျော်ရင်တော့ အသစ်ပြန်ဖျော်ရမှာပါ။

 

References

https://emedicine.medscape.com/article/964131-overview?form=fpf

Rota virus vaccine in Myanmar

Homemade ORS

https://www.who.int/tools/elena/interventions/zinc-diarrhoea

 

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ