မွေးကင်းစကလေး အသားဝါခြင်း

Published On: August 14th, 2024|Views: 315|

မွေးကင်းစကလေးအသားဝါခြင်းကို မွေးကင်းစကလေးငယ် အတော်များများ ကြုံတွေ့ရလေ့ရှိပြီး နေ့စေ့လစေ့မွေးတဲ့ကလေး ၁၀ယောက်မှာ ၆ ယောက်ခန့်နဲ့ လမစေ့ဘဲမွေးတဲ့ကလေး ၁၀ ယောက်မှာ ၈ ယောက်ခန့် ကြုံတွေ့ရနိုင်ပါတယ်။ မွေးကင်းစကလေးငယ်ရဲ့သွေးထဲမှာ ဘီလီရူဘင် (bilirubin) လို့ခေါ်တဲ့ အသားဝါစေနိုင်တဲ့ဓါတ် (အဝါဓါတ်) တစ်မျိုးများလာတာကြောင့် အသားဝါလာရခြင်းဖြစ်ပါတယ်။ များသောအားဖြင့် ရောဂါကြောင့်မဟုတ်ဘဲ ဇီဝဖြစ်စဉ်ကြောင့်အသားဝါတတ်ပြီး မိခင်နဲ့ကလေးသွေးအမျိုးအစား မတူတာကြောင့်လဲ ဖြစ်တတ်သလို တစ်ခါတစ်ရံမှာတော့ အခြားသောအကြောင်းအရာများကြောင့် ဝါတတ်ပါတယ်။ မွေးကင်းစကလေး အသားဝါခြင်း ရှိ/မရှိကို အရေပြား၊ မျက်သား၊ လက်ဖဝါး၊ ခြေဖဝါး စတဲ့နေရာတွေမှာ သတိထားကြည့်ရှုနိုင်ပါတယ်။

 

ဇီဝဖြစ်စဉ်ကြောင့်အသားဝါခြင်း (Physiological Jaundice)

၇၅ ရာခိုင်နှုန်းသော မွေးကင်းစကလေးအသားဝါခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အရဖြစ်ပြီးရောဂါမဟုတ်ပါဘူး။ မွေးပြီး ၃ ရက်လောက်မှာ ကလေးငယ်ဟာ အသားတွေစဝါတတ်ပြီး ၅ ရက်လောက်မှာ အဝါဆုံးဖြစ်တတ်ပါတယ်။ ၁ပတ်လောက်ကြာတဲ့အခါမှာတော့ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ အသားဝါခြင်းက ဦးခေါင်းပိုင်းကနေစပြီး ခန္ဓာကိုယ်၊ လက်၊ ခြေထောက်ဖက်တွေကို တစ်ဖြည်းဖြည်းချင်း ဝါသွားပါတယ်။ ကလေးငယ်ရဲ့ သွေးနီဥတွေက ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် ပေါက်ကွဲလွယ်ပါတယ်။ သွေးနီဥတွေ ပေါက်ကွဲတဲ့အခါသွေးနီဥမှာသယ်ဆောင်ထားတဲ့ bilirubin လို့ခေါ်တဲ့ အသားဝါစေတဲ့ဓါတ်က သွေးထဲကို ထွက်လာပြီး သွေးထဲမှာ အဝါဓါတ်များလာတဲ့အပြင် ကလေးငယ်ရဲ့အသည်းကလဲ အဝါဓါတ်တွေကို သေချာချေဖျက်နိုင်ဖို့ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် ကလေးရဲ့အသားက ဝါလာရခြင်းဖြစ်ပါတယ်။

ကလေးအတွက် ပုံမှန်အားဖြင့် အန္တရာယ်မရှိပါဘူး။ ၂ပတ်လောက်ကြာတဲ့အခါ မဖွံ့သေးတဲ့သွေးနီဥနေရာမှာ ဖွံ့ဖြိုးတဲ့ သွေးနီဥတွေ အစားထိုးသွားပြီး အသည်းလည်းကောင်းစွာ ဖွံ့ဖြိုးသွားတဲ့အတွက် သက်သာသွားလေ့ရှိပါတယ်။

မိခင်နဲ့ကလေးသွေးအမျိုးအစားမတူခြင်း (ABO and Rh incompactibility)

မိခင်နဲ့ကလေးသွေးအမျိုးအစားမတူတဲ့အပိုင်းမှာ ၂ မျိုးဖြစ်နိုင်ပါတယ်။ “အေ၊ဘီ၊အို” (ABO) သွေးအုပ်စု မတူတာနဲ့ အာအိတ်(ချ်) (Rh) သွေးအမျိုးအစား မတူတာပါ။

“အေ၊ဘီ၊အို” သွေးအုပ်စုမတူခြင်း

မိခင်နဲ့ မွေးလာတဲ့ကလေးက သွေးအုပ်စု မတူဘဲ ကွဲပြားနေတဲ့အခါ ကလေးအသားဝါတတ်ပါတယ်။

ဥပမာအားဖြင့် အမေရဲ့သွေးအုပ်စုက “အို” ဖြစ်ပြီး အဖေရဲ့သွေးအုပ်စုက “အေ”ဖြစ်နေတဲ့အခါ ကလေးရဲ့သွေးအုပ်စုက “အို”လဲဖြစ်နိုင်သလို “အေ”လဲဖြစ်နိုင်ပါတယ်။

မွေးလာတဲ့ကလေးရဲ့သွေးအုပ်စုက အမေလိုပဲ “အို”ဖြစ်နေရင်တော့ ပြဿနာမရှိနိုင်ပေမယ့် အမေနဲ့မတူဘဲ “အေ”ဖြစ်လာရင်တော့ အမေရဲ့သွေးက ကလေးရဲ့သွေးကို မသိတဲ့အတွက် ပဋိပစ္စည်း (Antibodies) ထုတ်လုပ်ပြီး တိုက်ခိုက်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကလေးရဲ့သွေးနီဥတွေ ပျက်စီးပြီး သွေးနီဥထဲကအဝါဓါတ်တွေထွက်လာပြီး အသားဝါလာရပါတယ်။

Rh အမျိုးအစားမတူခြင်း

လူတိုင်းရဲ့သွေးအမျိုးအစားကို “အေ၊ဘီ၊အို”အပြင် Rh အပေါင်း (သို့) အနှုတ်နဲ့ ခွဲခြားထားပါတယ်။

ဥပမာအားဖြင့် “အေ Rh (+)” “အေ Rh (-)” စသဖြင့် ခွဲခြားထားပါတယ်။ အမေက Rh (+) သွေးဆိုရင် ကလေးအတွက် ပြဿနာ မရှိပေမယ့် Rh (-) သွေး ပိုင်ဆိုင်ထားတဲ့ အမေတွေကတော့ မွေးလာတဲ့ ကလေးမှာ Rh (+) ဖြစ်လာခဲ့ရင် သွေးအမျိုးအစား မတူတဲ့အတွက် ပဋိပစ္စည်း (Antibodies) ထုတ်လုပ်ပြီး တိုက်ခိုက်ခြင်းကြောင့် သွေးနီဥတွေပျက်စီးပြီး အသားဝါလာပါတယ်။ ဒါ့အပြင် ယခင်ကအကြောင်းအမျိုးမျိုးကြောင့် သွေးသွင်းထားခြင်း၊ ကလေးပျက်ကျဖူးခြင်းနဲ့ကလေးမွေးဖူးခြင်းရှိပြီးတဲ့နောက် မွေးတဲ့ကလေးဆိုရင် ပိုအန္တရာယ်များနိုင်ပါတယ်။ Rh မတူညီတာက သွေးနီဥတွေကို အလွန်လျှင်မြန်တဲ့နှုန်းနဲ့ ပျက်စီးစေနိုင်တဲ့အတွက် ကလေးငယ်ကို အလွန်သွေးအားနည်းခြင်း၊ ဦးနှောက်ထဲအဝါဓါတ်ဝင်ခြင်းစတဲ့ပြင်းထန်တဲ့အခြေအနေအထိဖြစ်စေနိုင်တဲ့အတွက် Rh (-) သွေးပိုင်ဆိုင်ထားတဲ့ မိခင်တွေအနေနဲ့ anti-D immunoglobulin ဆိုတဲ့ ပဋိပစ္စည်းတစ်မျိုးကို ကိုယ်ဝန် ၂၈ ပတ်မှာတစ်ကြိမ်နဲ့ ကလေးမွေးမွေးပြီးချင်းတစ်ကြိမ် ထိုးပေးသင့်ပါတယ်။

အခြားအကြောင်းအရာများ

မွေးရာပါ G6PD အင်ဇိုင်းချို့တဲ့ခြင်း၊ မွေးစကလေးတွင်ထိခိုက်ဒဏ်ရာရခြင်း၊ရောဂါပိုးကူးစက်ဝင်ရောက်ခြင်း၊ မိခင်နို့ကြောင့်ဝါခြင်း၊ အခြားသောမွေးရာပါရောဂါများ ပါလာခြင်း စတာတွေကြောင့်လည်း ကလေးအသားဝါနိုင်ပါတယ်။

ကုသခြင်း

ဇီဝဖြစ်စဉ်အရအသားဝါခြင်းဟာ အလိုလိုသက်သာသွားလေ့ရှိပြီး တစ်ခါတစ်လေအဝါဓါတ်အရမ်းများလာတဲ့အခါ မီးပြကုသရတာမျိုး လိုအပ်နိုင်ပါတယ်။

မိခင်နဲ့ကလေးသွေးအမျိုးအစား မတူတာအတွက်ကတော့ မီးပြကုသခြင်း (သို့) သွေးလဲလှယ်ကုသခြင်း (သို့) ၂ မျိုးလုံး လိုအပ်နိုင်ပါတယ်။ အခြားအကြောင်းအရာတွေကြောင့် ကလေးအသားဝါတယ်ဆိုရင်တော့ သက်ဆိုင်ရာအကြောင်းအရာအလိုက် ကုသမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။

မှတ်သားရန်

  • ဇီဝဖြစ်စဉ်အရ အသားဝါခြင်းဟာ ပုံမှန်အားဖြင့် မွေးပြီး၃ရက်လောက်မှာ စတင်ပြီး ၂ ပတ်လောက်မှာ သက်သာပါတယ်။ ၃ ရက်ထက်စောပြီးအသားဝါလာတာ၊ ကလေးအသားဝါတာက၂ ပတ်ကျော်တဲ့အထိ မသက်သာတာမျိုးရှိရင်တော့အခြားအကြောင်းအရာတွေကြောင့် ဖြစ်နိုင်တဲ့အတွက် လုံးဝ မပေါ့ဆသင့်ပါဘူး။
  • ကလေးအသားဝါခြင်းက သာမန်အဆင့်ကနေ ပြင်းထန်အဆင့်ထိ ဖြစ်နိုင်ပါတယ်။သေချာဂရုစိုက် မကုသပဲထားရင် အဝါဓါတ်အရမ်းများသွားတဲ့အခါ အဝါဓါတ်တွေကလေးရဲ့ဦးနှောက်ထဲရောက်သွားပြီး ကလေးဥာဏ်ရည်မမီတာမျိုး၊ ခြေလက်တွေတစ်သက်လုံး မလှုပ်ရှားနိုင်တာမျိုး ဖြစ်တတ်တဲ့အတွက် အသားဝါရင် လုံးဝမပေါ့ဆသင့်ပါဘူး။
  • ကလေးကို မီးပြ၍ကုသခြင်းဟာ ကလေးကို မီးနဲ့ကင်တာ/ဓါတ်နဲ့ကင်တာ မဟုတ်ပါဘူး။ အဝါဓါတ်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်ဖို့ ဖြိုခွဲပေးနိုင်တဲ့ အလင်းပမာဏကို ချိန်ညှိထားတဲ့ မီးချောင်းရဲ့ အလင်းရောင်အောက်မှာ ကလေးကိုထားပေးခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိပါဘူး။
  • ရောဂါပိုးတွေဝင်ရောက်ရင်လည်း ကလေးအသားဝါနိုင်တဲ့အတွက် မိခင်နဲ့ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်သင့်ပြီး ကလေးချက်ကြိုးကိုလည်းသေချာဂရုစိုက်သင့်ပါတယ်။

References

Neonatal Jaundice; NIH; National Library of Medicine; National Center of Biotechnology

Information

Newborn Jaundice; NHS.UK

Hemolytic Disease of the Newborn; NIH

Miall L, Rudolf M, Smith D. Paediatrics at a Glance: John Wiley & Sons; 2016

 

ဒီအကြောင်းအရာကို မျှဝေပါ