မျောက်ကျောက်ရောဂါ

Published On: August 22nd, 2024|Views: 113|

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မျောက်ကျောက်ရောဂါကို နိုင်ငံတစ်ကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ထုတ်ပြန်ထားပါတယ်။ မျောက်ကျောက်ရောဂါဆိုတာ နာမည်အတိုင်းပဲ ၁၉၅၈ ခုနှစ်မှာ မျောက်မှာ စတွေ့ခဲ့တဲ့ ရောဂါဖြစ်ပြီး ရေကျောက်၊ ကျောက်ရောဂါစတဲ့ ကျောက် အနွယ်ဝင်ဖြစ်ပါတယ်။ လူမှာတော့ ကွန်ဂိုနိုင်ငံမှာ ၁၉၇၀ မှာ စတွေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး ကမ္ဘာ့နေရာအတော်များများမှာ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်၊ နိုင်ငံအချို့မှာ အစုလိုက်အပြုံလိုက် ကူးစက်တာမျိုးကိုလည်းတွေ့ရပါတယ်။ မျောက်ကျောက်ရောဂါဟာ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရပါတယ်။ Clade I နဲ့ clade II ဆိုပြီး အမျိုးအစား ၂ မျိုးရှိပြီး  Clade I အမျိုးအစားကတော့ ပိုမိုပြင်းထန်ပါတယ်။

 

ဘယ်လိုကူးစက်ပျံ့နှံ့သလဲ။

ဒီရောဂါဟာ ရောဂါပိုးကို တိုက်ရိုက်ထိတွေ့မိခြင်းအားဖြင့် ကူးစက်နိုင်ပါတယ်။ အရေပြားဒဏ်ရာကနေတစ်ဆင့်၊ နှာခေါင်း၊ ပါးစပ်၊ လေပြွန်၊ မျက်လုံး၊ လိင်အင်္ဂါ နဲ့ စအို စတာတွေကနေတစ်ဆင့် ရောဂါပိုးက ဝင်ရောက်နိုင်ပါတယ်။ အဲ့တာကြောင့် မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ၊ အရေပြားခြင်းထိတွေ့မိတဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ (လိင်အင်္ဂါ၊ စအို)၊ နှုတ်ခမ်းချင်းထိတွေ့နမ်းတဲ့အခါ၊ မျက်နှာနဲ့အခြားနေရာတွေကို နမ်းတဲ့အခါ၊ အသက်ရှူလမ်းကြောင်းကထွက်တဲ့အမှုန်အမွှားတွေကို ထိတွေ့တဲ့အခါ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ အသုံးအဆောင်၊ ပစ္စည်းကိရိယာတွေကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်မိရင်လည်း ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါပိုးကူးစက်ခံရပြီဆိုရင်တော့ ၁ရက်ကနေ ၂၁ ရက်အတွင်း ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ပုံမှန်ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့ အရေပြားအရေကြည်ဖုထခြင်း၊ နီခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ခါးနာခြင်း၊ အားနည်းသလိုခံစားရခြင်း နဲ့ ပြန်ရည်ကြိတ်တွေရောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ကျောက်ရောဂါတစ်မျိုးဖြစ်တဲ့အတွက် အရေပြားမှာ နီရဲတာကစပြီး အရည်ကြည်ဖုလေးတွေထကာ ယားလာနိုင်/နာလာနိုင်ပါတယ်။ အရည်ကြည်ဖုသက်သာတဲ့အခါ အနာဖေးတက်လာပြီး အလိုအလျောက် ကွာကျသွားပါတယ်။ အရည်ကြည်ဖုတွေဟာ လက်ဖဝါး၊ ခြေဖဝါးတွေမှာတင်မကဘဲ မျက်နှာ၊ ပါးစပ်၊ လည်ချောင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါနဲ့ စအိုစတဲ့ ခန္ဓာကိုယ်အနှံ့ပေါက်နိုင်တဲ့အတွက် အစာမျိုရင်နာတာ၊ ဆီးသွားရင်နာတာ၊ ဝမ်းသွားရင်နာတာတွေ ခံစားရနိုင်ပါတယ်။

ရောဂါလက္ခဏာတွေက အခြားကျောက်ရောဂါတွေနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့အတွက် အရေပြား၊ အရည်ကြည်ဖုစတဲ့ နေရာတွေကနေ ဓါတ်ခွဲနမူနာယူပြီး ဓါတ်ခွဲစစ်ဆေးတာကတော့ အသေချာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ။

ကိုယ်ခံအားနည်းသူ၊ အသက်တစ်နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်စတဲ့ သူတွေမှာတော့ ရောဂါဟာ ပြင်းထန်နိုင်ပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရေပြားအနာရင်းခြင်း၊ အဆုတ်ရောင်ခြင်း၊ မျက်ကြည်လွှာပိုးဝင်ပြီး မျက်စိကွယ်ခြင်း၊ အန်ခြင်း/ဝမ်းအလွန်အမင်းသွားခြင်းကြောင့် ရေဓါတ်ဆုံးရှုူံးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်း၊ အစာဟောင်းအိမ်ရောင်ခြင်း၊ လိင်အင်္ဂါ/ဆီးထွက်ပေါက်ရောင်ခြင်း စတာတွေက နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီး စနစ်တကျမကုသရင် အသက်သေဆုံးနိုင်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ။

ရောဂါကူးစက်ခံရသူအများအားဖြင့်တော့ ၂ ပတ်ကနေ ၄ ပတ်အတွင်း အလိုအလျောက်ပြန်ကောင်းနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ရေရာတဲ့ကုသမှုတော့ မရှိသေးပါဘူး။ ရေကျောက်ရောဂါအတွက်သုံးတဲ့  ဆေးဝါးတစ်ချို့ ကိုတော့ အသုံးပြုနိုင်တယ်လို့ တွေ့ရပေမယ့် သုတေသနတွေတော့ ထပ်မံလုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ အဓိကကုသမှုကတော့ အရေပြားအနာတွေကို သက်သာစေဖို့နဲ့ နာကျင်မှုတွေသက်သာဖို့ ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးခံစားရမှုကို နည်းနိုင်သမျှနည်းစေဖို့ ရည်ရွယ်ပါတယ်။ မိမိကိုယ်တိုင် လုပ်ဆောင်နိုင်တာကတော့ ဆားငန်ရေနဲ့ပလုပ်ကျင်းတာ၊ အနာကို ခြောက်သွေ့ သန့်ရှင်းအောင်ထားတာ စတာတွေလုပ်ဆောင်နိုင်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။

ကာကွယ်ဆေး – မျောက်ကျောက်ရောဂါအတွက်ကာကွယ်ဆေးရှိပါတယ်။ လူတိုင်းတော့ ထိုးဖို့ မလိုအပ်ပေမယ့် ကူးစက်ခံရနိုင်ခြေများတဲ့ သူတွေတော့ ထိုးဖို့လိုအပ်ပါတယ်။ အကယ်၍ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိရင်တော့ ၄ ရက်ကနေ ၁၄ ရက်အတွင်း ထိုးရမှာပဲဖြစ်ပါတယ်။

မိမိကိုယ်တိုင်နဲ့ အခြားသူတွေကို ကူးစက်ပျံ့နှံ့စေခြင်းမှ ကာကွယ်နိုင်ဖို့ မိမိမှာ ရောဂါကူးစက်ခံနေရတယ်လို့ သံသယရှိနေရင်

  • အိမ်မှာနေပါ
  • လက်ကိုဆပ်ပြာနဲ့ရေအသုံးပြုပြီး မကြာခဏဆေးပါ
  • မက်စ်တပ်ပါ
  • အရာဝတ္ထုတွေကို လိုအပ်သလောက်ပဲထိတွေ့ကိုင်တွယ်အသုံးပြုပါ
  • အနာကိုလုံးဝမဖောက်ပါနဲ့
  • အနာရှိနေသရွေ့အမွှေးရိတ်တာတွေ မလုပ်ပါနဲ့

 

References

https://www.who.int/news-room/fact-sheets/detail/monkeypox

https://www.who.int/news/item/14-08-2024-who-director-general-declares-mpox-outbreak-a-public-health-emergency-of-international-concern

https://www.cdc.gov/poxvirus/mpox/symptoms/index.html

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ