မိမိလက်လှမ်းမီသော ဒေသအစားအသောက်များဖြင့် အာဟာရပြည့်ဝအောင်စီမံခြင်း

Published On: August 28th, 2024|Views: 159|
  • By Wor Mithi

မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက မှားယွင်းနေတဲ့ အယူအဆတွေ အလွန်များပါတယ်။ အဲ့ဒီအထဲမှာ ကလေးကို ထမင်းဝအောင် ကျွေးရင်ရပြီဆိုတဲ့ အတွေးမျိုးနဲ့ အသားစားရင်သန်ထတယ်ဆိုတဲ့ အယူအဆတွေ အပါအဝင်ပါပဲ။ ဒါကြောင့် ကလေးကို ထမင်းဆီဆမ်းပဲကျွေးတာ၊ ထမင်းကို အာလူးတစ်မျိုးတည်းနဲ့ နယ်ကျွေးတာ စတာတွေကို တွင်တွင်ကျယ်ကျယ် လက်ဆင့်ကမ်းခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ ကလေးမှာ အသားဓါတ်ချို့တဲ့ပြီး ပိန်လှီတာ/ဖောရောင်တာ၊ သန်ဓါတ်ချို့တဲ့တာ၊ ခြေထောက်ခွင်တာ၊ ကြက်မျက်သင့်ရောဂါတွေအပြင် ရောဂါကာကွယ်နိုင်စွမ်း နည်းပါးပြီး မကြာခဏဖျားနာတာတွေ ဖြစ်လာပါတယ်။ တချို့ကလေးတွေမှာတော့ လတ်တလော အာဟာရချို့တဲ့မှု လက္ခဏာတွေကို မတွေ့ရဘဲ နာတာရှည် အာဟာရချို့တဲ့မှုလက္ခဏာဖြစ်တဲ့ ပုညှက်တာကို တွေ့ရပါတယ်။ လက်ရှိလူကြီးတော်တော်များများဟာလည်း ရှိသင့်တဲ့ အရပ်အမောင်း မရှိဘဲ ပုညှက်တာဟာ ငယ်ငယ်ကတည်းက အာဟာရချို့တဲ့မှုကို အနည်းနဲ့အများ ခံစားခဲ့ရတာကို ပြသနေပါတယ်။

အာဟာရပြဿနာဟာ မြန်မာနိုင်ငံမှာ ယခင်ကတည်းက ခံစားနေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ပြီး အစစအရာရာ ရှားပါးနေတဲ့ အခုကာလလိုမျိုးမှာ အိမ်ထောင်တစ်ခုရဲ့ ကျန်းမာရေး နဲ့ အာဟာရပြည့်မီရေးတွေကို ကိုင်တွယ်စီမံနေရတဲ့ ကိုယ့်အိမ်သားတွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြမှာပါ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အစားအသောက်တွေကို အသုံးပြုပြီး တန်ဖိုးနည်း အာဟာရပြည့် ထမင်းဝိုင်းတစ်ခု စီမံနိုင်ဖို့ အာဟာရတန်ဖိုးတွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။

 

အခြေခံအာဟာရ

အခြေခံအာဟာရအုပ်စုတွေကို အကြမ်းအားဖြင့် အင်အားဖြစ်စေသောအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုနဲ့ ရောဂါကာကွယ်စေသောအုပ်စု ဆိုပြီး (၃) မျိုးမှတ်သားထားနိုင်ပါတယ်။

အစာအုပ်စုများ အလွယ်တကူမှတ်သားရန် အစားအသောက်များ
အင်အားဖြစ်စေသောအုပ်စု အကြမ်းအားဖြင့် ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ စေးကပ်ကပ်ဖြစ်သော အစားအသောက်များ။ ဥပမာ- ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပီလောပီနံ နဲ့ ၎င်းတို့ကို အခြေခံထုတ်လုပ်ထားတဲ့ အစားအသောက်များ (ပေါင်မုန့်၊ ခေါက်ဆွဲစသည်)။
ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စု ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားအခြေခံ၊ ပဲအခြေခံ၊ နို့အခြေခံ၊ တိရိစ္ဆာန်ဥအခြေခံ အစားအသောက်များ။ ဥပမာ- အသား၊ ငါး အမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုး၊ သွေးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့အမျိုးမျိုး နှင့် ၎င်းတို့ကို အခြေခံပြုလုပ်ထားသော အစားအသောက်များ။
ရောဂါကာကွယ်စေသောအုပ်စု ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ။ ဥပမာ- အရွက်အမျိုးအမျိုး၊ အသီး အမျိုးမျိုး။

 

အခြေခံအာဟာရပါဝင်အောင်စီမံခြင်း

တစ်နေ့တာအတွက် ချက်ပြုတ်တော့မယ်ဆိုရင် ထမင်းက အဓိက အစားအသောက်ဖြစ်ပြီး ကျန်တာတွေကို ဟင်းအနေနဲ့ ပြင်ဆင်တတ်ကြပါတယ်။ မေမေတို့အနေနဲ့ ဟင်းချက်တဲ့အခါ အသားဓါတ်ပါအောင် အသား၊ သွေး၊ ကြက်ဥ၊ ဘဲဥ၊ (သို့) ပဲအမျိုးမျိုးကို ပါဝင်အောင် ချက်ပြုတ်ပါ။ ဟင်းသီးဟင်းရွက် ပါအောင်ချက်ပြုတ်ပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ဆန်၊ ပြောင်း၊ ပိန်းဥ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုးကို နေရာအတော်များများမှာ အလွယ်တကူရနိုင်ပါတယ်။ အဲ့တာကြောင့် အသားမရနိုင်ရင်တောင် ပဲအမျိုးမျိုးကို အစားအသောက် ချက်ပြုတ်တိုင်း ပါဝင်အောင် ချက်ပြုတ်စားသောက်ပါ။

ဥပမာ – ထမင်း+ပဲဟင်း+ကန်စွန်းရွက်ကြော်၊ ထမင်း+ကြက်သားအာလူး+မုန်ညင်းချဉ်ရည်၊ ထမင်း+ပဲပြုတ်+ ချဉ်ပေါင်ဟင်း၊ ထမင်း+ ကြက်ဥ+ဘူးသီးဟင်းချို၊ ထမင်း+ကြက်သွေးခဲချက်+ဖရုံသီးချက် စသဖြင့်။

ကလေးအတွက်တစ်ခါပြင်ပမာဏ

အသီးအနှံ/ဟင်းသီးဟင်းရွက်များများစားပြီး အသားနဲ့ ထမင်းက ဆတူစားပေးရပါမယ်။ ပန်းကန်တစ်ဝက်တွင် ဟင်းသီးဟင်းရွက်/အသီးအနှံ နှင့် ကျန်တစ်ဝက်တွင် အသားတစ်ဝက်ထမင်း/ ပြောင်းဖူး/အာလူး/ပိန်းဥ/ပီလောပီနံဥ/ကန်စွန်းဥ တစ်ဝက် ထည့်ကျွေးပါ။

 

ဗီတာမင်နှင့်သတ္တုဓါတ်ကြွယ်ဝသည့်အစားအစာများ

အခြေခံအာဟာရကို သင့်တင့်မျှတအောင် စီမံနိုင်ပြီဆိုရင်တော့ မေမေတို့အနေနဲ့ ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးနိုင်ဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်ကို ကြွယ်ဝအောင် စီမံပေးလို့ရပါတယ်။ ကလေးတွေအတွက် အခြေခံလိုအပ်တဲ့ ဗီတာမင်တွေကတော့ ဗီတာမင်အေ(A) ၊ ဗီတာမင်ဘီဝမ်း(B1)၊ ဗီတာမင်စီ(C)၊ သံဓါတ် နဲ့ အိုင်အိုဒင်းဓါတ်ဖြစ်ပါတယ်။ ဗီတာမင်အေကို အသား၊ ငါး၊ ကြက်/ဘဲဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အညွှန့်များ၊ မုန်လာဥနီ၊ ဖရုံသီး၊ ကန်စွန်းဥ၊ သ‌င်္ဘောသီး စတဲ့အဝါရောင် ဟင်းသီးဟင်းရွက်၊ အသီးအနှံများ မှာ ကြွယ်ဝစွာတွေ့ရပါတယ်။ ဗီတာမင်ဘီကိုတော့ ဝက်သား၊ ပဲအမျိုးမျိုး၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းသီး၊ နေကြာစေ့ စတာတွေမှာ ပေါပေါများများ တွေ့ရပါတယ်။ ဗီတာမင်စီကိုတော့ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ချဉ်ပေါင်လိုချဉ်တဲ့ဟင်းသီးဟင်းရွက်နဲ့ ငရုတ်ပွ စတဲ့အရာတွေမှာ ကြွယ်ဝစွာတွေ့ရပါတယ်။ သံဓါတ်ကိုတော့ အကြမ်းအားဖြင့် အသား၊သွေး၊အသည်းနဲ့ ချက်လိုက်ရင် မဲသွားတဲ့ဟင်းသီးဟင်းရွက်တွေမှာ (ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ခရမ်းသီးအစရှိသဖြင့်) ပေါကြွယ်ဝစွာတွေ့ရပါတယ်။ အထက်ပါဗီတာမင်တွေအပြင် တောင်ပေါ်ဒေသမှာဆိုရင် အိုင်အိုဒင်းဓါတ်ချို့တဲ့နိုင်လို့ အိုင်အိုဒင်းဆား သုံးစွဲသင့်ပါတယ်။ မြေပြန့်နဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာတော့ အိုင်အိုဒင်းဓါတ်ကို ပင်လယ်ထွက်အစားအစာ၊ ငါးတစ်ချို့နဲ့ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက် ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။

မှတ်ချက်

  • ဖြစ်နိုင်ရင် အသက် ၁ နှစ်ကျော်တဲ့ ကလေးတွေကို ပုံမှန်အစားအသောက်အပြင် နွားနို့ကို သေချာကျိုချက်ပြီး နေ့စဉ် တိုက်ကျွေးပေးပါ။
  • Micronutrient sprinkle (အားဆေးအမှုန့်) ရနိုင်ပါက အစားအသောက်မှာ ဖြည့်စွက်ကျွေးပေးပါ။
  • အားဆေးရနိုင်လျှင် ကလေးကို အသက် ၅ နှစ်အထိ အားဆေးဖြည့်စွက်တိုက်ကျွေးပေးပါ။

References

https://www.myplate.gov/life-stages/kids

Vision Fund Myanmar

Vitamins for children 

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ