ကလေးအသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှုမိုင်တိုင်များ

Published On: August 30th, 2024|Views: 170|
  • By Wor Mithi

မေမေတို့အနေနဲ့ သူများကလေးနဲ့ယှဉ်ပြီး ကိုယ့်ကလေးကို ဖွံ့ဖြိုးတိုးတက်မှုနှေးတယ်လို့ ထင်မိတဲ့အချိန်တွေ ရှိကြပါသလား။ ကလေးတစ်ဦးရဲ့ ကိုယ်ကာယစွမ်းရည်၊ ဉာဏ်ရည်၊ ခံစားချက်များနှင့် ပြောဆိုဆက်သွယ်နိုင်စွမ်း အစရှိတာတွေဟာ မွေးစကနေ အသက် ၅ နှစ်အထိ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လေ့ရှိပြီး ဖွံ့ဖြိုးမှုနှုန်းဟာ တစ်ဦးနှင့်တစ်ဦး တစ်ထပ်တည်း မတူညီနိုင်ပါဘူး။ ဒါပေမယ့် ကလေးအများစုဟာ သတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုအတွင်းမှာ ပုံမှန် ဖွံ့ဖြိုးလေ့ရှိပါတယ်။

သင့်ကလေးကအသက်အလိုက်အောက်ပါအချက်လေးတွေကို လိုက်လုပ်တတ်နေပြီဆိုရင် ဖွံ့ဖြိုးမှု ပုံမှန်ပဲဖြစ်ပါတယ်။

ကလေးအသက်၂လ – ခေါင်းထောင်နိုင်ခြင်း၊ အရာဝတ္ထုများကိုလိုက်ကြည့်နိုင်လာခြင်း၊ အသံပေးလျှင်/ချော့မြှူလျှင်ပြုံးပြတတ်လာခြင်း၊ မိဘကိုမှတ်မိခြင်း။

ကလေးအသက်၄လ – မှောက်နိုင်လာခြင်း၊ အရာဝတ္ထုများကိုဆုပ်ကိုင်နိုင်လာခြင်း၊ ရယ်သံပေးတတ်လာခြင်း၊ မိဘအသံကိုနားထောင်တတ်လာခြင်း၊ အသံကြားရာဖက်သို့လှည့်ကြည့်တတ်လာခြင်း။

ကလေးအသက်၆လ – အမှီနည်းနည်း(သို့)အမှီလုံးဝမပါဘဲ ထိုင်နိုင်ခြင်း၊ အရာဝတ္ထုများကိုလက်တစ်ဖက်တည်းဖြင့်လှမ်းယူနိုင်ခြင်း၊ မပီမသအသံများထွက်တတ်လာခြင်း၊ လူစိမ်းကိုသိလာခြင်း၊ ပါးစပ်ထဲအစာထည့်တတ်လာခြင်း။

ကလေးအသက်၉လ – တွားသွားခြင်း၊ လေးဘက်သွားခြင်း၊ တစ်ခုခုကိုကိုင်ဆွဲ၍မတ်တပ်ရပ်ခြင်း၊ လက်ညှိုးနဲ့လက်မကိုအသုံးပြုပြီး အရာဝတ္ထုများကိုစတင်ယူတတ်လာခြင်း၊ ပစ္စည်းနှစ်ခုကိုစုကိုင်တတ်လာခြင်း၊ ဖေဖေ/မေမေဟုမပီမသခေါ်တတ်လာခြင်း၊ တာ့တာပြ၍နှုတ်ဆက်တတ်လာခြင်း၊ တူတူရေဝါးကစားတတ်လာခြင်း။

ကလေးအသက် ၁ နှစ် – အကူမပါဘဲစတင်မတ်တပ်ရပ်/လမ်းလျှောက်တတ်လာခြင်း၊ လက်ညှိုးနဲ့လက်မအသုံးပြု၍ အရာဝတ္ထုများကိုသေချာယူတတ်လာခြင်း၊ ဖေဖေ/မေမေအပြင် စကားတစ်လုံးစ/နှစ်လုံးစ စပြောခြင်း၊ ခေါင်းညိတ်/ခေါင်းခါပြတတ်ခြင်း၊ လိုချင်သောအရာများကို ညွှန်ပြတတ်လာခြင်း။

ကလေးအသက် ၁ နှစ်ခွဲ – ပြေးနိုင်လာခြင်း၊ စကားလုံး ၃ လုံးမှ ၅ လုံးအထိ ပြောတတ်လာခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုညွှန်ပြတတ်လာခြင်း၊ လူကြီးများလုပ်သကဲ့သို့ အိမ်အလုပ်များကိုစတင်ကူလုပ်တတ်လာခြင်း။

ကလေးအသက် ၂ နှစ် – လှေကားကိုခြေစုံချ၍စတင်တက်နိုင်လာခြင်း၊ ဘောလုံးကိုပစ်ဆော့တတ်လာခြင်း၊ ဘောလုံးကိုကန်တတ်လာခြင်း၊ မျဉ်းပုံဆွဲတတ်လာခြင်း၊ မိမိနာမည်ကိုသိခြင်း၊ မိမိလိုချင်သည့်အရာကို ပြောပြတတ်လာခြင်း၊ အင်္ကျီချွတ်တတ်လာခြင်း။

ကလေးအသက် ၃ နှစ် – လူကြီးများကိုစတင်အတုခိုးတတ်လာခြင်း၊ ဘီး၃ဘီးပါသောစက်ဘီးစီးတတ်လာခြင်း၊ စက်ဝိုင်းပုံဆွဲတတ်လာခြင်း၊ စကားကိုကောင်းစွာပြောတတ်ခြင်း၊ အကူအညီဖြင့်သွားတိုက်တတ်လာခြင်း။

ကလေးအသက် ၄ နှစ် – ခြေတစ်ပေါင်ကျိုးစတင်ခုန်တတ်လာခြင်း၊ လေးထောင့်ပုံဆွဲတတ်လာခြင်း၊ မေးခွန်းများကိုဖြေတတ်လာခြင်း၊ အုပ်စုဖွဲ့၍ကစားတတ်လာခြင်း၊ အရောင်၄ရောင်အထိခွဲခြားသိမြင်လာခြင်း။

ကလေးအသက် ၅ နှစ် – လှေကားကိုတစ်လှမ်းချင်းသေချာတက်နိုင်လာခြင်း၊ တြိဂံပုံများဆွဲတတ်လာခြင်း၊ စကားအရှည်များသုံးတတ်လာခြင်း၊ မိမိဘာသာအင်္ကျီဝတ်တတ်ခြင်း။

ကလေးတွေရဲ့ ပတ်ဝန်းကျင်နဲ့ သင်ယူနိုင်စွမ်းပေါ်မူတည်ပြီး ဖွံ့ဖြိုးမှုအနည်းငယ်နောက်ကျတာမျိုးဖြစ်နိုင်ပါတယ်။ အကယ်၍သင့်ကလေးက ဖွံ့ဖြိုးမှု အနည်းငယ်နောက်ကျတာမျိုးဆိုရင်တော့ ကလေးကို အချိန်ပိုပေးပြီး လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးမှုက သိသိသာသာနောက်ကျတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကိုးကား

https://www.maineddc.org/act-early-materials

https://med.stanford.edu/content/dam/sm/pediatricsclerkship/documents/5-Developmental-Milestones-MedU.pdf

https://childmind.org/guide/parents-guide-to-developmental-milestones/

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ