ဖျားနေသောကလေးကို အိမ်တွင်ပြုစုခြင်း

Published On: September 7th, 2024|Views: 191|
  • By Wor Mithi

ကိုယ်ပူခြင်းဟာ ရောဂါလက္ခဏာ တစ်ခုသာဖြစ်ပြီး ဖြစ်စေရတဲ့ အကြောင်းရင်းမြောက်များစွာ ရှိပါတယ်။  ဖျားနေတဲ့ကလေးကို ပြုစုတဲ့အခါ လွဲမှားနေတဲ့ အယူအဆတွေလဲ အများကြီး ရှိပါတယ်။

 

ဘာကြောင့်ကိုယ်ပူရတာလဲ။

ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပတ်ဝန်းကျင်အပူချိန်ပေါ်လိုက်ပြီး ၉၇°F ကနေ ၁၀၀.၄°F အထိရှိတတ်ပါတယ်။ ကိုယ်ပူခြင်း (အဖျားတက်ခြင်း) ဟာ တစ်ကယ်တော့ ကလေးခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံအားစနစ်က ပြန်လည် တိုက်ခိုက်တဲ့အခါ ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိနိုင်ပေမယ့် အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ပိုးဝင်ခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်း၊ နားပိုးဝင်ခြင်း၊ အာသီးယောင်ခြင်း၊ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေး စတာတွေကတော့ အဖြစ်များလေ့ရှိပါတယ်။

ကလေးကိုယ်ပူနေရင် ဘယ်လိုပြုစုရမလဲ။

ရေပတ်တိုက်/ရေချိုးပေးပါ – ရေစိုဝတ် (ရိုးရိုးရေအေး) ဖြင့် တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ရေခပ်နွေးနွေးဖြင့် ရေချိုးပေးခြင်းမျိုး ပြုလုပ်ပေးပါ။ အဖျားကျစေနိုင်တဲ့အပြင် ကလေးကိုလည်း လန်းလန်းဆန်းဆန်းဖြစ်စေနိုင်ပါတယ်။

အဝတ်ခပ်ပါးပါးဝတ်ပေးပါ– အဖျားတက်ရင် အဝတ်အစား ထူထူဝတ်ပြီး ချွေးထွက်စေခြင်းက ကလေးကို ပိုပြီးပင်ပန်းနွမ်းနယ်စေပြီး အပူကျအောင် ပြုလုပ်ရာမှာလဲ အထောက်အကူ မဖြစ်စေနိုင်ပါဘူး။ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ အဝတ်အစားဝတ်ဆင်ပေးခြင်းက အပူကို ခန္ဓာကိုယ်ကနေထွက်သွားအောင် အားပေးပါတယ်။

ကလေးကို လေကောင်းလေသန့်ရတဲ့နေရာမှာထားပါ- အခန်းကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်းက ရောဂါပိုး၊ ဖုန်မှုန့်စတာတွေကို သန့်စင်ပေးနိုင်တဲ့အပြင် အခန်းအပူချိန်ကို လျှော့ချပေးခြင်းအားဖြင့် ကလေးရဲ့ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေဖို့ ကူညီပေးပြီး အခြားသော ရောဂါပိုးမွှားများ ထပ်မံကူးစက်ခံရခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ရေ/အရည်/မိခင်နို့များများတိုက်ပေးပါ– ကိုယ်အပူချိန်များလို့ ကုန်ခမ်းသွားတဲ့ အရည်ဓါတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အရည်ဓါတ်များများလိုအပ်ပါတယ်။

အစာကျွေးပါ – ဖျားနေတဲ့ကလေးငယ်တွေက ခံတွင်းပျက်လေ့ရှိကြပေမယ့် ခုခံအားစနစ်ပြန်လည်ကောင်းမွန်ဖို့ အာဟာရဓါတ်လိုအပ်တာကြောင့် ခြေဖျက်ဖို့ လွယ်ကူတဲ့ အစာတွေကို နည်းနည်းချင်းနဲ့ မကြာခဏ ကျွေးဖို့လိုအပ်ပါတယ်။ နို့စို့ကလေးငယ်ဆိုရင်လည်း မိခင်နို့ကို ဆက်လက်တိုက်ကျွေးပေးပါ။ ကလေးနာလန်ထချိန်မှာလည်း အနည်းဆုံး ၂ ပတ်ခန့် ကျွေးနေကျထက် တစ်ကြိမ်ပို‌ကျွေးဖို့ လိုအပ်ပါတယ်။

ပါရာစီတမောတိုက်ကျွေးပေးပါ – ကလေးရဲ့ ကိုယ်အလေးချိန်အလိုက် ကျန်းမာရေးဝန်ထမ်းညွှန်ကြားချက်အတိုင်း ပါရာစီတမောဆေးကို တိုက်ကျွေးနိုင်ပါတယ်။ ပုံမှန်ပမာဏ အနေနဲ့ တစ်ခါတိုက်လျှင် ၁၅ မီလီဂရမ် x ကိုယ်အလေးချိန် (ကီလိုဂရမ်) တိုက်ကျွေးနိုင်ပြီး ၆ နာရီခြားတိုင်း တစ်ကြိမ်တိုက်ကျွေးနိုင်ပါတယ်။

ကလေးကို မက်ကလောင်မခြစ်ပါနဲ့/မက်ကလောင်မဖောက်ပါနဲ့– သွေးကြောငယ်လေးတွေ ပေါက်သွားခြင်း၊ အရေပြားစုတ်ပြဲခြင်းအားဖြင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ကလေးကို မက်ကလောင် မခြစ်ပေးရပါ။ ဒါ့အပြင် မက်ကလောင်ခြစ်ခြင်းမှ ဖြစ်လာတဲ့ အနီစက်တွေ၊ အနီပြင်တွေက အချို့သောရောဂါလက္ခဏာများကို ဖုံးလွှမ်းနိုင်သွားတဲ့အခါ ရောဂါရှာဖွေတဲ့နေရာမှာ နောက်ကျတာမျိုး ဖြစ်စေနိုင်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ပိုမိုခံစားရစေနိုင်ပါတယ်။ (ဥပမာ-သွေးလွန်တုပ်ကွေးရောဂါ)

ဘယ်အချိန် ဆေးခန်းပြရမလဲ။

၃ လအောက်ကလေးတွင် အပူချိန် ၁၀၁°F ရှိခြင်း၊ ၃ လအထက်ကလေးတွင် အပူချိန် ၁၀၂°F ရှိခြင်း၊ ကလေးခန္ဓာကိုယ်တွင် အနီအစက်အပျောက်များပေါ်လာခြင်း၊ ကလေးအဖျား ၅ရက်ထက်ပိုကြာခြင်း၊ အလွန်အမင်းအန်ခြင်း၊ အစားလုံးဝမဝင်ခြင်း စတာတွေ ရှိရင် ဆေးရုံ/ဆေးခန်းကို အမြန်ဆုံး ပြသသင့်ပါတယ်။

သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ မိုးတွင်းအချိန်မျိုးဆိုရင်တော့ ကော်ဖီနှစ်ရောင်ကဲ့သို့ အမည်းရောင်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း စတာတွေပါ စောင့်ကြည့်သင့်ပါတယ်။

 

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ