တိုင်းရင်းဆေးအကြောင်း တစ်စေ့တစ်စောင်း

Published On: September 25th, 2024|Views: 151|
  • By Wor Mithi

ခေတ်စနစ်တွေပြောင်းလာတာနဲ့အမျှ တိုင်းရင်းဆေးကဏ္ဍဟာလည်း တိုးတက်လာနေသလို အငြင်းပွားစရာ ကိစ္စတွေလည်း အများအပြားရှိနေပါတယ်။ တိုင်းရင်းဆေးရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံတင်သာမက အာရှနိုင်ငံအတော်များများမှာ အတော်ကို အရေးပါပါတယ်။ မျက်မှောက်ခေတ်မှာ တိုင်းရင်းဆေးကို သိပ္ပံနည်းကျ သုတေသနပြုလာကြပြီး အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကိုလည်း ပိုပြီးတိတိကျကျ သိရှိလာနေရပါတယ်။ အဲ့တာကြောင့် အခုဆို ကိုးရီးယား၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေမှာ တိုင်းရင်းဆေးကို အနောက်တိုင်းဆေးဝါးနဲ့ပေါင်းပြီး ပေါင်းစပ်ကုသတဲ့စနစ် (Integrative medicine) နည်းလမ်းမျိုးကို အားစိုက်ထုတ်လုပ်ဆောင်နေကြတာကိုလည်း တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရှေးယခင် အနောက်တိုင်းဆေးဝါးတွေ မပေါ်ခင်ကတည်းက တိုင်းရင်းဆေးတွေဟာ ကျမတို့ ဘိုးဘွားမိဘတွေကို ကျန်းမာအောင် စောင့်ရှောက်ပေးခဲ့တာ ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီတဲ့ အခုအချိန်မှာလည်း တိုင်းရင်းဆေးဟာ မြန်မာနိုင်ငံက လူအတော်များများ အားကိုးအားထားပြုစရာ ဖြစ်ပါတယ်။

Photo: WHO

တိုင်းရင်းဆေးကို လူမှုပတ်ဝန်းကျင်မှာ သာမန်နှာစေးချောင်းဆိုးကစပြီး အရိုးကျိုးခြင်း၊ လေဖြတ်ခြင်းတွေအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိကြပါတယ်။ တိုင်းရင်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့လည်းရသလို မိမိတို့ လက်ဆင့်ကမ်းလာတဲ့နည်းလမ်းများအတိုင်း (သို့) ကြားဖူးနားဝရှိတဲ့အတိုင်း စပ်ပြီး သောက်ကြတာလဲ ရှိကြပါတယ်။ လူအတော်များများက တိုင်းရင်းဆေးတွေဟာ သစ်ဥသစ်ဖု၊ အသီးအရွက်တွေကို ဓါတုနည်းတွေနဲ့ ပြုပြင်ထားခြင်းမရှိဘဲ ထုတ်လုပ်လေ့ရှိတာကြောင့် အကြမ်းအားဖြင့်တော့ ဘေးကင်းမယ်လို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း အစားအသောက်၊ အသီးအရွက်ပဲ ဖြစ်နေပါစေ မှန်မှန်ကန်ကန်နဲ့ လိုသလောက်ကို စားသုံးမှသာ အကျိုးဖြစ်ထွန်းမှာ ဖြစ်ပြီး စားသောက်မှုပုံစံ/သုံးစွဲမှုပုံစံ မမှန်ကန်ရင် ဘေးထွက်ဆိုးကျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။ အဲ့တာကြောင့် တိုင်းရင်းဆေးဆိုတိုင်း ကိုယ့်စိတ်မှန်းရောဂါနဲ့ ကိုယ့်စိတ်မှန်းဆေးဝါးတွေကို ရမ်းသမ်းသောက်တာမဟုတ်ဘဲ တိုင်းရင်းဆေးပညာရှင်တွေက သေချာစမ်းသပ်ထားပြီး အချိုးအစားမှန်မှန်နဲ့ ဆေးညွှန်းသေချာပေးထားတဲ့အတိုင်း သေချာလိုက်နာရပါမယ်။ 

နောက်ထပ်တစ်ခုသတိထားရမယ့်အချက်ကတော့ ရောဂါဇာစ်မြစ်ကို မသိရသေးခင် နာကျဉ်တာသက်သာအောင် ဆောင်ရွက်လိုက်တဲ့အခါ တစ်ကယ့်ပင်မရောဂါကို ကွယ်သွားတတ်စေပါတယ်။ ဥပမာအားဖြင့် ဗိုက်နာနေတဲ့အခါ ဘာကြောင့်နာမှန်းမသိရဘဲ တိုင်းရင်းဆေးသောက်ပြီး သက်သာအောင် ဆောင်ရွက်လိုက်တဲ့အခါ၊ ဒါမှမဟုတ် မက်ကလောင်ခြစ်ပြီး နာတာကို သက်သာအောင် ဆောင်ရွက်လိုက်တဲ့အခါ အတွင်းထဲက အစာအိမ်ပေါက်နေတာကို နောက်ကျမှ သိရတာမျိုးဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ နောက်ထပ်ဥပမာတစ်ခုအနေနဲ့ အရိုးကျိုးတဲ့နေရာမှာ ကျိုးပုံကျိုးနည်း အမျိုးမျိုးရှိပြီး ကုသပေးရတဲ့နည်းလမ်းတွေကလဲ ကွဲပြားခြားနားပါတယ်။ ပြီးတော့ အရိုးဆိုတာ ဘာမှမလုပ်ဘဲထားရင်လည်း အလိုလို ပြန်ဆက်နိုင်တဲ့ အာနိသင် ရှိပါတယ်။ သေချာကုသရင် နဂိုမူလအတိုင်း (သို့) မူလနီးပါး ပြန်ဆက်ပြီးတော့ စနစ်တကျ လေ့လာထားတဲ့သူနဲ့မဟုတ်ဘဲ ဖြစ်သလိုဆေးကြပ်စည်းမယ်ဆိုရင်တော့ မူလအနေအထား ပျက်ယွင်းသွားပြီး ခြေလက်တွေ အသုံးပြုလို့ မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် တိုင်းရင်းဆေးအမည်ခံ ဆေးဝါးအတုတွေရဲ့ ပြဿနာဟာလဲ သတိထားရမယ့် နောက်ထပ်အရာတစ်ခု ဖြစ်ပါတယ်။ တိုင်းရင်းဆေးမှတ်ပုံတင်မရှိ၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုရဲ့ ခွင့်ပြုချက်မရှိဘဲ အနောက်တိုင်းရက်လွန်ဆေးဝါးတွေကို အမျိုးအမည်မသိရတဲ့ အသီးအရွက်တွေနဲ့ကြိတ်ပြီး စားကောင်းအိပ်ပျော်ဆေး၊ နတ်ဆေးဆိုပြီး ရောင်းဝယ်ဖောက်ကားနေတာကိုလည်း အများအပြား တွေ့နေရပါတယ်။ အဲ့တာကို မသိဘဲ ရေရှည်သုံးစွဲမိတဲ့အခါ သုံးစွဲသူမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရိုးပွ၊ အရိုးကျိုး စတာတွေကို ခံစားရနိုင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင်တော့ အရာအားလုံးမှာ တန်ရင်ဆေး၊ လွန်ရင်ဘေး ဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးတစ်ခုကို သုံးစွဲမယ်ဆိုရင် အသိ၊ သတိနဲ့ ယှဉ်ပြီး စဉ်းစားသင့်ပါတယ်။ ဆေးတစ်ခုကို သုံးစွဲတော့မယ်ဆိုရင် ပါဝင်ပစ္စည်း၊ အာနိသင်၊ သုံးစွဲရမယ့်ပမာဏ၊ ဘေးထွက်ဆိုးကျိုး အစရှိတာတွေကို ဖတ်ရှုရမည့်အပြင် တရားဝင် ဆေးဝါး ဟုတ်/မဟုတ်ကိုလည်း စစ်ဆေးသင့်ပါတယ်။ တိုင်းရင်းဆေးပင်ဖြစ်လင့်ကစား အညွှန်းမပါဘဲ ပါဝင်တဲ့ပစ္စည်းရဲ့ အမျိုးအမည် မသိရရင်တော့ မသုံးစွဲသင့်ကြောင်း သတိချပ်သင့်ပါတယ်။

References

https://ceylonauthentics.com/the-pros-and-cons-of-using-traditional-medicine/

https://www.gardeningknowhow.com/gardening-pros-cons/pros-and-cons-of-herbal-medicine

https://www.ncbi.nlm.nih.gov/pmc/articles/PMC6273146/

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ