ဝဲရောဂါအကြောင်း သိကောင်းစရာ

Published On: November 16th, 2024|Views: 53|
  • By Wor Mithi

ဝဲရောဂါဆိုတာ လှေးကပ်ပါးပိုးတစ်မျိုး (Sarcoptes scabiei) ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အရွယ်အစားအလွန်သေးငယ်တဲ့အတွက် သာမန်မျက်စိနဲ့တော့ မမြင်နိုင်ပါဘူး။ ထိုလှေးပိုးဟာ လူ့အရေပြားကို ဖောက်ထွင်းဝင်ရောက်ပြီး သူသွားရာလမ်းတစ်လျှောက်မှာ ဥတွေဥချသွားလေ့ရှိတဲ့အတွက် ဝဲရောဂါစွဲကပ်ခံရတဲ့အခါ အင်မတန်ယားယံလေ့ရှိပါတယ်။

 

ယားယံခြင်းဟာ အတော်ဆိုးဝါးနိုင်ပြီး ညအချိန်တွေမှာ ပိုမိုဆိုးဝါးလေ့ရှိပါတယ်။ လက္ခဏာအနေနဲ့ အရေပြားအပေါ်မှာ အနီစက်အနီပြောက်တွေကို တွေ့ရနိုင်ပြီး တစ်ခါတစ်ရံ အရည်ကြည်ဖု သေးသေးလေးတွေရှိနေနိုင်ပါတယ်။ ဝဲရောဂါဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ တွေ့နိုင်ပြီး အရေပြားအတွန့်တွေ များများရှိတဲ့ လက်ကောက်ဝတ်၊ ဂျိုင်း၊ ခါး၊ ပေါင်ခြံ နဲ့ တင်ပါးမှာပိုတွေ့ရလေ့ရှိပါတယ်။ ကလေးငယ်တွေမှာဆိုရင်တော့ ခေါင်း၊ လည်ပင်း၊ လက်ဖဝါး၊ ခြေဖဝါးတွေမှာပါ တွေ့နိုင်ပါတယ်။ ဝဲရောဂါဟာ အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အထိ မပြင်းထန်ပေမယ့် ယားယံလွန်းတဲ့အတွက် ကုတ်တာ၊ ဖဲ့တာကနေတစ်ဆင့် အနာကို ပိုးဝင်တတ်ပါတယ်။

ဝဲရောဂါဟာ ကူးစက်နှုန်းမြန်တဲ့ရောဂါတစ်ခုဖြစ်ပြီး လူထူထပ်တဲ့ အခြေအနေတွေမှာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်ပျံ့ပွားလေ့ရှိပါတယ်။ ကလေးတွေဆိုရင်တော့ မူကြို/ကျောင်းကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ မိသားစုဝင် အချင်းချင်းလဲ တိုက်ရိုက်ထိတွေ့တာကနေတစ်ဆင့်သော်လည်းကောင်း အိပ်ယာခင်း၊ စောင်၊ အင်္ကျီစတာတွေကနေသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။ ဒီရောဂါကူးစက်မှုဟာ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုကြောင့်ဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့တော့ သိပ်မဆိုင်ပါဘူး။

ဝဲရောဂါကို လိမ်းဆေး၊ သောက်ဆေးတွေနဲ့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ အခြားအရေပြားရောဂါတွေနဲ့ မတူဘဲ ထူးခြားတဲ့အချက်ကတော့ အိမ်မှာရောဂါလက္ခဏာရှိသူ တစ်ယောက်ပဲရှိပြီး အခြားသူတွေမှာ ရောဂါလက္ခဏာမရှိစေကာမူ တစ်အိမ်သားလုံး ကုသမှု ခံယူသင့်ပါတယ်။ ဈေးကွက်ထဲမှာ ရနိုင်တဲ့ လိမ်းဆေးတွေကတော့ 5% permethrin၊ 25% benzyl benzoate စသဖြင့် ရှိနိုင်ပါတယ်။ လိမ်းဆေးကို ဆေးဆိုင်တွေက ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီး လိမ်းနိုင်ပါတယ်။ ဆေးလိမ်းတဲ့အခါ လည်ပင်းကနေစပြီး ခန္ဓာကိုယ်တစ်ခုလုံး လက်ဖဝါး၊ ခြေဖဝါးပါမကျန် လိမ်းရပါတယ်။ ကလေးငယ်လေးတွေဆိုရင်တော့ ဆေးလိမ်းပြီး ညအိပ်တဲ့အခါ ဆေးကိုပါးစပ်ထဲမဝင်အောင်နဲ့ မကုတ်မိအောင် လက်အိတ်စွပ်ထားပေးသင့်ပါတယ်။ လူကြီးများဆိုရင်တော့ လက်သည်းကြားတွေထဲ ဆေးအနည်းငယ်လိမ်းပေးထားသင့်ပါတယ်။   ဆေးအမျိုးအစားပေါ်မူတည်ပြီး လိမ်းရမယ့် ကြာချိန်ကတော့ ကွာခြားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ အသက်၂ နှစ်အောက် ကလေးတွေဆိုရင်တော့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီးမှ ကုသမှု ခံယူသင့်ပါတယ်။

ဝဲရောဂါကို အရှင်းပျောက်ကင်းအောင် ကုသတဲ့အခါ အခြားအရေးကြီးတဲ့အချက်ကတော့ အဝတ်အစားနဲ့ အိပ်ယာအသုံးအဆောင် အားလုံးကို ရေနွေးနဲ့ ပြုတ်လျှော်ဖို့ပါပဲ။ ဒါမှမဟုတ်ရင်တော့ ရောဂါသံသရာက အဖန်ဖန် လည်နေတတ်ပါတယ်။ ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ရောဂါကုသပြီးရင်တောင် ယားယံတာ ကျန်နေနိုင်ပါတယ်။ ယားယံတာ သက်သာအောင် ကာလာဒရိုင်းဆေးရည် (Caladryl lotion) လိုမျိုး လိမ်းပေးနိုင်ပါတယ်။

References

https://www.mayoclinic.org/diseases-conditions/scabies/symptoms-causes/syc-20377378

https://www.nhs.uk/conditions/scabies/

https://medlineplus.gov/druginfo/meds/a698037.html

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment