ကိုယ်ဝန်ဆောင်သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း
- By Wor Mithi
အရပ်ထဲမှာ ကိုယ်ဝန်ဆောင်နေရင်း အကောင်းကြီးကနေရုတ်တရက် သတိလစ်သွားပြီး/မောလာပြီး/ ကိုယ်ဝန်ဆိပ်တက်ပြီး ဆေးရုံတက်လိုက်ရတယ်၊ ဆုံးပါးသွားတယ် ဆိုတာမျိုးကို မကြာမကြာကြားဖူးကြပါသလား။
အမျိုးသမီးတွေမှာ ကိုယ်ဝန်မဆောင်ခင်က ကျန်းမာနေပါရက်နဲ့ ကိုယ်ဝန်သက် ၂၀ ပတ်ကျော်လာမှာ သွေးတိုးလာတာကို ကိုယ်ဝန်ဆောင်သွေးတိုးတယ်လို့ ခေါ်ပါတယ်။ သွေးတိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးလွတ်ကြောတွေထဲမှာ သွေးဖိအားများလာတာကို ခေါ်တာပါ။ ကိုယ်ဝန်ဆိပ်တက်တယ် ဆိုတာကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကြောင့် အသည်း၊ ကျောက်ကပ်နဲ့ ဦီးနှောက်ကို ထိခိုက်စေတဲ့အတွက် ဖြစ်လာတဲ့ အလွန်ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးခြင်းဟာ အရေးကြီးသလို အန္တရာယ်များတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကို ကိုယ်ဝန်အပ်နှံတဲ့အခါ သွေးပေါင်ချိန်ခြင်း၊ ဆီးစစ်၊ သွေးစစ်၊ ကိုယ်အလေးချိန်တိုင်းခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးသွားနည်းတာ၊ ဆက်တိုက်ပြင်းပြင်းထန်ထန်အန်တာ၊ ခြေ/လက်တွေအလွန်ဖောရောင်လာတာ စတာတွေ ခံစားရတဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကို သံသယထားပြီး ကျန်းမာရေးဌာနကို တတ်နိုင်သမျှမြန်မြန် သွားရောက်ပြသရပါမယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့အခါမှာတော့ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကို ပြသတတ်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာ/အန္တရာယ်လက္ခဏာတွေကတော့
- ခေါင်းပြင်းပြင်းထန်ထန်ကိုက်ပြီး အမြင်မှုန်ဝါးလာခြင်း/မျက်လုံးထဲလျှပ်စီးလက်သလိုမြင်လာခြင်း
- တက်ခြင်း
- သတိလစ်ခြင်း
- အသက်ရှူမြန်ခြင်း
- အသက်ရှူရခက်ခြင်း
- ရင်ညွှန့်/ဝမ်းဗိုက်အထက်ပိုင်းအောင့်ခြင်း တို့ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်သွေးတိုးခြင်းဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သားဦးကိုယ်ဝန်၊ အရင်ကိုယ်ဝန်မှာ သွေးတိုးဖူးသူ၊ ကျောက်ကပ်ရောဂါအခံရှိသူ၊ ဆီးချိုရှိသူ၊ သက်ငယ်ကိုယ်ဝန်၊ သက်ကြီးကိုယ်ဝန်နဲ့ အမွှာကိုယ်ဝန်ဆောင်တွေမှာတော့ ဖြစ်နိုင်ခြေ ပိုများလို့ ပိုပြီးသတိထားသင့်ပါတယ်။ နဂိုသွေးတိုးအခံရှိသူတွေမှာလဲ ကိုယ်ဝန်ဆိပ်တက်တာတွေ ဖြစ်နိုင်လို့ ပိုသတိထားသင့်ပါတယ်။ ဒါပေမယ့်လည်း မည်သည့်အမျိုးသမီးမဆို ကိုယ်ဝန်ဆောင်ချိန်သွေးတိုးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ မိခင်မှာ ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်တာကြောင့် မိခင်ကောကလေးပါ အသက်အန္တရာယ်ရှိရုံသာမက သွေးတိုးခြင်းကြောင့် သန္ဓေသားဆီ လိုအပ်တဲ့အာဟာရဓါတ်တွေ သေချာမရောက်နိုင်တာဖြစ်တဲ့အတွက် ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေးကိုယ်အလေးချိန်မပြည့်တာ စတဲ့နောက်ဆက်တွဲတွေလည်း ရှိနိုင်ပါတယ်။
အဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ ပုံမှန်အပ်နှံပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု၊ ကုသမှုတွေကို စနစ်တကျ ခံယူသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တဲ့အခါ ရေကိုလုံလောက်အောင်သောက်သုံးခြင်း၊ အစားအသောက်ကိုမျှတအောင်စားသုံးပေးခြင်း၊ အငန်လျှော့စားခြင်း၊ အရက်/ဆေးလိပ်ရှောင်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေကလည်း ကိုယ်ဝန်ဆောင်တွေကို ကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ အန္တရာယ်လက္ခဏာတွေကို အမြဲစောင့်ကြည့်နေပြီး လိုအပ်ရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်သင့်ပါတယ်။
References