HMPV အသက်ရှူလမ်းကြောင်းရောဂါ
- By Wor Mithi
အားလုံးသိကြတဲ့အတိုင်း လတ်တလော အိမ်နီးချင်းနိုင်ငံမှာ ရောဂါတစ်မျိုး ပျံ့နှံ့နေတယ်လို့ သတင်းတွေ ကြားတွေ့နေရပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်နိုင်ငံအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပါ တစ်စုံတစ်ရာ အတည်ပြုထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ လက်ရှိသတင်းတွေအရကတော့ ပျံ့နှံ့နေတဲ့ရောဂါပိုးဟာ Human Metapneumovirus (HPMV) ရောဂါပိုးလို့ ပြောဆိုနေကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ HMPV ရောဂါဆိုတာဘာလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ အနည်းအကျဉ်းသိနိုင်ဖို့ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။

HMPV ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဒီပိုးကို နယ်သာလန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်မှာ စတွေ့ခဲ့ပြီးမှ ကမ္ဘာ့နေရာအနှံ့အပြားမှာတွေ့ခဲ့တာဖြစ်ပါတယ်။ အချို့လေ့လာမှုတွေအရကတော့ နယ်သာလန်နိုင်ငံမှာ ရှေးမဆွကပင် ရှိနေခဲ့တာလို့လည်း ဆိုကြပါတယ်။ အခြားသောအသက်ရှူလမ်းကြောင်း ရောဂါပိုးတွေလိုပဲ ဆောင်းတွင်းပိုင်းမှာ အဖြစ်များတတ်တဲ့ သဘောမှာ ရှိပါတယ်။ များသောအားဖြင့်သော အသက်နှစ်နှစ်အောက်ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါပိုးတစ်ခုဖြစ်ပြီး အသက် ၁၀ နှစ်အောက်ကလေးများ၊ အသက်ကြီးသူများနဲ့ ကိုယ်ခံစွမ်းအားမကောင်းတဲ့သူများဟာလဲ သတိထားရမယ့် အုပ်စုတွေပဲ ဖြစ်ပါတယ်။ အသက် ခြောက်လအောက်ကလေးတွေမှာ ကူးစက်ခံရရင်တော့ သာမန်လူတွေထက် ဆေးရုံတက်ရဖို့ ရာခိုင်နှုန်း ၃ ဆ ပိုမိုမြင့်မားပါတယ်။
HMPV ရောဂါဟာ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှားတွေကနေတစ်ဆင့် လူလူချင်း ကူးစက်တတ်ပြီး ရောဂါပျိုးရက်က ၃ ရက်ကနေ ၅ ရက်အထိကြာနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးကူးစက်ထားတဲ့ မျက်နှာပြင်/လက်/ကိုယ်ခန္ဓာတွေကို ထိတွေ့မိတာ၊ ရောဂါပိုးပါတဲ့လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ မျက်လုံးတွေကို ထိတွေမိတာ၊ ရောဂါပိုးပါတဲ့အမှုန်အမွှားတွေကို နှာချေ၊ချောင်းဆိုး၊ တံတွေးတွေကနေတစ်ဆင့် တိုက်ရိုက်ရှူသွင်း/ထိမိတာ စတာတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ HPMV ကိုရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ဆုံးဖြတ်လေ့ရှိကြပြီး ဓါတ်ခွဲခန်းမှာလဲ အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးနိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ များသောအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူရင်တစ်ရွှီရွှီမြည်ခြင်း၊ အသက်ရှူမဝခြင်း စတာတွေ ပါဝင်ပြီးတော့ ကလေးတွေမှာဆိုရင် ရင်ခေါင်းသံနဲ့ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်ရောဂါတွေ ပိုဆိုးလာတာတွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အစာအိမ်နဲ့အူလမ်းကြောင်း လက္ခဏာတွေဖြစ်တဲ့ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း စတာတွေလဲ တွေ့ရနိုင်ပါတယ်။ တစ်ခါတစ်လေ နားကိုက်တာတွေလဲ တွေ့ရတတ်ပါတယ်။ ဒါကြောင့် HPMV ဟာ ကိုဗစ်၁၉ အပါအဝင် အခြားအသက်ရှူ လမ်းကြောင်းရောဂါတွေနဲ့ ဆင်တူယိုးမှား ရောဂါလက္ခဏာတွေ ရှိတယ်လို့ ကောက်ချက်ဆွဲလို့ရပါတယ်။
HPMV ဟာ ပုံမှန်အားဖြင့်တော့ ရောဂါပျောက်ကင်းမှုနှုန်း မြင့်မားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်ခံစွမ်းအားကျနေတဲ့သူတွေ၊ နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါ အခံရှိသူတွေကတော့ ဆေးရုံတက်ရနိုင်ပြီး နောက်ဆက်တွဲတွေ ခံစားရနိုင်ပါတယ်။
ရောဂါကုသတာကတော့ အဓိကအားဖြင့် ရေဓါတ်ဖြည့်တာနဲ့ ရောဂါလက္ခဏာတွေကို ကုသပေးတာဖြစ်ပြီး တွေ့ရှိချက်တွေအရ လူအတော်များများအတွက် ထိရောက်ပြီး ရောဂါပျောက်ကင်းတယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ ရောဂါပြင်းထန်ရင်တော့ အောက်ဆီဂျင်ကူရတာမျိုး ရှိပါတယ်။
ရောဂါကို ကာကွယ်နိုင်ဖို့အတွက် အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အောက်ပါ ကာကွယ်ရေး နည်းလမ်းတွေကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။
-လက်ကိုစက္ကန့် ၂၀ ကျော်ကြာအောင် ဆပ်ပြာနဲ့ရေအသုံးပြုပြီး မကြာခဏဆေးပါ။
-လက်နဲ့မျက်နှာ၊မျက်လုံး၊နှာခေါင်းတွေကို မထိပါနဲ့။
-ဖျားနေတဲ့သူတွေနဲ့ မထိတွေ့ပါနဲ့။
-နှာချေ/ချောင်းဆိုးတိုင်း ပါးစပ်နဲ့နှာခေါင်းကို အုပ်ပြီးဆိုးပါ။
– နေမကောင်းရင် အိမ်မှာ ပြည့်ပြည့်ဝဝအနားယူပါ/လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ။
-အခြားသောတုပ်ကွေးရောဂါတွေ မခံစားရစေဖို့ ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးပါ။
References
- https://www.cdc.gov/human-metapneumovirus/about/index.html
- Uddin S, Thomas M. Human Metapneumovirus. [Updated 2023 Jul 17]. In: StatPearls [Internet]. Treasure Island (FL): StatPearls Publishing; 2024 Jan-.Available from: https://www.ncbi.nlm.nih.gov/books/NBK560910/
- https://www.thehindu.com/opinion/editorial/nothing-alarming-on-chinas-hmpv-cases/article69064326.ece