မငြိမ်းသောစစ်မီးနဲ့ ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရသူတွေရဲ့ ထပ်တိုးသောက

Published On: December 7th, 2025|Views: 389|

နေဇော်

ပြည့်တန်ဆာလုပ်ငန်းခွင်ထဲက အသက် ၁၈ နှစ်သာရှိသေးတဲ့ အမျိုးသမီးငယ် ကလေးတစ်ယောက်မိခင် မခင်လေး ( အမည်လွှဲ)ရဲ့ ယောကျာ်းဟာ တိုက်ပွဲအတွင်း လက်နက်ထိ သေဆုံးသွားခဲ့ရတဲ့ အရပ်သား တစ်ဦး ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုမိဘ နှစ်ယောက်ကိုပါ စောင့်ရှောက်နေရတဲ့အပြင် ယောကျာ်းသေဆုံးပြီးနောက် အကြွေးတွေ အများကြီး တင်ခဲ့တာကြောင့် နောက်ဆုံးမှာ ခန္ဓာနဲ့ရင်းရတဲ့ ပြည့်တန်ဆာအလုပ်ကို ရွေးချယ်လိုက် ရတယ်၊၊

1000001688

ဓာတ်ပုံ - ရတနာ့မေတ္တာအဖွဲ့ (RMO)

မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့ယ်တစ်ခုမှာရှိတဲ့ ပဋိပက္ခဒေသတွေက အမျိုးသမီးအချို့ဟာ ပြည့်တန်ဆာလုပ်ငန်းထဲကို ရောက်လာကြရပါတယ်၊၊ ယင်းမြို့လေးမှာတောင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေသူ ၁၀၀ ကျော်ရှိနေတယ်လို့ ပြည့်တန်ဆာခေါင်း ဒေါ်ဌေးဌေး(အမည်လွှဲ) ကဆိုပါတယ်၊၊ ပြီးခဲ့တဲ့ ဧပြီလ ဒေသတွင်းသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်မှာ စစ်တွေမြို့အတွင်း ပြည့်တန်ဆာ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အမျိုးသမီးငယ်တွေ ပိုမို များပြားလာနေတယ်ဆိုတဲ့အကြောင်း သတင်းဖော်ပြ ထားပါတယ်၊၊

မခင်လေးက ‘’ ဟိုတစ်ပါတ်က ယားနာတွေ ပေါက်သေးတယ်။ အလုပ်မလုပ်ရတော့ အကြွေးထပ် တင်တယ်(ရခိုင်ဘာသာစကားကိုမြန်မာပြန်) ’’ လို့ ဆိုပါတယ်ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေသူ ကလေး နှစ်ယောက်မိခင်မခင်လှ(အမည်လွှဲ)ကလည်း ’’နေထိုင် မကောင်းဖြစ်လို့ ပြမယ့်ဆေးခန်းလည်းမရှိဘူး၊ ဆေးလည်းမရှိဘူး(ရခိုင်ဘာသာစကားကိုမြန်မာပြန်) ’’လို့ ဆိုပါတယ်၊၊ မခင်လေးတို့ မခင်လှတို့လို ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ ယားနာတွေ ပေါက်လာတာ၊ ကိုယ်ခံအားနည်းလာတယ် လို့ခံစားရတာ စတဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေအပေါ် မူတည်ပြီးသာ သူတို့လက်လှမ်းမီတဲ့ ဗဟုသုတနဲ့သာ သူတို့ဟာ HIV/AIDS ( ခုခံအားကျဆင်းမှုရောဂါ) ဖြစ်နေပြီဆိုတဲ့ သံသယနဲ့ နေထိုင် ကြပါတယ်၊၊

ရခိုင်ပြည်နယ်ရဲ့ မြို့ငယ်လေးအချို့မှာ သူနာပြုအဆင့် ကျန်းမာရေး၀န်ထမ်းသာ ရှိပြီး ဆေးရုံ ဆေးခန်းနဲ့ ဆေး၀ါးရရှိနိုင်ဖို့ အလွန်အခက်အခဲဖြစ်နေပါတယ်။ ပြည့်တန်ဆာလုပ်ငန်းခွင်ထဲကလူတွေအတွက်တော့ ပိုက်ဆံ ရှိရင်တောင် ဆေး၀ယ်သောက်၊ ဆေးစစ်စရာအခွင့်အလမ်းရှိမနေဘူးလို့ စုံစမ်းသိရှိရပါတယ်၊၊ ပြည့်တန်ဆာ လုပ်ငန်းခွင်ထဲ ရောက်နေသူ မခင်လေးတို့၊ မခင်လှတို့လို အမျိုးသမီးတွေမှာ ကွန်ဒုံးလို လိင်အင်္ဂါအကာအကွယ် ပစ္စည်းတောင် လက်လှမ်းမီရရှိဖို့ အခက်အခဲရှိနေပါတယ်၊၊

အိပ်ချ်အိုင် ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂပူးတွဲအစီအစဉ် UNAIDS ရဲ့ ၂၀၂၃ ခုနှစ် ခန့်မှန်းချက် အရ မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ ရှင်သန်နေထိုင်သူ ၂၈၀,၀၀၀ ခန့် ရှိပြီး HIV ဖြစ်ပွားမှုအနေနဲ့ အသက် ၁၅ မှ ၄၉ နှစ် အတွင်း အရွယ်ရောက်ပြီးသူ လူ ၁,၀၀၀ မှာ ၉ ဦးခန့် ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်၊၊ဒါဟာ ၂၀၂၃ခုနှစ်က ခန့်မှန်းထုတ်ပြန်ထားတဲ့ အချက်အလက်သာဖြစ်ပြီး လက်ရှိကာလမှာ ဘယ်လောက် တိုးလာနေ လဲဆိုတာ ခန့်မှန်းရ ခက်တဲ့ အနေအထားဖြစ်ပါတယ်၊၊

‘’သူတို့မှာလက်ငင်းအကာအကွယ်လည်း လူတိုင်းမသုံးနိုင်ကြဘူး။ ရောဂါတွေဘာတွေ ဖြစ်လာရင် လည်း ကုသဖို့ဆေးခန်းကောင်းကောင်း မရှိတဲ့အပြင် ကုဖို့ဆေးကလည်း ငွေဘယ်လောက်ရှိရှိ ဝယ်လို့မရ ဘူးလေ။ စစ်ပွဲတွေကြောင့် ဆေးဝါးတင်သွင်းခွင့်မရသလို အခုရှိတဲ့ဆေးဝါးတွေကလည်း ဈေးတအားများနေ တယ်လေ။ ရောဂါဖြစ်လာရင်သေပေါ့။ အသေခံရုံအပြင် အခြားမရှိဘူး(ရခိုင်ဘာသာစကားကိုမြန်မာပြန်) ’’လို့ ပြည့်တန်ဆာခေါင်းလုပ်နေသူက ဆိုပါတယ်၊၊

အကာအကွယ်မရှိ လိင်ဆက်ဆံတာကြောင့် HIV/AIDS ဖြစ်လာနိုင်တယ်ဆိုတာ အသိရှိကြပေမယ့်လည်း ဆက်လက်လုပ်ကိုင်နေသူတွေဟာ ဆေးစစ်မှုနဲ့ ဆေးဝါးရရှိမှုက လက်လှမ်းမမီနိုင်အောင် ခက်ခဲနေပါတယ်။

ြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကစပြီး HIV/AIDS ကူးစက်ဝေဒနာရှင်များ ရောဂါသက်သာစေပြီး သက်တမ်း စေ့နေနိုင်ရေး နေ့စဉ် သောက်သုံးရတဲ့ ART ဆေး ကို ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်တဲ့နေရာတွေ မှာသာ ထုတ်ယူနိုင်တယ် လို့ ကန့်သတ်လိုက်ပါတယ်။

ယခင်က ကျန်းမာရေးဝန်ကြီးဌာနအပြင် INGO၊ NGO များမှ အခမဲ့ထုတ်ပေးခဲ့ပါတယ်။ ယခုအခါမှာ တော့ ပဋိပက္ခတွေ ဖြစ်နေရာဒေသတွေက HIV/AIDS လူနာတွေအတွက်ပိုပြီး ဆေးရရှိမှု ပိုခက်ခဲလာနေပါတယ်၊၊

ယင်းဒေသတွေမှာ ART ဆေးဖြန့်ဝေပေးမှုဟာ ရှိတဲ့နေရာရှိပေမယ့် ဆေးဝါးတွေ အဆက်မပြတ် ရရှိနိုင်ဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလိုပဲ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်အများစုမှာလည်း ဆေးပြတ်လပ်မှု ကြောင့် ရောဂါသည်အချို့အသက်သေဆုံးနေတာတွေ သတင်းတွေမှာ ဖော်ပြထားပါတယ်၊၊

ကမ္ဘာအနှံ့ ရန်ပုံငွေလျော့နည်းလာမှုတွေအပြင် စစ်ရေးပဋိပက္ခတွေကြောင့် လူမှုအသိုက်အဝန်းတွေ အတွက် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့တဲ့ တိုးတက်မှုတွေကို နောက်ပြန်လှည့်နေတယ်လို့ WHO က သတိပေး ထောက်ပြထားပါတယ်၊၊

ပြီးခဲ့တဲ့ရက်ပိုင်းက နာဂဒေသကနေ မုံရွာမြို့ကို ART ဆေးလာထုတ်တဲ့ စေတနာဝန်ထမ်းတစ်ဦးက ဆေးရုံက ထောက်ခံစာအပြင် လွှဲစာပါ ပါရမယ် တောင်းဆိုပြီး တကယ်ထုတ်ပေးတော့လည်း ဆေးပမာဏ အပြည့်မရတာ ကြုံရတယ်လို့ ဆိုပါတယ်။

ဒါအပြင် လမ်းခရီးတွေမှာ တိုက်ပွဲဖြစ်နေလို့ ဆေးရနိုင်ဖို့ အခက်ကြုံနေရတာကတော့ နေရာဒေသ အလွန်များပါတယ်၊၊

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့က ART ဆေးရရှိဖို့အခက်ခဲဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်က ၄၅ နှစ်အရွယ် HIV ပိုးကူးစက်ခံထားရသူ အမျိုးသား တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါဟာ ပဋိပက္ခဖြစ်နေတဲ့ ဒေသမဟုတ်တဲ့ နေရာမျိုးမှာတောင် ART ဆေး အချိန်မီ မရရှိတာနဲ့ အပြည့်အ၀ မရရှိသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဟာ အဆုံးစီရင်တဲ့အထိ ဖြစ်သွားခဲ့တယ်ဆိုတာ သက်သေတစ်ခု အဖြစ်ပြသနေပါတော့တယ်၊၊

ART ဆေးဟာ HIV ကူးစက်ခံထားရသူတွေကို HIV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကို လျှော့နည်းအောင် တိုက်ဖျက်ပေးတာမို့ စနစ်တကျ တိုက်ကျွေးတဲ့ ကုထုံးဖြစ်ပါတယ်။ ဆေးမသောက်တဲ့ အချိန်တွေ ကြာလာတဲ့အခါ CD4 လို့ ခေါ်တဲ့ ကိုယ်ခံအားကျဆင်းလာတာ၊ HIV ပိုးကောင်ရေ ထိန်းချုပ်နိုင်မှု မရှိတော့တဲ့အတွက် ပိုးကောင်ရေတွေ ပိုတိုးလာတာကိုယ်ခံအားနည်းပြီး တခြားရောဂါတွေပါ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်ရောက်လာနိုင်တာ၊ ကုသရခက်ခဲတဲ့အခြေနေ‌ ရောက်လာနိုင်တာ၊ မိမိကနေအခြားသူထံ ကူးစက်နိုင်တာ အစရှိတဲ့ဆိုးကျိုးတွေ ခံစားလာရနိုင်ပါတယ်၊၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှတ်တမ်းတွေအရ ၂၀၂၄ ခုနှစ်မှာ တစ်ကမ္ဘာလုံးက လူဦးရေ ၄၀.၈ သန်းဟာ HIV ပိုးနှင့် ယှဉ်တွဲနေထိုင်လျှက်ရှိပြီး ခြောက်သိန်းသုံးသောင်းဟာ HIV/AIDS ကြောင့် သေဆုံးခဲ့ပါတယ်။

ဒါအပြင် မြင့်တက်လာတဲ့ မညီမျှမှုတွေ၊ မရှိမဖြစ် အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကို လက်လှမ်းမနိုင်မှု လျော့နည်းလာမှုကြောင့် လူသန်းပေါင်းများစွာဟာ အန္တရာယ်ကျရောက်နေတယ်လို့လည်း WHO က ထုတ်ပြန် ထားပါတယ်။

၂၀၂၁ ခုနှစ် မတိုင်ခင်က နိုင်ငံတဝန်းလုံး ART Center ၇၈ ခု နဲ့ Decentralized ART Sites (ART ဆေးပေး ဌာနခွဲ) ၉၅ ခု ကျော်ရှိခဲ့ပါတယ်။ ကချင်ပြည်နယ် (ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်) ကရင်ပြည်နယ် (ဘားအံ၊ မြဝတီ မြို့နယ်) ကယားပြည်နယ် (လွိုင်ကော်မြို့နယ်) ချင်းပြည်နယ် (ဟားခါးမြို့နယ်) မွန်ပြည်နယ် (မော်လမြိုင်၊ သထုံ၊ ရေးမြို့ နယ်) ရခိုင်ပြည်နယ် (စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်) ရှမ်းပြည်နယ် (တောင်ကြီး၊ လွယ်လင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ လာရှိုး၊ ကလောမြို့နယ်) စစ်ကိုင်းတိုင်း (ဟုမ္မလင်း၊ ကလေး၊ ရွှေဘို၊ တမူး၊ မုံရွာ၊ စစ်ကိုင်း မြို့နယ်)။ တနင်္သာရီတိုင်း (ထားဝယ်၊ ကော့သောင်း၊ မြိတ်မြို့နယ်) နေပြည်တော်ကောင်စီနယ်မြေ (နေပြည်တော်၊ ပျဉ်းမနား မြို့နယ်) ပဲခူးတိုင်း (ပဲခူး၊ ပြည်၊ တောင်ငူမြို့နယ်) ဧရာဝတီတိုင်း (ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံမြို့နယ်) မန္တလေးတိုင်း (ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံမြို့နယ်)နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ကျန်မားရေးဌာနများ၊ ဆေးရုံကြီးများ၊ ရန်ကုန်တိုင်း (မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ သာကေတမြို့နယ်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်ဆေးရုံကြီးတွေ မြို့နယ်ကျန်းမာရေးဌာနတွေမှာ ART စင်တာတွေဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

အဲဒီ ART စင်တာတွေမှာ NGO INGO အဖွဲ့တွေလည်း ပါနေခဲ့ပေမယ့် ယခုအခါ NGO INGO အဖွဲ့တွေရဲ့ ART ဆေးထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်တာကြောင့် HIV/AIDS တိုက်ဖျက်ရေးအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုတွေ ဖြစ်လာတာတွေ့ရပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ HIV နှင့်ပတ်သက်တဲ့ ကျန်းမာရေးဝန်ဆောင် မှုတွေကို ရရှိဖို့ ခက်ခဲတာနဲ့ လုံးဝမရရှိတာတွေလည်း ကြုံနေရတယ်လို့ ဒေသအခြေစိုက် အဖွဲ့အစည်းတွေက ထုတ်ပြန်ကြပါတယ်။

မြန်မာနိုင်ငံလို ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ART ဆေးနဲ့ အသက်ဆက်နေရတဲ့ HIV/AIDS ဝေဒနာရှင်တွေဟာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် အခက်အခဲတွေကြားထဲ ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။

မခင်လေးရဲ့ မျှော်လင့်ချက်ကတော့ ’’ အခုလည်းဆက်ပြီး ဒုက္ခခံရရင် တစ်နှစ်လောက်ပါပဲ။ ပိုက်ဆံစုပြီး စစ်ကြီးပြီးသွားရင် ကိုယ့်နေရာကိုပြန်လို့ စျေးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး မိသားစုတွေစုစုစည်းစည်းနဲ့ ပျော်ပျော်ပါးပါး နေလို့ရပါပြီလေ(ရခိုင်ဘာသာစကားကိုမြန်မာပြန်)လို့ပြောပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ