Skip to content

ဖြတ် ချင်တိုင်း ဖြတ်နေကြတဲ့ သကြားအန္တရာယ်

ကိုဘသက်

ဖေ့ဘွတ်လို့ လူသိများတဲ့ ဆိုရှယ်မီဒီယာတခွင်က မြန်မာနိုင်ငံသားတွေကြားထဲ အခုတလော Trend ဖြစ်နေတာက “သကြားဖြတ်တာ”။ ဘယ်သူက ဘယ်ကနေ စလိုက်မှန်းမသိပေမယ့် အတော်များများကတော့ သကြားဖြတ်ရင် ဝိတ်ကျမယ်၊ ဗိုက်ခေါက်ပျောက်မယ်၊ အသားအရည် ကြည်လင်မယ်၊ လူကို လန်းဆန်းစေမယ်၊ Fatty Liver ဆိုတဲ့ အသည်းအဆီဖုံးတာတွေကို လျော့ကျစေမယ်တဲ့။ ပျိုတိုင်းကြိုက်စေတဲ့ Trend ဆို တော့ သကြားဖြတ်တဲ့ Challenge တွေတောင် ထွက်လာကော။ တကယ်တော့ သကြားကို ဘာကြောင့် ဖြတ် ခိုင်းတယ်၊ သကြားကို လိုတာထက် ပိုစားမိစေတဲ့ ဒီကနေ့ အခင်းအကျင်းနဲ့ကျန်းမာရေးအရ ဆိုးကျိုးတွေ ဘာတွေ ရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။

“မိန်းမတယောက်က သကြားဖြတ်တဲ့အချိန်မှာ အရမ်းကို နုပျိုသွားတယ်ဆိုပြီး အရမ်းကို Trend ဖြစ်နေတော့၊ မိန်းကလေးတွေကလည်း တအားလှချင်တော့ သကြားလိုက်ဖြတ်ကြတာ၊ အဲဒီလို ဖြစ်နေကြတာ” လို့ မြောက်ဥက္ကလာပမှာ နေတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

 

သကြားစားတာ ဘယ်က စ

ကြံကနေ သကြားထုတ်လုပ်တာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ လောက်ကတည်းက အိန္ဒိယက စတာပါ။ ဓာတုဗေဒနည်း သုံးပြီး သန့်စင်ထုတ်လုပ်တာ ဖြစ်လို့ နှစ်ပေါင်းများစွာ ရှားပါးစျေးကြီးအဖြစ် ရှိခဲ့တာပါ။ အဲဒီတုန်းကတော့ စားသုံးသူဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းလောက်ပဲ ရှိတာပါ။ ၁၈ ရာစုလောက်မှာတော့ ဘရာဇီးနဲ့ ကာရစ်ဘီယံဒေက စိုက်ခင်းစီးပွားရေးစနစ်နဲ့အတူ သကြားဟာ ရှားပါးဇိမ်ခံပစ္စည်းကနေ လျှောကျပြီး စျေးနှုန်းလည်း သက်သာ၊ နေရာတိုင်းမှာလည်း ရနိုင်တဲ့ အခြေခံစားကုန် ဖြစ်လာပါတယ်။ ၁၉ နဲ့ ၂၀ ရာစုဖြစ်တဲ့ စက်မှုခေတ်မှာတော့ အစားအစာတွေကို ပြုပြင်ထုတ်လုပ်တာ၊ အချိုရည်တွေ ခေတ်စားလာတာကနေ သကြားဟာ မပါမဖြစ် အရာ ဖြစ်လို့ လာသလို သကြားစားသုံးမှုကလည်း မြင့်တက်သထက် မြင့်တက်လာပါတယ်။

သကြား စွဲလမ်းမှု သီအိုရီ

၂၀ ရာစု အလယ်ပိုင်းမှာတော့ သကြားအလွန်အကျွံ စားသုံးမှုဟာ ကျန်းမာရေးနဲ့ ဆက်စပ်ပြီး ဆီးချို၊ နှလုံးနဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ ဆိုင်တဲ့ ရောဂါတွေနဲ့ ဆက်စပ်နေကြောင်း သက်သေအထောက်အထားတွေ ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဒီလိုတွေ ဖြစ်တာဟာ သကြားချည်း သက်သက်ကြောင့်လား၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုး ကယ်လိုရီများတာကြောင့်လားဆိုတာကို အငြင်းပွားမှုတွေ ညံ့ခဲ့ပါတယ်။ ၁၉၈၀ ကနေ ၂၀၀၀ ပြည့်နှစ်အထိ ကာလအပိုင်းမှာတော့ တိရစ္ဆာန်တွေကို အဓိကထားလေ့လာတဲ့ သုတေသနတွေ ရှိလာပြီး သကြားဟာ မူးယစ်ဆေးလိုပဲ ဦးနှောက်ကို Dopamine ဆိုတဲ့ ဓာတုဓာတ်ပေါင်း (Neurotransmitter) ကို ထုတ်ပေးတယ်ဆိုတာ တွေ့ရှိလာပါတယ်။ ဒီ ဒိုပါမင်းက ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ အလုပ်လုပ်ဖို့ အရေးကြီးတဲ့ ဓာတ်ပေါင်းပါ။ အဲဒီဓာတ်ပေါင်းက ကိုယ်က အလုပ်လုပ်လို့ အောင်မြင်တဲ့အခါ၊ လိုချင်တာကို ရတဲ့အ ခါ၊ စားချင်တာလေးကို အရသာ ရှိရှိ စားလိုက်ရတဲ့အခါမျိုးမှာ ထွက်လာပြီး “ကျေနပ်တယ်၊ ပျော်ပြီလေ” ဆိုတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ဒီကနေမှ နောက်ထပ် နောက်ထပ် ထပ်လုပ်ချင်စိတ် (Motivation) ကို ဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို ချောမွေ့အောင် ထိန်းချုပ်ပေးတာ၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစိုက် နိုင်စွမ်းကို ကူညီပေးတာ၊ စိတ်ကြည်လင် လန်းဆန်းမှုတွေကို ဖြစ်စေတာတွေကို ဒိုပါမင်းဓာတ်ပေါင်းက ကူပေးပါတယ်။ ဒီလို တွေ့ရှိမှုကနနေ သကြားစွဲလမ်းမှု (Sugar Addiction) သဘော တရားကို သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီကတဆင့် Sugar Detox ဆိုတဲ့ သကြားရှောင်တဲ့ စားသောက်နည်းပုံစံတွေ ခေတ်စားလာတာ ဖြစ်ပါတယ်။  ဒိုပါမင်း ဓာတုဓာတ်ပေါင်းကြောင့် လူတွေက သကြားစားသုံးမှုကို ကြိုက်လာကြသလို သကြားဟာ မူးယစ်ဆေးလိုပဲ လူတွေကို စွဲလမ်းစိတ် ဖြစ်စေတာ ရှိ၊ မရှိကတော့ သိပ္ပံပညာရှင်တွေအကြား အခုထိ အမြင်တွေ ကွဲနေဆဲပါ။ သို့သော် သကြားဟာ နာတာရှည်ရောဂါတွေနဲ့ ဆက်စပ်နေတာကို သတိပြုမိလာတာကြောင့် သကြားကို လုံးဝဖြတ်တာထက် လျှော့ပြီးစားသုံးတာဟာ ပိုကောင်းတယ်ဆိုတဲ့ လမ်းညွှန်မှုတွေ ရှိလာတာပါ။  

“တကယ်က သကြားဖြတ်တယ်ဆိုတာ Trend ဖြစ်နေတာ။ တကယ်က လိုတာထက် ပိုပြီး အလွန်အ ကျွံ သကြားဖြတ်ရင် ပစ်ပျက်လဲကျသွားတာမျိုးအထိ ဖြစ်တတ်တာ။ နောက်ဆုံး အသက်ပါ သေသွားနိုင်တယ်။ ဂရုစိုက်ဖို့ လိုတယ်” ဟု ထိုင်းနိုင်ငံ၌ ပြည်သူ့ကျန်းမာရေး (Public Health) ဖြင့် မာစတာဘွဲ့ ရယူထားသူ တစ်ဦးက ဆိုပါတယ်။

ကြောက်ဖို့ကောင်းတဲ့ သကြားစွဲလမ်းမှု

သကြားစွဲလမ်းမှု – Sugar Addiction ရှိနေပြီဆိုတာကိုတော့ ကမ္ဘာတဝန်းမှာ သက်သေအထောက် အထားတွေက ရှိလာနေပါပြီ။ ဒါပေမဲ့လည်း သီးသန့်အထူးပြု လေ့လာထားတာတော့ ရှားပါးနေပါသေးတယ်။ အမေရိကန်မှာတော့ သကြားစားသုံးမှု အဆမတန် မြင့်နေတဲ့ အချက်အလက်ကတော့ ဒါကို သက်သေပြနေပါတယ်။ အမေရိကန်က စည်သွပ်နဲ့ ထုပ်ပိုးပြီး အစားအစာတွေမှာ ၇၅ ရာခိုင်နှုန်း သကြားပါဝင်နေပါတယ်။ Washington State University ရဲ့ ဆန်းစစ်ချက်အရ အမေရိကန်တွေဟာ နေ့စဉ် စားသုံးသင့်တယ်လို့ အကြံပြုထားတဲ့ ပမာဏထက် သကြားကို ၃ ဆကနေ ၆ ဆအထိ ပိုမိုစားသုံးနေပါတယ်။ အမေရိကန်တစ်ဦး ဟာ တစ်နှစ်ကို အပိုထပ်ဆောင်းသကြား ၆၆ ပေါင်ခန့်ကို စားသုံးနေပြီး နေ့စဉ်ဆိုရင် တစ်နေ့ကို ၈၂ ဂရမ် ဒါမှ မဟုတ် လက်ဖက်ရည်ဇွန်း ၁၉ ဇွန်းခွဲနဲ့ ညီမျှတယ်လို့လည်း ဆိုထားပါတယ်။ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) သုတေသနအရ နှစ်ပေါင်း ၅၀ အတွင်း လူတွေရဲ့ အချိုရည်သောက်သုံးမှုနှုန်းဟာ ၅၀၀ ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်နေတယ်လို့ သတိပေးထားပါတယ်။ ဒါကြောင့်လည်း အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ (American Heart Association) က အရွယ်ရောက်ပြီး အမျိုးသမီးဟာ တစ်နေ့ကို အပိုထပ်ဆောင်း ၂၅ ဂရမ် ခန့် (လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း)နဲ့ အမျိုးသားတွေက ၃၈ ဂရမ် (ကိုးဇွန်းခန့်အောက်သာ စားသင့်တယ်လို့ အကြံပြုထားရပါတယ်။

သကြားဖြတ်ရင် …

သကြားကို အလွန်အကျွံ စားမယ်ဆိုရင် အဝလွန်တာ၊ ဆီးချို၊ နှလုံး၊ သွားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေက နောက်ဆက်တွဲ ရှိလာပါလိမ့်မယ်။ ဒါ့အပြင် နေ့ခင်းပိုင်းတွေမှာဆို အားအင်ကုန်ခမ်းတာ၊ နိုးကြားမှု လျှော့ကျတာတွေလည်း ခံစားရနိုင်ပါတယ်။  Sugar Detox ဆိုတဲ့ သကြားဖြတ်တယ်ဆိုတာ ကိုယ် စားသုံးနေကျ အပိုထပ်ဆောင်းသကြား (Added Sugar) ပမာဏကို လျှော့ချတာပါ။ ဒါဟာ ကျန်းမာတဲ့ နေထိုင်မှုပုံစံအတွက် အရေးကြီးပါတယ်။ နေ့စဉ် ပုံမှန် အာဟာရအုပ်စုအလိုက် စားသုံးနေတဲ့ အသား၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ပါတဲ့ သကြားဓာတ်ကို ဖြတ်ဖို့ လိုတာ မဟုတ်ပါဘူး။ သားရည်စာ၊ အသင့်စားအဖြစ် သကြားကဲပြီး ဖန်တီးထားတဲ့ Added Sugar တွေကို ဖြတ်ဖို့ လိုတာပါ။  ကျန်းမာရေး ဗဟုသုတ နည်းပြီး လှမယ်၊ ပမယ်ဆိုပြီး သူများ ယောင်တိုင်း လိုက်ယောင်ရင်တော့ သကြားဖြတ်ခြင်းရဲ့ ဆိုးကျိုးတွေကို ကာလအနည်းငယ်တော့ ခံရပါလိမ့်မယ်။

“သကြားဖြတ်ရင် ဒေါသထွက်တယ်၊ စိတ်တိုတယ်တဲ့။ အခု အဲဒါ ဟာသတွေ လုပ်နေကြတယ်။ သကြားတွေ အကုန်လိုက်ဖြတ်နေကြတော့ စိတ်တိုတဲ့ လူအုပ်ကြီးနဲ့ တည့်တည့်တိုးမှာ ကြောက်လို့၊ ငါတို့တော့ မဖြတ်တော့ဘူး ပြေးပြီဆိုပြီး ဟာသတွေ ပြောနေကြတယ်။ သကြားတွေကို ဇွန်းနဲ့ ကလော်ပြီး စားနေကြတာမှ မဟုတ်တာ။ ကိုယ်စားတဲ့ အာဟာရတွေထဲမှာ ပါဝင်တဲ့အချိုဓာတ်ကိုပဲ စားတာလေ။ မြန်မာတွေက နဂိုကတည်းက အချိုကြိုက်တာလေ။ အိန္ဒိယတွေလည်း အတူတူပဲလေ” လို့ စမ်းချောင်းမြို့နယ်မှာ နေတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အပိုထပ်ဆောင်း သကြားဖြတ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုတွေ ရှိပြီး တစ်ဦးနဲ့ တစ်ဦး ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံခြင်း မတူပါဘူး။ ကိုယ်စားခဲ့တဲ့ အချိုစာတွေ၊ အချိုရည်ပမာဏာတွေ လိုက် သကြားဖြတ်တဲ့အခါ ပြတဲ့လက္ခဏာတွေက ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်ပါတယ်။ သကြားဖြတ်လိုက်ရင် ဒိုပါမင်းဟော်မုန်း ကျတာမို့ စိတ်ပိုင်းဆိုင်ရာအရ Depressed Mood လို့ ဆိုတဲ့ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်တတ်သလို ဂနာမငြိမ်တာ၊ ဒေါသထွက်တာ၊ စိတ်ကို မထိန်းနိုင်တာတွေ ဖြစ် တတ်ပါတယ်။ ညပိုင်းတွေမှာ အိပ်စက်မှုစက်ဝန်း ပျက်ပြီး အိပ်ပျော်ဖို့ ခက်တာ၊ ကောင်းကောင်း အိပ်မပျော် တာတွေ ဝင်လာတတ်ပါတယ်။ ပြီးရင် အာရုံစူးစိုက်နိုင်မှု ကျပြီး မေ့လွယ်တာတွေ ကြုံရသလို ပေါင်မုန့်၊ ခေါက်ဆွဲ၊ အာလူးကြော် တို့လို ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားတွေ အလွန်အမင်း စားချင်စိတ်တွေ ဖြစ်လာ တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာလည်း အားအင်ကုန်ခမ်းသလို နွမ်းနယ်နေတာ၊ တချို့သူတွေမှာဆိုရင် ခေါင်း တွေ ကိုက်နေတာအထိ ဖြစ်တတ်ပါတယ်။ တချို့သူတွေကတော့ ခေါင်းမူးတာ ဒါမှမဟုတ် မူတာ၊ ပျို့ချင် အန်ချင်တာတွေအထိ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အပိုသကြား စားတဲ့အလေ့အကျင့် ဖြတ်တဲ့အခါ အချိန်ယူ ရပါမယ်။

“သကြားကို နေ့စဉ်လူမှုဘဝမှာ ဒီတိုင်းထပ်ထည့်စားတာအပြင် မုန့်ပဲသရေစာ၊ အချိုရည်၊ အသီးအနှံ စတဲ့ပုံစံမျိုးစုံနဲ့ လူတိုင်းက နေ့စဉ် စားသောက်နေကြပါတယ်။ Free sugar လို့ခေါ်တဲ့ အစားအစာထဲ အလွတ်သဘောမျိုးထည့်စားတဲ့ အချိုဓါတ်တွေကို ကာလကြာရှည်ကတည်းက အလွန်အကျွံမစားကြဖို့ သတိပေးထားခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ဆီးချိုရောဂါလို နာတာရှည်ရောဂါသည်တွေမှာ အပိုသကြားစားသုံးခြင်းကို ရှောင်ကြဉ်ခိုင်းတဲ့အပြင် အသီးအနှံတွေမှာပါတဲ့ သဘာဝသကြားကိုပါ လျှော့စားခိုင်းလေ့ ရှိပါတယ်။ သကြားဟာ သဘာဝအတိုင်း အစားအစာတွေမှာလည်း ပါဝင်နေတာဖြစ်တဲ့အတွက် သကြားလိုအပ်ချက်ထက်ပိုပြီး အလွန်အကျွံစားတာကို ဘယ်သူမှ မလုပ်သင့်သလို သကြားလုံးဝ ဖြတ်တာမျိုးကိုလည်း ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပေါ် မူတည်ပြီးတော့ အချိန်ယူ ဆောင်ရွက်သင့်ပါတယ်။ အလွန်အကျွံလုပ်ဆောင်ခြင်းဟာ ရေရှည်ထိန်းသိမ်းဖို့ခက်ခဲပြီး အကျိုးမရှိနိုင်ပါဘူး။”  

အပိုသကြား စားတဲ့ အကျင့် ဖြတ်တဲ့အခါ ရေ ဒါမှမဟုတ် Sparkling လို ဆိုဒါကဲတဲ့ အရည်တွေကို ပိုသောက်ဖို့ လိုသလို မနက်စာ စားကတည်းက သကြားပါဝင်မှု နည်းတဲ့ ဟင်းသီးဟင်းရွက်၊ အသီး၊ အမျှင်ဓာတ် ကြွယ်တဲ့ ကြက်ဥကြော် စတာမျိုးနဲ့ စတင်ပါ။ အစားအစာနဲ့ ဟင်းသီးဟင်းရွက် အမွှေးအကြိုင်တွေမှာ ထုတ်က တည်းက အရသာရှိအောင် သကြားထည့်ထားတတ်တော့ အသုပ်ဆမ်းဆီ၊ ဘာဘီကျူးဆော့စ်၊ ဂျုံ၊ ခေါက်ဆွဲ စတာတွေမှာ သကြားပါဝင်မှု ဘယ်လောက်ပါတတ်သလဲဆိုတာ ဆန်းစစ်ပြီး ဝယ်ယူ စားသုံးပါ။ ဦးနှောက်က သကြားဓာတ်ကျလို့ အစာပြေ သရေစာ စားချင်လာရင် အာဟာရပြည့်တဲ့ အခွံမာသီးနဲ့ အစေ့အဆန်၊ သစ်သီး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥပြုတ်လိုဟာတွေ စားပေးပါ။ နောက်ပြီး လူတွေက ပုံမှန် အစားအစား စားပြီးရင် အချိုပွဲလေး စားလိုက်ဦးမှ ဆိုတဲ့ အလေ့အကျင့် ရှိပါတယ်။ အထူးသဖြင့် ညစာ စားပြီးချိန်တွေမှာပါ။ ဒါဟာ အကျင့်လား၊ တကယ်ပဲ ဗိုက်မပြည့်သေးလို့လား ဆိုတာ ဆန်းစစ်ပါ။ တကယ်လို့များ ဗိုက်ဆာနေသေး တာကြောင့်ဆိုရင် မက်ကဒေးမီးယားလို အစေ့၊ ဘယ်ရီနဲ့ အုန်းသီးပါပြီး အချိုမပါတဲ့ ဒိန်ချည်လိုမျိုး ကျန်းမာ ရေးနဲ့ ညီတဲ့ အဆီဓာတ်ကဲသော အရာတွေကို စားပါ။ နေ့စဉ် စားသုံးတဲ့ ပုံစံကိုလည်း အာဟာရပြည့်ဝအောင် ဦးစားပေး စားတာဟာလည်း သကြားလျှော့ဖို့ အထောက်အကူဖြစ်တာမို့ သဘာဝအစားအစာတွေကို များများ စားသုံးပေးဖို့ လိုပါတယ်။

#သကြား

#နာတာရှည်

#အဝလွန်

#Dopamine

#သဘာဝအစားအစာ

ကိုးကား

https://www.addictionhelp.com/sugar/statistics/

https://www.healthline.com/health/sugar-detox-symptoms#summary

https://www.who.int/news/item/04-03-2015-who-calls-on-countries-to-reduce-sugars-intake-among-adults-and-children

https://www.princeton.edu/news/2008/12/10/sugar-can-be-addictive-princeton-scientist-says

လူကြိုက်များသောဆောင်းပါးများ