နေရပ်စွန့်ခွာသူတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

Published On: December 18th, 2025|Views: 290|

ဝေဝေစိုး

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာမို့ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာပြီး လက်ရှိ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာ့ ဝမ်းရေးဒုက္ခအကျပ်အတည်း ပိုမိုဆိုးရွာနိုင်စေတဲ့ အခြေအနေမှာ ရှိနေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Program – WFP) က ပြောဆိုလိုက်ပါတယ်။ 

ဒီလို မြင့်တြ်လာတာဟာ အနိုင်နိုင် ရုန်းကန်နေရတဲ့ သန်းနဲ့ချီတဲ့ အိမ်ထောင်စုတွေကို ဆိုးရွားတဲ့ ဒုက္ခဆင်းရဲတွင်းထဲ တွန်းပို့သလို ဖြစ်နိုင်တယ်လို့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။ 

မြန်မာပြည်သူပြည်သားတွေဟာ လက်ရှိမှာ ဆိုးရွားတဲ့ ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်တွေဟာလည်း ကျန်းမာရေးအတွက် လုံလောက်တဲ့ အစားအစာကို ဝယ်ယူစားသုံးတာ မရှိကြသလို ကလေးငယ်ထောင်ပေါင်းများစွာ ဟာလည်း အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။ 

နေရပ်စွန့်ခွာနေရတဲ့ ကလေးငယ်နဲ့ မိခင် လေးသိန်းကျော်ဟာ အာဟာရတန်ဖိုး နည်းတဲ့ ထမင်းဖြူသပ်သပ် ဒါမှမဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုစားသောက်နေရတယ်လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunfordက ဆိုပါတယ်။ 

သူတို့ဟာ အစားအစာ မလုံလောက်မှုနဲ့ အာဟာရပြည့်ဝစွာ မရရှိမှုအပြင် ဖြစ်သလို မြေပြင်မှာ တဲထိုးနေရတာတွေကြောင့် ရာသီဥတုဒဏ်ကိုလည်း ခံစားနေရပြီး ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနေပါတယ်။ ဖြစ်သလို ဆောက်ထားရ တဲတွေဟာ အအေးဒဏ်၊ အပူဒဏ် နှစ်ခုစလုံးကို အံမတုနိုင်ပါဘူး။ ဒါ့အပြင် အောက်ခြေကြမ်းခင်း မရှိဘဲ နေထိုင်ရလို့ မြေအပူဓာတ်ကိုပါ တိုက်ရိုက်ခံနေရပြီး ကျန်းမာရေးထိခိုက်မှုတွေ များလာတယ်လို့ ဒေသတွင်း ဆေးကုသပေးနေသူတွေက ပြောပါတယ်။ 

နေရပ်စွန့်ခွာသူ အများစုဟာ ဖျားနာတာအပြင်၊ သွေးတိုးရောဂါ၊ အာဟာရပြတ်လပ်တာတွေအပြင် တချို့ဒေသတွေမှာ ဆို အနာကြီးရောဂါဝေဒနာ ခံစားရသူတွေပါ ရှိလာတယ်လို့ ရွှေဘိုမြို့နယ်အတွင်းက နေရပ်စွန့်ခွာသူတွေကို ဆေးကုသ ပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။ သက်ကြီးပိုင်းတွေမှာ ဆိုရင် သွေးအားနည်းတာ၊ ကလေးငယ်တွေမှာ အာဟာရ ချို့တဲ့တာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင် ပုံမှန်ဆေးကုသခွင့် မရာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘို၊ ကလေး၊ ကန့်ဘလူ၊ ချောင်းဦး စတဲ့ မြို့နယ်တွေက နေရပ်စွန့်ခွာရသူ (IDP) တွေ ဟာ ဆေးဝါးနဲ့ အစားအစာကို အဓိက လိုအပ်နေကြတယ်လို့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။ ရာသီအကူးအပြောင်းကာလကြောင့် ဝမ်းပျက်ဝမ်းလျော ဖြစ်တာ၊ သန့်ရှင်းတဲ့ ရေကို လုံလုံလာက်လောက် မရတာကြောင့် ယားနာဖြစ်တာ၊ ဖျားနာတာတွေနဲ့ အဆုတ်ရောင်ရောဂါတွေ အဖြစ်များနေသလို ဆောင်းတွင်းကာလဖြစ်ပြီး လုံခြုံတဲ့ နေစရာ၊ အအေးဒဏ်ကာကွယ်နိုင်မယ့် စောင်တွေ မလုံလောက်တာကြောင့်လည်း အအေးမိ၊ ချောင်းဆိုး၊ ဖျားနာတွေလည်း ရှိနေတယ်လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နေရပ်စွန့်ခွာသူတွေကို ထောက်ပံ့ကူညီနေသူတွေက ပြောပါတယ်။ 

“ကန့်ဘလူမြို့နယ်ထဲမှာဆို ဟိုးအစကတည်းက ရေရှည်စစ်ရှောင်၊ အရေးပေါ်စစ်ရှောင်ရယ်ဆိုပြီး ရှိတာပေါ့နော်။ အရေးပေါ် ပြေးရတဲ့ ပြည်သူတွေအတွက်ကကျ တချို့ဆို ဆန်၊ ဆီ စားနပ်ရိက္ခာ မသယ်နိုင်ပဲ ကိုယ်လွတ်ရုန်းပြေးလာရတာတွေ လည်းရှိတော့ စားနပ်ရိက္ခာလိုတာမျိုးတွေရယ်၊ နောက်ပြီး အခုကာလက ဆောင်းတွင်းဖြစ်နေတော့ ဖြစ်သလို အိပ်ရ၊ နေရတဲ့အခါ အသက်ကြီးပိုင်းလူကြီး‌တွေအနေနဲ့ကျ ရာသီဥတုဒဏ်ခံရတာကလည်း ပြသနာဖြစ်နေတော့ အနွေးထည်၊ စောင် လိုတာမျိုးတွေ ရှိနေပါတယ်” လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကွန်ရက်ရဲ့ မြို့နယ်တာဝန်ခံက ပြောပါတယ်။ 

တနင်္သာရီတိုင်းအတွင်းမှာလည်း နေရပ်စွန့်ခွာရသူ ခြောက်သောင်းကျော် ရှိနေပြီး ဒီထဲမှာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အို အများစု ဖြစ်ပြီး နေရေး စားရေးအပြင် ရာသီဥတုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ပဋိပက္ဖဖြစ်ရာဒေသတွမှာ အစားအသောက်နဲ့ ဆေးဝါးသယ်ယူပို့ဆောင်မှုမှာလည်း အခက်အခဲတွေ ရှိကြလို့ ပိုပြီး အခက်ကြုံနေတဲ့အပြင် ကျွမ်းကျင်ဆရာဝန်နဲ့ သူနာပြု ရှားပါးမှုလည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုပြီး ခက်ခဲစေပါတယ်။ 

အမျိုးသမီးတွေမှာ လစဉ် ကျန်းမာရေးကိစ္စအတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ အတွင်းခံ မလုံလောက်တာတွေ ကြုံနေရပြီး တကိုယ်ရည်သန့်ရှင်းမှု အားနည်းလာတာ၊ မွေးကင်းစကနေ ငါးနှစ်အထိ ကလေးငယ်တွေ ပုံမှန်ထိုးရတဲ့ ကာကွယ်ဆေးတွေ မထိုးနိုင်လို့က ဝက်သက်၊ ပါးချိန်ရောင်၊ ဂျိုက်သိုး၊ ပိုလီယို၊ ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင် အသားဝါ (B) နဲ့ ရေကျောက်တို့ အသက်အန္တရာယ် ထိခိုက်စေတဲ့ ဖျားနာမှုတွေ ဖြစ်လာနိုင်ခြေ များနေပါတယ်။ 

ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး နေရပ်စွန့်ခွာရသူ ပိုများလာတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ ကုသနိုင်တဲ့ ရင်းမြစ် မလုံလောက်တာတွေ ကြုံနေရပြီး တချို့ဒေသတွေမှာဆို ကူညီထောက်ပံ့တာတွေ မလုပ်ပေးနိုင်တဲ့ အခြအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် နေရပ်စွန့်ခွာသူတွေဟာ လာမယ့်နှစ်အတွင်း အစားအ စာ မလုံလောက်မှု၊ အာဟာရချို့တဲ့မှု နောက်ဆက်တွဲပြဿနာတွေ ကြုံရပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ 

#နေရပ်စွန့်

#တကိုယ်ရည်သန့်ရှင်းမှု

#ကာကွယ်ဆေး

ပုံစာ – ပဋိပက္ခဒေသများအတွင်း ဖြစ်သလို နေထိုင်နေကြရသည့် နေရပ်စွန့်ခွာသူများ (ဓာတ်ပုံ – စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်)

ဒီအကြောင်းအရာကို မျှဝေပါ