လူငယ်အရွယ် စိတ်ကျန်းမာရေးပြဿနာ စောနိုင်သမျှ စောစွာ သတိပြုပါ

Published On: December 18th, 2025|Views: 257|

(Dr.Kris ရေးသားသည်)

ကမ္ဘာပေါ်က လူ ရှစ်ဦးမှာ တစ်ဦး၊ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ သန်း ၉၇၀ နီးပါးမှာ စိတ်ကျန်းမာရေး ဆိုင်ရာပြဿနာတွေကို ခံစားနေရပါတယ်။ အဲဒီအရေအတွက်အထဲက အများစုဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်လူရွယ်တွေဖြစ်ပြီး စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို အဓိက ရင် ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီအသက်အရွယ်ဟာ ဘဝရဲ့အလှည့်အပြောင်းတွေကို အဓိကရင်ဆိုင် ကျော်လွှာ ဖြေရှင်းရတာကြောင့်လည်း အဖြစ်များရတာပါ။ ဘဝအတွက် လိုအပ်တဲ့  ငွေကြေးနဲ့ အလုပ် အကိုင် တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစား တာဝန်ယူရတဲ့ အသက်အပိုင်းအခြား ဖြစ်နေတာကလည်း ဘဝအမောတွေ၊ ဖိအားတွေများစေပြီး စိတ်ကျန်းမာရေးအတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်လာစေပါတယ်။ 

ဒီအရွယ်တွေမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေက စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်မှုဆိုင်ရာ ရောဂါ (anxiety disorder) တွေ၊ စိတ်ကျရောဂါ (depression)၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့ အခြေအနေ (sleep disorders) တွေ၊ အရက်နဲ့ တားမြစ်ဆေးဝါးသုံးစွဲတာရဲ့ နောက်ဆက်တွဲ ပြဿနာ၊ အစားအသောက် မူမမှန်တဲ့ ပြဿနာ၊ ဆိုးဝါးတဲ့ အတွေ့အကြုံ ထိခိုက်မှုအပြီး ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ (PTSD)၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ အပါအဝင် မိုဘိုင်းလ်ဖုန်း သုံးတာကို  အလွန် အမင်း စွဲလမ်းတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ 

လတ်တလော မြန်မာလူငယ်လူရွယ်တွေဟာ ပညာရေးဆိုင်ရာစိန်ခေါ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ လူမှုစီးပွားအခက်အခဲဒုက္ခတွေအပြင် တချို့ လူငယ်လူရွယ်တွေမှာ ငယ်စဉ်ကလေးဘဝကတည်းက ကြီးပြင်းတဲ့ ပတ်ဝန်းကျင်းအသိုင်းအဝိုင်းက တစဆင့် ရခဲ့တဲ  စိတ်ဒဏ်ရာတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုကြီးထွားလာအောင် တွန်းပို့တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

 

ကိုယ့်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ရပ် ကြုံတွေ့ရလို့ ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားတဲ့ အခါ သတိပြု ရှောင်ကြဉ်သင့်တဲ့ အချက်တွေကတော့ – 

(က) အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးတာ

(ခ) ဂိမ်း ဒါမှမဟုတ် ဖုန်းကို အလွန်အကျွံ သုံးတာ

(ဂ) တကိုယ်တည်း သီးသန့် နေတာ

(ဃ) ဘယ်ကိစ္စကိုမဆို ကိုယ့်ဘာသာ ကိုယ် အပြစ်တင်တာတွေပဲ ဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့  ပြဿနာတွေကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ကျော်လွှားနိုင်ဖို့ဆိုရင် –

(က) နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းနဲ့ အားကစားနည်း တစ်ခုခုကို ကစားတာ 

(ခ) ကောင်းကောင်း အိပ်စက် အနားယူတာ

(ဂ) ပုံမှန် အသက်ရှူ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာ

(ဃ) စနစ်ကျပြီး အကျိုးရှိမယ့် အချိန်စီမံခန့်ခွဲမှုတွေ ပြုလုပ်တာ

(င) မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးတာ

(စ) ကိုယ်စိတ်ပါတဲ့ ဝါသနာနဲ့ ဖန်တီးမှုတွေမှာ ပါဝင်တာ

(ဆ) ဆိုရှယ်မီဒီယာ အသုံးပြုတာကို ကန့်သတ်တာတွေကို လုပ်နိုင်ပါတယ်။ 

လူငယ်တွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြည်သူ့ကျန်းမာရေးရှုထောင့်ကနေ ဦးစားပေးအနေနဲ့ ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသင့်သလဲ 

(က) ကိုယ့်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိနေပြီလားဆိုတာ ဆောလျင်စွာ အဖြေရှာတာ၊

(ခ) မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နွေးထွေးလုံခြုံတဲ့ လူမှုဆက်ဆံရေးပတ်ဝန်းကျင် ကောင်း တစ်ခု တည်ဆောက်တာ၊

(ဂ) စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်နဲ့ နှစ်သိမ့်ဆွေးနွေးမှုကို တယ်လီကျန်းမာ ဒါမှမဟုတ် အွန်လိုင်းကျန်းမာရေး ပလက်ဖောင်းတွေက တဆင့် ဖြစ်စေ၊ စိတ်ကျန်းမာရေး စင်တာတွေမှာ လူကိုယ်တိုင်တိုက်ရိုက် ဖြစ်စေ ခံယူတာ၊

(ဃ) ပဏာမ အခြေခံကျန်းမာရေး စောင့်ရှောက်မှု (Primary Health Care) လုပ်ငန်းစဉ်ထဲမှာ စိတ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်တွေ ထည့်သွင်းတာ၊

(င) စိတ်ကျန်းမာရေးနှင့် ပတ်သက်လို့ လူထုအတွင်း ပညာပေးလုပ်ငန်းတွေကို အပြုသဘောဆောင်စေတဲ့ စကားဝိုင်းတွေ၊ ကူညီပေးနိုင်မှုတွေကို တိုးမြှင့်ဆောင်ရွက်တာ၊

(စ) ဘေးကင်းလုံခြုံပြီး လွတ်လပ်တဲ့ ပညာသင်ကြားရေးနဲ့ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့ချနိုင်ရေးနဲ့ ဆိုင်တဲ့ စီမံခန့်ခွဲမှု အစီအစဉ်တွေ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုနဲ့ဆိုင်တဲ့ အစီအစဉ်တွေနဲ့  ကျောင်းနဲ့ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့် ဖိနှိပ်မှုတွေကနေ ကာကွယ်ပေးတဲ့ မူဝါဒချမှတ်တာနဲ့  တည်ဆောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

#စိတ်ကျန်းမာရေး

#စိတ်ဖိစီးမှု

# စိတ်ကျရောဂါ 

#နှစ်ခြိုက်စွာ အိပ်မပျော်သည့် အခြေအနေများ 

Reference : 

WHO Mental Health Gap Action Programme (mhGAP)

WHO Comprehensive Mental Health Action Plan (2013–2030)

 

ဒီအကြောင်းအရာကို မျှဝေပါ