ပိုက်ဆံနဲ့ အသက်ဆက်နေရတဲ့ ဘဝတွေ

Published On: December 22nd, 2025|Views: 328|

ဖြိုးဖြိုး

“ကျောက်ကပ်လေးဆေးချင်လို့ ဆေးဖိုးလေး အလှူခံပါစေ” ဆိုတဲ့ ပို့စ်တွေကို လူမှုကွန်ရက်တွေမှာ ခပ်စိပ်စိပ်တွေ့ရလာပါတယ်။ ဒါဟာ ကျောက်တပ်ဆေးဖို့ လိုအပ်နေတဲ့ သူတွေ များသထက် များလာတဲ့ လက္ခဏာပါ။ ကျောက်ကပ်က သူ့အလုပ်တာဝန်တွေ မလုပ်နိုင်တော့လို့ ကျောက်ကပ် ပျက်စီးသွားရင် အဲဒီ ရောဂါဝေဒနာရှင်တွေဟာ ဝေဒနာသက်သာစေဖို့ဆို ကျောက်ကပ်ကို မဖြစ်နေ ဆေးရပါတယ်။

ရောဂါနုချိန်မှာတော့ တစ်ပတ်ကို တစ်ကြိမ်သာ ကျောက်ကပ် ဆေးရပေမယ့် နောက်ပိုင်းမှာတော့ တစ်ပတ်ကို နှစ်ကြိမ်ကနေ လေးကြိမ်၊ ငါးကြိမ်အထိ ဆေးမှ နေရထိုင်ရ သက်သာတာ ဖြစ်ပါတယ်။ အဲဒီလို ကျောက်ကပ်ဆေးနေရတဲ့သူတွေထဲမှာ ပုသိမ်မြို့မှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးမြတ်ကိုကိုလည်း ပါဝင်ပါတယ်။

သူကတော့ တစ်ပတ်ကို နှစ်ကြိမ်ဆေးနေရတာဖြစ်ပြီး ကျောက်ကပ်ရောဂါဖြစ်နေတာ ၁၂ နှစ် နီးပါးရှိနေပြီဖြစ်ပါတယ်။ ရောဂါသက်တမ်းကြာလာတော့ ရှိတာတွေ ရောင်းချပြီး ဆေးကုရလို့ လက်ထဲ ဘာမှမရှိတော့တာကြောင့် ကျောက်ကပ် တစ်ခါဆေး ခါနီးတိုင်း အလှူခံနေရတာဖြစ်တယ်လို့ သူက ပြောပါတယ်။ လခနည်း ဇနီးသည်ရဲ့ ဝင်ငွေတစ်ခုတည်းနဲ့ မှီခိုနေရပြီး အဲဒီ ဇနီးသည်လစာကလည်း မိသားစု စားဖို့အတွက်တောင် မလောက်ငဘူးလို့ ဆိုပါတယ်။

ဇနီးကလည်း ဆီးချိုဝေဒနာကြောင့် ကျန်းမာရေးမကောင်းတဲ့အပြင် အိမ်ငှားခ‌လည်း တက်၊ ကျောက်ကပ်ဆေးခနဲ့ ဆေးဈေးတွေလည်း မြင့်တက်လာလို့ ပိုပြီး ခက်ခဲနေရတယ်လို့ ဦးမြတ်ကိုကိုက ရင်ဖွင့်လာပြီး စေတနာရှင် အလှူရှင်တွေရဲ့ ကူညီလှူဒါန်း‌ပေးတဲ့ကျေးဇူးကြောင့် ကျောက်ကပ်ဆေး အသက်ဆက်နေရတာလို့ ပြောပါတယ်။

ဦးမြတ်ကိုကိုဟာ ၂၀၁၄ ခုနှစ်မှာ ကျောက်ကပ်မကောင်းတာကြောင့် မင်္ဂလာဒုံ စစ်ဆးရုံမှာ အမေ့အိမ်ကို ရောင်းပြီး အစ်ကိုဖြစ်သူ ကျောက်ကပ်နဲ့ အစားထိုး လဲလှယ်ကုသခဲ့ပါတယ်။ ဒါပေမဲ့ ၇ နှစ်အကြာ ၂၀၂၁ ခုနှစ်မှာတော့ ကျောက်ကပ် ကောာင်းကောင်းအလုပ်မလုပ်ဘဲ ဆီးအဆိပ်တက်ရာကနေ အရေးပေါ်ကုသခဲ့ရာကနေ ကျောက်ကပ် စပြီး ဆေးခဲ့ရတာပါ။ 

သူ့လိုပဲ ကျောက်ကပ် ပျက်စီးပြီး ကျောက်ကပ်ဆေးနေရတာ ၁၃ နှစ် ရှိပြီဖြစ်သူကတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေတဲ့ ကိုမျိုး (အမည်လွှဲ) ပါ။ သွေးတိုးရောဂါ ရှိတာကို ကျန်းမာရေးအသိ အားနည်းလို့ ဂရုမစိုက်မိတာကနေ ကျောက်ကပ်နှစ်လုံးလုံး ပျက်စီးပြီး ကျောက်ကပ်ဆေးနေရသူ တစ်ဦးပါ။ ရောဂါသက်တမ်းကြာလာတော့ အလုပ်မလုပ်နိုင်တဲ့အပြင် ဝင်ငွေနည်းမိသားစုဖြစ်လို့ တစ်ပတ် နှစ်ကြိမ် ကျောက်ကပ်ဆေးပြီး အသက်ဆက်နိုင်ဖို့ အလှူခံနေရတာလို့ ကိုမျိုးက ပြောပါတယ်။ 

ကိုမျိုးတို့ ဇနီးမောင်နှံဟာ နယ်ကနေ ရန်ကုန်တက် အလုပ်လာလုပ်ကြတာဖြစ်ပြီး ကျောက်ကပ်ရောဂါစ ဖြစ်တော့ နယ်က အိမ်နဲ့ ခြံဝိုင်းကို ရောင်းပြီး ခုနစ်နှစ်လောက်ထိ ကျောက်ကပ်ဆေး အသက်ဆက်နိုင်ခဲ့ပေမယ့် လက်ထဲ တစ်ပြားမှ မကျန်တော့တာကြောင့် ကျောက်ကပ်ဆေး တစ်ခါဆေးကာနီးတိုင်း စေတနာရှင်၊ အလှူ ရှင်တွေဆီမှာ အလှူခံနေရတယ်လို့ ကိုမျိုးက ဆိုပါတယ်။ 

“အခုတော့ ရောင်းချစရာလည်း ဘာမှမရှိတော့သလို ဆေးသက်ကြာလာတော့ နောက်ဆက်တွဲ ဝေဒနာတွေကြောင့် အလုပ်လည်း မလုပ်နိုင်တော့သလို၊ လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။ နေစရာ အိမ်လည်း မရှိ၊  ဆွေမျိုးသားချင်းမရှိတော့ ရန်ကုန်မှာ အခန်းတွဲလေး ဌားနေဖို့နှင့် စားဖို့တောင် အရမ်း အခက်အခဲ ဖြစ်နေရပါတယ်။ အလှူရှင်မိသားစုများရဲ့ လှူဒါန်းမှုဖြင့် အသက်ဆက်နေရတာဟာ ခြောက်နှစ်ကျော် ရှိပါပြီ”လို့ ကိုမျိုးက သူ့ရဲ့ အခြေအနေကို ရှင်းပြပါတယ်။ 

အစိုးရဆေးရုံကြီးတွေမှာ ကျောက်ကပ် တစ်ခါဆေးရင် ၁၅,၀၀၀ ဝန်းကျင်သာ ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ စာရင်းသွင်းထားပြီး ကိုယ့်အလှည့်ကျဖို့ကိုတော့ အတော်ကို စောင့်ယူရလေ့ ရှိပါတယ်။ ကျောက်ကပ်ဆေးပေး တဲ့ ကုသိုလ်ဖြစ်ဆေးရုံ၊ ဆေးခန်းတွေမှတော့ တစ်ခါဆေးရင် ၅၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ကုန်ကျပြီး ပုဂ္ဂလိကဆေးရုံတွေမှာတော့ ၁၆၀,၀၀၀ ကနေ ၁၈၀,၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကျောက်ကပ်အတု ထည့်ရင်တော့ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်ရှိပြီး တစ်ခါထည့်ရင် သုံးခါကနေ လေးခါအထိ အသုံးပြုနိုင်ပါတယ်။ ကျောက်ကပ်အစားထိုး မလဲနိုင်သူတွေအတွက်တော့ ကျောက်ကပ်ဆေးပြီး အသက် ဆက်နေရတာ မလွယ်ကူပါဘူး။ အိမ်ရဲ့ ဝင်ငွေကို အဓိကရှာဖွေနေသူ ရောဂါဖြစ်တာမဟုတ်ရင်တောင် သာမန်လူလတ်တန်းစား အိမ်ထောင်စုတစ်ခုမှာ ကျောက်ကပ်ဝေဒနာရှင်တစ်ဦး ရှိနေပြီဆိုရင် တစ်ပတ် တစ်ပတ် ကျောက်ကပ်ဆေးရတဲ့ စရိတ်က အတော်ကို ကြီးပါတယ်။

“တစ်ပတ် ၇၊ ၈ သိန်းနဲ့ တစ်လ ၃၀ ကျော် နီးပါးကုန်ကျနေတယ်” လို့ ပုဂ္ဂလိက ဆေးရုံးတစ်ခုမှာ ကျောက်ကပ်ဆေးနေသူတစ်ယောက်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ 

ကျောက်ကပ်ပျက်စီးပြီဆိုရင် ငွေကြေးတတ်နိုင်တဲ့သူ ဒါမဟုတ် အလှူရှင်ရှိသူတွေကတော့ မြန်မြန်ဆန်ဆန်ပဲ ကျောက်ကပ်လဲနိုင်လို့ ဝေဒနာ သက်သာနိုင်ပါတယ်။ ပြည်တွင်းက ဆေးရုံတွေမှာ ကျောက်ကပ်လဲမယ်ဆိုရင်တော့ သိန်း ၈၅၀ ကနေ ၁,၀၀၀ ဝန်းကျင် ကုန်ကျစရိတ် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဆေးရုံတွေမှာ ကျောက်ကပ်လဲမယ်ဆို မိသားစုဝင် ဒါမှမဟုတ် ဆွေမျိုးတစ်ဦးဦးရဲ့ ကျောက်ကပ်နဲ့သာ လဲပေးပါတယ်။ မိသားစုနဲ့ ဆွေမျိုးဆီက ကျောက်ကပ် အလှူရှင် မရရင်တော့ အိန္ဒိယနိုင်ငံက ဆေးရုံတွေဆီမှာ ကျောက်ကပ်လဲရမှာပါ။ အဲဒါဆို လေယာဉ်လက်မှတ်၊ နေစရိတ်၊ စားစရိတ်မပါဘဲကို  သိန်း ၁,၂၀၀ ကနေ ၁,၅၀၀ ကျော်ထိ ကုန်ကျနိုင်ပါတယ်။ တချို့ကတော့ နောက်ဆက်တွဲ ရောဂါတွေကြောင့် ဆေးရုံတက်၊ ကုသတာ ကြာသွားရင်တော့ သိန်း ၂,၀၀၀ ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ အိန္ဒိယသွား ကျောက်ကပ်ကုဖို့ ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေဆီက သိရပါတယ်။

နာတာရှည် ကျောက်ကပ်ရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးပြီး အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ ဖြည်းဖြည်းနဲ့ ရာသက်ပန် ဆုံးရှုံး၊ ပျက်စီးသွားတာ ဖြစ်ပါတယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက ဆီးချို၊ သွေးတိုးနှင့် အဝလွန်ခြင်းတို့ ဖြစ်ပြီး အခြားဖြစ်စေတဲ့အကြောင်းအရင်းတွေ ကျောက်ကပ်တွင်းက သွေးကြောငယ်လေးတွေ ရောင်ခြင်းနဲ့ ကျောက်ကပ်မှာ အရည်အိတ်လေးတွေ တည်ခြင်းစတဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ အမျိုးမျိုးဟာ ရောဂါအစောပိုင်းမှာ ထူးခြားတဲ့ လက္ခဏာတွေ ပြလေ့မရှိတာမို့ ကျောက်ကပ်လို့ မထင်မိဘဲ ရောဂါရှာဖွေချိန် ကြန့်ကြာနေလေ့ ရှိတတ်ပါတယ်။ သိသာတဲ့ လက္ခဏာများပြပြီဆိုရင်လည်း ရောဂါဖိစီးတဲ့အဆင့်ကို တန်းရောက်နေတတ်လို့ အဲဒီရောဂါကို အသံတိတ် လူသတ်သမားလို့တောင် တင်စားကြပါတယ်။ 

ကျောက်ကပ်ရောဂါတွေကို စောစောသိ နိုင်ဖို့ဆိုရင် တွေ့ရလေ့ရှိတတ်တဲ့ လက္ခဏာ (၁၀) ချက်ရှိပါတယ်။ ကျောက်ကပ် စစ်ထုတ်မှု ပုံမှန်မဖြစ်လို့ ဆီးထဲမှာ ပရိုတင်း အသားဓာတ်တွေ များလာတဲ့အခါ မျက်လုံးမို့အစ် လာတတ်ပါမယ်။ ယူရီးယား ဆီးဆိပ်တွေ ကိုယ်ထဲ များလာတဲ့အခါ အရသာခံနိုင်စွမ်း ကျလာလို့ ခံတွင်းပျက်တတ်ပြီး အဆိပ်အတောက်ကို ဖယ်ရှားလိုတဲ့ သဘာဝလုပ်ငန်းစဉ်တွေကြောင့် ပျို့တာ၊ အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာ ဆီးစစ်ထုတ်တဲ့အပိုင်း ထိခိုက်နေတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ ဆီးကျိတ်ရောင်နေတဲ့သူတွေမှာ ဆီးမကြာခဏ သွားချင်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ အထူးသဖြင့် ညဘက်မှာ ပိုသွားချင်တတ်သလို ဆီးသွားတဲ့ ပမာဏလည်း နည်းသွားတတ်ပါတယ်။ ကျောက်ကပ်ဟာ သွေးအညစ်အကြေးတွေ စစ်ထုတ်ပြီး ဆီးအဖြစ် ပြောင်းလဲပေးရာမှာ သွေးဆဲလ်တွေ မပျက်စီးဖို့ ထိန်းသိမ်းပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ် မူမမှန်တော့တဲ့အခါ သွေးဆဲလ် ကလပ်စည်းလေးတွေ ဆီးထဲကို ယိုစိမ့်လာတတ်ပါတယ်။ ဒီလို ဆီးထဲ သွေးပါတာဟာ ကျောက်ကပ်မှာ ရောဂါပိုးဝင်တာ၊ ကျောက်တည်တာ၊ အကျိတ်အနာရှိနေတဲ့ လူနာမျိုးတွေမှာ ပြတတ်တဲ့ လက္ခဏာပါ။ 

ကြက်ဥကို ခေါက်မွှေထားသလို ပုံစံမျိုးနဲ့ ဆီးသွားတဲ့အခါ အမြှုပ်အရမ်းများနေရင် ဒါဟာ ဆီးထဲမှာ ပရိုတင်းအသားဓာတ်တွေ ပါဝင်နေတဲ့ လက္ခဏာပါ။ နောက်တစ်ချက်ကတော့ အဆိပ်အတောက်တွေက ခန္ဓာကိုယ်ထဲကနေ မထွက်နိုင်တော့တဲ့အခါ သွေးရဲ့ သန့်စင်မှု လျော့ကျလာပြီး ထိုင်အနားယူနေတာတောင် မောပန်းနေမယ်၊ အာရုံစူးစိုက်မှု အားနည်းလာမယ်ဆိုရင် ဒါဟာ EPO လို့ခေါ်တဲ့ Erythropoietinဟော်မုန်း လျော့ကျလို့ ဖြစ်ပြီး လျော့ကျတာများလာရင် သွေးတွင်းအောက်ဆီဂျင်ကျပြီး နောက်ဆက်တွဲအနေနဲ့ သွေးအားနည်း ဝေဒနာတွေပါ ရလာနိုင်ပါတယ်။ သွေးအညစ်အကြေးတွေ များလာတာ၊ ယူရစ်အက်ဆစ်နဲ့ သတ္ထုဓာတ်ဆားတွေ ကမောက်ကမ ဖြစ်တာတွေကြောင့် အရေပြားပေါ်မှာ အကွက်တွေ၊ အနီစက်တွေ ပေါ်လာတတ်ပြီး ခြောက်သွေ့ယားယံနေတတ်ပါတယ်။ ဒါ့အပြင် ဆိုဒီယမ် ဓာတ်ဆားနဲ့ အရည်စုစည်းမှုတွေ ခန္ဓာကိုယ်ထဲ များလာလို့ ခြေထောက်အောက်ပိုင်းလိုနေရာမှာ ဖောရောင်တာတွေ အဓိက ဖြစ်တတ်ပါတယ်။ ဒီလို ရောင်ရမ်းပုံမျိုးက ကျောက်ကပ်လူနာများမှာတင်မကဘဲ နှလုံးရောဂါ၊ အသည်းရောဂါရှိသူတွေမှာလည်း တွေ့နိုင်တဲ့ လက္ခဏာပါ။ နောက်တစ်ချက်ကတော့ ကျောက်ကပ်ထဲက သွေးကြောငယ်တွေ အားနည်းပျက်စီးလာတဲ့အခါ အမာရွတ်လို ဖြစ်လာပြီး သွေးဖိအား ထိန်းညှိဖို့ ခက်ခဲလာပါလိမ့်မယ်။ ပိုတက်ဆီယမ်ဓာတ်ဆားတွေ ကိုယ်ထဲမှာ စုမိတာ များလာရင် နှလုံးခုန်နှုန်းမြန်ပြီး ရင်လည်း တုန်နေတတ်ပါမယ်။ မကြာခဏ ကြွက်တက်တာနဲ့ အိပ်မပျော်တဲ့ လက္ခဏာတွေလည်း ပြတတ်ပါတယ်။ ဒီလို လက္ခဏာတွေ တွေ့လာရပြီဆိုရင်တော့ နားလည်တတ် ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဆေးရုံဆေးခန်းတွေမှာ ပြသပြီး ကုသမှု ခံယူဖို့ လိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကျောက်ကပ်ပျက်စီးသူတွေ နှစ်စဉ်တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်က လူတစ်သန်းမှာ ၁,၇၀၀ ကျော်ကျောက် ကပ်ပျက်စီးခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ လူတစ်သန်းမှာ ၃,၈၀၀ အထိ တိုးလာပါတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆိုရင်တော့ လူဦးရေ ငါးသန်းနီးပါး ကျောက်ကပ်ပျက်စီးတယ်လို့ ခန့်မှန်းထားပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ အဲဒီထက်ပိုပြီး ကျောက်ကပ်ပျက်စီးသူတွေ များလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကမ္ဘာပေါ်မှာ လူပေါင်း ၆၇၄ သန်းဟာ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ နေထိုင်တယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာမှာ ပဥ္စမမြောက် သေဆုံးမှုအမြန်ဆုံးရောဂါ ဖြစ်လာမယ်လို့တောင် ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော် သို့မဟုတ် လူ ၁၀ ဦးမှာ တစ်ဦးဟာ နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ အဲဒီ CKD ဟာ ကမ္ဘာပေါ်မှာ သေဆုံးမှုဖြစ်စေတဲ့အကြောင်းအရင်းတွေအနက် ၁၀ ခုမြောက်ဖြစ်တယ်လို့  WHOက သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ်တိုးလာတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေထဲမှာအသက် ၂၅ နှစ်အရွယ် မစုစုစံ (အမည်လွှဲ) လည်း ပါနေပါတယ်။ မနှစ်က ထိုင်းမှာ အလုပ်သွားလုပ်ရင်း နေမကောင်းဖြစ်လို့ စစ်ဆေးကြည့်ရာကနေ ကျောက်ကပ်ပျက်စီးနေတာကို သိရှိလိုက်ရသူပါ။ အလုပ်လုပ်ပြီး စုဆောင်းထားသမျှနဲ့ ကုသခဲ့ပေမယ့် နာ တာရှည် ကျောက်ကပ်ရောဂါက မပျောက်သွားတဲ့အပြင် တစ်ပတ် သုံးကြိမ်လောက် ကျောက်ကပ်ဆေးနေရတာကြောင့် ရတဲ့လစာနဲ့ မလောက်ငှဘူးလို့ သူက ဆိုပါတယ်။

ရောဂါတွေ့ရှိပြီး လအနည်းငယ်အကြာမှာတော့ ကျောက်ကပ် ပုံမှန်ဆေးနေရမယ့် အချိန်တွေမှာတောင် ငွေ ကြေးမတတ်နိုင်လို့ မဆေးနိုင်တော့ပါဘူး။ အဲဒီလို ကျောက်ကပ်ဆေးလိုက်၊ မဆေးလိုက်နေရင်းနဲ့ ရောဂါအခြေအနေ ပိုဆိုးလာပြီး အလုပ်လည်း မလုပ်နိုင်တော့သလို တစ်ကိုယ်လုံးဖောရောင်ပြီး ရောဂါအခြေအနေဆိုးလာလို့ မတတ်နိုင်တဲ့အဆုံး Tik Tok လို လူမှုကွန်ရက်မှာ တစ်ပတ် သုံးကြိမ် ကျောက်ကပ်ဆေးနိုင်ဖို့အတွက် အလှူခံနေရတယ်လို့ မစုစုစံက အခုလို ပြောပြပါတယ်။ 

“ကျောက်ကပ်ဆေးဖို့ ပိုက်ဆံမပြည့်တဲ့ အခါမှာ တကိုယ်လုံး ဖောရောင်ပြီး ဗိုက်ဆိုရင် ကိုယ်ဝန်သယ်လိုပဲဖောင်းနေတာပဲ။ အသက်ရှူလည်း မဝဘူး။ အလှူရှင် မရှိတော့ ဆေးဖိုး ရင်ဆိုင်ရခက်တယ်။ ခေါက်ကနဲ သေသွားရင် ကောင်းမှာပဲ”

ထိုင်းနိုင်ငံဟာ ဆေးကုသတာ ကောင်းတယ်ဆိုပေမယ့် ပိုက်ဆံမရှိရင် အတော်ကို့ ခက်ခဲပြီး စရိတ်လည်း ကြီးပါတယ်။ မစုစုစံတို့လို အခြေခံအလုပ်သမားတွေအတွက် ဒီလို နာတာရှည်ရောဂါမျိုး ကုသဖို့ဆိုတာ ခက်ခဲပါတယ်။ တစ်ခါက ဆိုရင် ကျောက်ကပ်ဆေးပြီး ရှင်းစရာ ပိုက်ဆံရှင်းဖို့ မလောက်တာကြောင့် ကျောက်ကပ်ဆေးတဲ့အခါ လည်ပင်းမှာဖောက်ရတဲ့ အပေါက်ကိုတောင် ပြန်မချုပ်ပေးလိုက်လို့ ပိုက်ကြိုးတွေ ပြတ်ပြီး ပိုးဝင်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သူရဲ့ အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြပါတယ်။ အိမ်ပြန်ဖို့လည်း လမ်းစရိတ်မရှိတဲ့အပြင် ဒီလို ဝေဒနာခံစားနေရတဲ့ အခြေအနေမျိုးနဲ့ ပြန်ဖို့လည်း ခက်ခဲတာမို့ ဒီလောကကြီးထဲ ဆက်မနေချင်တော့ဘူးလို့ မစုစုစံက ညည်းတွားနေပါတယ်။ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်ထဲက ဆေးခန်းတစ်ခုမှာ မဲဘန်း (သန့်ရှင်းရေး) လုပ်တဲ့ မနွယ်နွယ်ဟာလည်း အလုပ်လုပ်ရင်း ကျောက်ကပ်ဆေးနေသူတစ်ဦးပါ။ ထိုင်းမှာ ကျောက်ကပ်တစ်ခါဆေးရင် ဘတ် ၁,၇၀၀ ဝန်း ကျင် ကုန်ကျတာမို့ မဲဘန်းအလုပ်ဟာ တစ်လကို ဘတ် ၁၂,၀၀၀ ရပေမယ့် နေစရိတ်နဲ့ ဆေးဖိုးတွေကြောင့် အတော့်ကို ရုန်းကန်နေရသူပါ။ ဒါကြောင့် Tik Tok မှာ တခြားသူထုတ်ကုန်တွေကို ရောင်းပေးပြီး ကော်မရှင်ခ ပြန်ယူတဲ့နည်းနဲ့ အပိုဝင်ငွေရအောင် လုပ်နေရပါတယ်။ ကျောက်ကပ်ဆေးပြီးတဲ့အခါတိုင်းလည်း ဘေးထွက်ဆိုးကျိုးအဖြစ် နာကျင်ကိုက်ခဲတာ၊ တစ်ညလုံး အိပ်မပျော်တာမျိုး ရှိတတ်ပေမယ့် အလုပ်မပျက်ရဲတာကြောင့် အလုပ်ဆင်းနေရတာနဲ့ ပတ်သက်ပြီး “အဲဒီလိုနေ့တွေဆိုရင် ဘဝကို အရှုံးပေးချင်နေပြီ။ တခါတလေ ဝေဒနာတွေ မခံစားချင်တော့ဘူး ဒီဘဝကြီးက ထွက်သွားချင်ပြီ” လို့ မနွယ်နွယ်က ဆိုပါတယ်။ “ကျွန်မရဲ့ အသက်က ဒီကြိုးလေးထဲမှာ” ပါလို့ ကျောက်ကပ်ဆေးတဲ့အခါမှာ လည်ပင်းကို ဖောက်ပြီး တပ်ထားတဲ့ ဆေးပိုက်ကို ခေါင်းမော့ပြပြီး သူက ပြောပါသေးတယ်။ 

နာတာရှည် ကျောက်ကပ်ပျက်စီးတဲ့ ရောဂါဟာ  ကိုမြတ်ကိုကို၊ ကိုမျိုး၊ စုစုစံနဲ့ နွယ်နွယ်တို့လို အခြေခံ အလုပ် သမားတွေ၊ လူလတ်တန်းစားတွေအတွက် အတော့်ကို ဝန်ပိစေတဲ့ ရောဂါတစ်မျိုးပါ။ ကျောက်ကပ်လဲနိုင်ဖို့ ငွေအင်အားမရှိတာကြောင့် တစ်ပတ် တစ်ပတ် ကျောက်ကပ်ဆေးနိုင်ဖို့ အသည်းအသန် ပိုက်ဆံရှာနေရသလို ကျောက်ကပ်ဆေးနိုင်မှပဲ အသက်ရှင်နိုင်မယ့် ဘဝတွေ ဖြစ်ပါတယ်။ 

#ကျောက်ကပ်

#နာတာရှည်

#ကမ္ဘာ့ကျန်းမာရေးအဖွဲ့

#ကျန်းမာရေးဝန်ကြီးဌာန

#ဆီး

ဒီအကြောင်းအရာကို မျှဝေပါ