အတက်တွေကြားက ကျလာတဲ့ ဆေးလိပ်သောက်နှုန်း

Published On: December 30th, 2025|Views: 303|

မယ်ကြော့

အမျိုးတို့ရေ။ ဒီတစ်ပတ်တော့ မယ်ကြော့ ပြောပြချင်တာက အတက်တွေချည်း ဖြစ်နေတဲ့ ကာလမှာ ဝမ်းသာစရာ၊ ပျော်စရာ အကျလေး အကြောင်းပါနော်။ နိစ္စဓူဝ ခေတ်ကြီးမှာ အကျဆိုလို့ တမျိုးတမည် မထင် လေနဲ့ဦး။ မယ်ကြော့ ပြောမှာက ကျန်းမာရေးအကြောင်း။

မယ်ကြော့တို့ ငယ်ဘဝ ကျောင်းမှာ သင်ဖူးတဲ့ ကဗျာတစ်ပုဒ် ရှိတယ်လေ။ မယ်ခွေရဲ့ လေးချိုး အမျိုးအစား “လက်ဆောင်” ဆိုတဲ့ ကဗျာ။ “မဝယ်ဘူး၊ မယ်ခူးတဲ့ ဖက်စို … မီးမကူ နေပူမှာ မကင်အားလို့…ထားရတယ် အိပ်ရာအောက်မှာ…မင်း သောက်ဖို့ကို…ညှာအနား၊ ရှေ့သွားနှင့် ကိုက်လို့တို…မချိုတောင့် လိပ်ဆေး။…ပိုးမကူ၊ ဝါချည်ဖြူတစ်ပင် ရစ်ကယ်နှင့် … ငယ်ချစ်မောင် ရွှေဝသွားလို့ ပါးလိုက်ကဲ့လေး…” ဆိုတဲ့ ကဗျာ။ ချစ်သူ ကောင်မလေးက ချစ်ရသူ မောင်ကြီးအတွက် အခုခေတ်အဆို ဆေးပေါ့လိပ် လိပ်ပေးတဲ့ ကဗျာ။

အခုတော့ အဲဒီကဗျာက ကလေးတွ ကျောင်းသင်ခန်းစာထဲ မရှိတော့ဘူး။ ၂၀၁၉ ခုနှစ်တုန်းက ကလေးတွေနဲ့ မသင့်တော်လို့ဆိုပြီး ပညာရေးဝန်ကြီးဌာနက ကျောင်းသင်ခန်းစာထဲက ဖြုတ်ခဲ့တာ ကြာပေါ့။ ဒါပေသိ အခုကာလအထိ ကျေးလက်မှာဆို ဆေးပေါ့လိပ်/ဖက်လိပ်ကြီးတွေ သောက်တာ၊ မြို့ပြမှာဆို ဆေးပေ့ါလိပ် တလှည့် စီးကရက် တလှည့်နဲ့ ဟန်ပါပါ ခဲနေကြ၊ သောက်နေကြတာက တပုံတပင်ကြီး။ အရင်က အမျိုးသားတွေနဲ့ သက်ကြီး အမျိုးသမီးကြီးတွေသာ ဖက်လိပ်သောက်၊ ဆေးပေါ့လိပ်သောက်၊ စီးကရက်ခဲနေကြပေမယ့် ဒီကနေ့ ခေတ်မှာ အမျိုးသမီးငယ်တွေတောင် ဟန်ပါပါနဲ့ ဆေးလိပ်ခဲတာ၊ Vape လို့ ခေါ်တဲ့ အီးစီးကရက်တွေ ရှိုက်ရှိုက်သွင်းပြီး အငွေ့ထောင်းထောင်း ပြန်ထုတ်ရတာကို အာသာတွေ့နေကြတော့ မယ်ကြော့ စိတ်ပူမိတယ်။

ဓာတုဓာတ်ပေါင်း ၇,၀၀၀ ကျော်

တကယ်တော့ ဆေးလိပ်သောက်တာဟာ ခေါင်းက စလို့ ခြေအဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း တော် တော်များများကို ထိခိုက်စေတဲ့ အလေ့အကျင့်ဆိုး။ စီးကရက်တစ်လိပ်မှာ ပါဝင်ပစ္စည်းပေါင်း ၆၀၀ ကျော် ပါပြီး သောက်တဲ့အခါ စီးကရက်မီးခိုးနဲ့အတူ ဓာတုဓာတ်ပေါင်း ၇,၀၀၀ ကျော် ထွက်တယ်လို့ အမေရိကန် အဆုတ်ရောဂါအသင်းက ထုတ်ပြန်ထားပါတယ်။ အဲဒီဓာတုဓာတ်ပေါင်းထဲက ၆၉ ရာခိုင်နှုန်းလောက်ဟာ ကင်ဆာဖြစ်စေတယ်တဲ့။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် ကမ္ဘာမှာ တစ်နှစ်ကို လူ ခုနစ်သန်းကျော် သေဆုံးနေပြီး အဲဒီအထဲမှာ  တဆင့်ခံ ဆေးလိပ်ငွေ့ရှူမိမှု (Second-hand Smoke) ကြောင့် သေဆုံးရတဲ့ ဆေးလိပ်မသောက်သူ ၁ ဒသမ ၆ သန်းလည်း ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက် ထုတ်ပြန်ထားတဲ့ WHO အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူ ၁ ဒသမ ဘီလီယံရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဝင်ငွေနည်းပါးတဲ့၊ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေက ဖြစ်ပြီး အစား အစာနဲ့ နေစရာလို အခြေခံလိုအပ်ချက်တွေထက် အိမ်ထောင်စုဝင်ငွေကို ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲတဲ့ အတွက် ဆင်းရဲမွဲတေမှုကို ပိုဖြစ်စေပါတယ်တဲ့။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က ဆေးလိပ်သောက်တဲ့ ကိစ္စဟာ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံသား ၁၆ သန်းကျော်ဟာ ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ခံစားနေရပါတယ်တဲ့။ ဒါ့အပြင် အမေရိကန်နိုင်ငံတစ်ခုတည်းမှာ ဆေးလိပ်သောက်တာနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ရှူမိတာကြောင့် သေဆုံးရသူဟာ တစ်နှစ်ကို ၄၈၀,၀၀၀ ကျော် ရှိတဲ့ CDC ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ဆေးလိပ်သောက်ရင် ဘာတွေ ဖြစ်လဲ

ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးရင် ဘာဖြစ်သလဲလို့ မယ်ကြော့ကို လာမေးရင် တပြုံကြီးလို့ပဲ ပြောလိုက်ပါမယ်။ ဆေးလိပ်ဟာ အဆုတ်ကင်ဆာတင် မဟုတ်ဘဲ တခြားသော ခံတွင်း၊ လည်ချောင်း၊ အစာမျို၊ ဆီးအိမ်၊ ကျောက်ကပ်၊ သားအိမ်ခေါင်းနဲ့ သွေးကင်ဆာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ပြီးရင် နှလုံး/သွေးကြော (Cardiovascular Diseases) နဲ့ ဆိုင်တဲ့ လေဖြတ်တာ၊ နှလုံးရောဂါ၊ သွေးကြောပျက်စီးတာတွေ ဖြစ် တတ်ပါတယ်။ အဆုတ်၊ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ နာတာရှည်အဆုတ်ပွရောဂါ (COPD) နဲ့ နာတာရှည် ချောင်းဆိုးတာ၊ အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုးနဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်နဲ့ဆိုင်တဲ့ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲတာ၊ ပျက်ကျလွယ်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာနဲ့ ပေါင်မပြည့်၊ လမစေ့တဲ့ကလေးမွေးတာတွေ ဖြစ်တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအဖြစ် အရေပြား တွန့်တာနဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လွယ်တာ၊ သွား/ ခံတွင်းနဲ့ဆိုင်တဲ့ သွားတွေ ဝါတာ၊ မည်းတာ၊ သွားဖုံးရောဂါနဲ့ ခံတွင်းနံ့ဆိုးတာတွေလည်း ဖြစ်တတ်ပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့ရှူမိတဲ့ Secondhand Smoker တွေမှာတော့ ကလေးငယ်ဆိုရင် ပန်းနာရင်ကျပ်၊ အဆုတ် ပိုးဝင်တာနဲ့ နားကိုက်တာတွေ ဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်ဆိုရင် ပေါင်မပြည့်တဲ့ ကလေးမွေးတာတွေ ဖြစ်နိုင်ပါတယ်။

အကျဘက် ရောက်လာတဲ့ ဆေးလိပ်သောက်နှုန်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံတွေက အသက် ၁၅ နှစ်နဲ့အထက် လူဦးရေကို အခြေခံတွက်ချက်ထားတဲ့ ဆေးလိပ်သောက်သုံးနှုန်းကို တစ်နှစ် တစ်ခါ ထုတ်ပြန်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်တုန်းကဆိုရင် အဲဒီနှုန်းဟာ ၆၅ ဒသမ ၄ အထိ ရှိတာကြောင့် တကယ့်ကို ထိပ် လန့်ဖို့ ကောင်းတဲ့ ပမာဏပါ။ ၂၀၀၅ မှာတော့ ၆၀ ဒသမ ၅ ရှိပြီး ၂၀၁၀ မှာတော့ ၅၄ ဒသမ ၈ အထိ ကျလာတာကို တွေ့ရပါတယ်။ သောက်သုံးမှုနှုန်းဟာ ငါးနှစ်တစ်ကြိမ် ငါးရာခိုင်နှုန်းနီးပါးလောက်ဆီ ကျဆင်းနေတာဟာ ရပ်တန့်မသွားဘဲ ၂၀၁၅ မှာ ၅၀ ဒသမ ၂ အထိ ကျလာပါတယ်။ ၂၀၂၀ မှာတော့ ၄၅ ဒသမ ၉ အထိ ကျဆင်းလာပြီး အခုနှစ် ၂၀၂၅ မှာတော့ ၄၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ကျဆင်းနှုန်း ပြန်နှေးလာပါတယ်။ ၂၅ နှစ်တာ ဆက်တိုက် စောင့်ကြည့်ထားတဲ့ WHO ရဲ့ ကိန်းဂဏန်းအရ လာမယ့် ၂၀၃၀ မှာဆိုရင် ဆေးလိပ်သောက်နှုန်းဟာ ၃၉ ဒသမ ၃ အထိ ကျဆင်းလာနိုင်တယ်လို့ မှန်းဆထားတာကြောင့် အရာရာ အတက်ချည်း ပြနေတဲ့ မြန်မာနိုင်ငံမှာ ဒီ “အကျ”ဟာ ဝမ်းသာရမယ့်၊ ပျော်ရမယ့် “အကျ”ပါ။

တကယ်တော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ဘယ်လိုပဲ သုံးသုံး အန္တရာယ်ရှိပြီး ဘေးကင်းတယ်ဆိုတာ မရှိပါဘူး။ ဒီကနေ့ ကမ္ဘာမှာ စီးကရက် သောက်တာဟာ အများဆုံး တွေ့ရတဲ့ ပုံစံဖြစ်ပေမယ့် ဆေးရွက်ကြီးထွက် ပစ္စည်းတွေကို ကွမ်းထဲထည့်ဝါးတာ၊ ရေပြောင်းနဲ့ သောက်တာ (Waterpipe Tobacco) ၊ ဆေးပြင်းလိပ်၊ Heated Tobaccoလို့ခေါ်တဲ့ဆေးလိပ်သောက်ကိရိယာနဲ့သောက်တာ ၊ ဆေးတံ၊ ဆေးလိပ်၊ နောက်ပြီး ငုံဆေးလို့ လူသိများတဲ့ ဆေးငုံတာတွေကလည်း သုံးစွဲနည်းတစ်မျိုးပါပဲ။ ဘယ်နည်းပဲ ဖြစ်ဖြစ် နှစ်ရှည်လများ ဆက်တိုက်သုံးစွဲမယ်ဆိုရင် ဆိုးကျိုးတွေက ကိုယ့်အတွက်သာ မဟုတ်ပါဘူး၊ ကိုယ့်ဘေးနားပတ်ဝန်းကျင်က သူတွေကိုပါ ထိခိုက်စေပါတယ်။ ဆေးလိပ်နဲ့ ဆေး ရွက်ကြီး သုံးတာ ဖြတ်မယ်ဆိုရင် ကောင်းကျိုးတွေက တပုံတပင်ပါလို့ မယ်ကြော့ တိုက်တွန်းပါရစေ။ ဆေး လိပ်ဖြတ်ပြီဆိုရင် ကိုယ်ကိုယ်တိုင်က မသိလိုက်ဘဲ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပျက်စီးသွားတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းစဉ်ကို အလိုအလျောက် စပေးပါတယ်။ ဖြတ်ပြီး မိနစ် ၂၀ လောက်အတွင်းမှာ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေကို ပုံမှန်ဖြစ်အောင် ပြန်လုပ်ပေးပါတယ်။  တစ်နှစ်လောက် မသုံးဘဲ ဖြတ်ထားရင်တော့ နှလုံးရောဂါဖြစ်နိုင်ခြေဟာ ၅၀ ရာခိုင်နှုန်း၊ ထက်ဝက်အထိ လျော့ကျစေပါတယ်။ မယ်ခွေကဗျာတောင် ကျောင်းသင်ရိုးထဲ မရှိတော့တာမို့ ကိုယ့်ဘဝထဲ ဝင်နေတဲ့ ဆေးလိပ်၊ ဆေးရွက် ကြီး သုံးစွဲမှုကို ထုတ်လိုက်ကြပါစို့လို့ မယ်ကြော့ ထပ်ပြီး ထပ်ပြီး တိုက်တွန်းလိုက်ရပါတယ်။

#ဆေးလိပ်

#ဆေးရွက်ကြီး

#အဆုတ်

$ကင်ဆာ

#ဓာတုဓာတ်ပေါင်း

ကိုးကား

1) World Health Organization – WHO (https://www.who.int/)

2) American Lung Association (www.lung.org)

3) U.S Centers of Disease Control and Prevention (www.cdc.gov/)

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ