အမျိုးသားနဲ့အတူနေပြီးနောက်သွေးဆင်းခြင်း

Published On: December 31st, 2025|Views: 325|

(Dr. Wor Mi Thi ရေးသားသည်)

မမြလေးဟာ ကလေးတစ်ယောက်မွေးထားတဲ့အိမ်ထောင်သည် တစ်ယောက်ဖြစ်ပြီး အသက်က ၄၀နှစ် ရှိနေပါပြီ။ ဒီရက်ပိုင်း အမျိုးသားနဲ့ အတူနေတဲ့အခါတိုင်း အတူနေပြီးနောက် သွေးဆင်းနေလို့ စိတ်ညစ်နေရပါတယ်။ တခြားဘာနာကျင်မှုမှ မရှိပေမယ့် ဒါက ပုံမှန်မဟုတ်ဘူးလို့ မမြလေး ခံစားနေရပါတယ်။

ဒါနဲ့ပဲ အင်တာနက်ပေါ်မှာ အချက်အလက်တွေ ရှာဖွေကြည့်တဲ့အခါ မမြလေးရဲ့ အတူနေတဲ့အခါတိုင်း သွေးဆင်းတာဟာ အများအားဖြင့်တော့ သိပ်မပြင်းထန်တဲ့ အခြေအနေတွေဖြစ်တဲ့ သားအိမ်ခေါင်းရောင်တာ ဒါမှမဟုတ် သားအိမ်ခေါင်းအသားပိုထွက်တာတွေ ဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒါဟာ သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကလက္ခဏာ တစ်ရပ်လည်း ဖြစ်နေနိုင်တာကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ရောဂါပိုးဝင်တာ၊ လိင်ဆက်ဆံခြင်းကနေဒဏ်ရာရတာနဲ့ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ဖြစ်နေတာ၊ သန္ဓေတားသောက်ဆေးသုံးစွဲတာ၊ ဟော်မုန်းပြောင်းလဲတာ စတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်တဲ့။ 

တစ်ခြားအကြောင်းအရာတွေကတော့ မမြလေးသိပ်မကြောက်ပေမယ့် သားအိမ်ခေါင်းကင်ဆာကိုတော့ မမြလေးကကြောက်တယ်။ မမြလေးဖတ်ဖူးတဲ့ ဗဟုသုတအရဆိုရင် သားအိမ်ခေါင်းကင်ဆာဆိုတာ ဖြစ်နှုန်းကော သေနှုန်းပါများတဲ့ ရောဂါဖြစ်ပြီး မြန်မာနိုင်ငံကအမျိုးသမီး ၄-၁၁ ရာခိုင်နှုန်းမှာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ရောဂါပိုးကူးစက်ခံထားရတယ်တဲ့။  ပြီးတော့ မမြလေးအဖွားကလည်း သားအိမ်ခေါင်းကင်ဆာနဲ့ဆုံးတာဆိုတော့ မျိုးရိုးကလည်း လိုက်မှာစိုးရိမ်ရသေးတာကိုး။ သားအိမ်ခေါင်း ကင်ဆာရောဂါပိုးကို ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတယ်လို့ ကြားဖူးပေမယ့် မမြလေးတို့တုန်းက လက်လှမ်းမမှီတော့ မထိုးခဲ့ရဘူး။  ဒါပေမယ့်လည်း သားအိမ်ခေါင်းကင်ဆာကို နောက်ထပ်ကာကွယ်နည်းက သားအိမ်ခေါင်းကင်ဆာစစ်ဆေးပြီး သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စောစောသိ၊ စောစောကုတာလို့ ဖတ်လိုက်ရတော့ အားတက်သွားတယ်။ သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးတာက သိပ်လွယ်ကူပြီး မနာကျင်ဘူးလို့ မမြလေးကြားဖူးတယ်။ မိန်းမကိုယ်ထဲကနေတစ်ဆင့် နှီးပြားလေးလို အပြားသေးသေးလေး ဒါမှမဟုတ် အချောင်းသေးသေးလေး ထည့်ပြီး သားအိမ်ခေါင်းနားက အသားစကို အသာအယာယူပြီးစစ်တာမှာ အသားစယူချိန်က ၅ မိနစ်တောင်မကြာဘူး ပြောတယ်။ ဒီစစ်ဆေးမှုကို အသက် ၂၁ နှစ်ကနေစပြီး လုပ်လို့ရတယ်တဲ့။ အသက် ၃၀ ကနေ ၆၅ နှစ်ကြားဆိုရင်တော့ စစ်ဆေးတဲ့နည်းလမ်းပေါ်မူတည်ပြီး ၃ နှစ်ကနေ ၅ နှစ်တစ်ခါ စစ်ဆေးသင့်တယ်တဲ့။ ဒါကြောင့် မမြလေး သားအိမ်ခေါင်းကင်ဆာ ဟုတ်၊မဟုတ် သေချာအောင် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါမှသာ တစ်ခြားရောဂါ ဖြစ်ခဲ့ရင်လည်း ထိရောက်တဲ့ကုသမှု ရမှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ခဲ့ရင်လည်း သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စောစောသိပြီး စောစောကုလို့ရမယ်မဟုတ်လား။ 

References

  1. Tarney, C. M., & Han, J. (2014). Postcoital bleeding: a review on etiology, diagnosis, and management. Obstetrics and gynecology international, 2014, 192087. https://doi.org/10.1155/2014/192087
  2. Myanmar Human Papillomavirus and Related Cancers, Fact Sheet 2023 
  3. National Cancer Institute. Cervical Cancer Screening. 

 

ဒီအကြောင်းအရာကို မျှဝေပါ