လက္ခဏာသိမှ ဆေး ညှိလို့ ရမယ် – ၂

Published On: January 2nd, 2026|Views: 300|
  • မယ်ကြော့

ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ မြန်မာပြည်က သူတွေ အသေအပျောက် များရတဲ့ အဖြစ်အများဆုံး ရောဂါနဲ့ အကြောင်းအရာလေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ “Top Cause of Death” “သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများ” ဆိုပြီး စာရင်းပြုစုထားတာကို အခြေခံလို့ အကြော့ ရှင်းပြခဲ့ပါတယ်နော်။ အဲဒီတုန်းက အဖြစ်အများဆုံး သုံးခုကိုပဲ အကြော့ ပြောပြခဲ့တယ်။ ဒီတော့ နောက်ထပ် ဘယ် ရောဂါ၊ ဘယ်အကြောင်းတွေက အသအပျောက် အများဆုံး ရောဂါနဲ့ အကြောင်းအရာလည်းဆိုတာ ထပ်ပြောပြမယ်နော်။

စတုတ္ထမြောက် မြန်မာပြည်က သူတွေ အသေအပျောက် အများဆုံး ဖြစ်ရတဲ့ ရောဂါက ကိုဗစ် – ၁၉ ပါတဲ့။ WHO က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက ၂၀၂၁ ခုနှစ်ကိုပဲ အခြေခံထားတာမို့လို့ ဒီရောဂါ ကြောင့် သေဆုံးတာဟာ စတုတ္ထမြောက် အများဆုံးလို့ တွက်ချက်ထားတာပါ။ အခုတော့ ကိုဗစ် – ၁၉ က လူတွေနဲ့ ယဉ်ပါးတဲ့ ရောဂါအဆင့်ကို လျှောကျသွားပြီမို့ တော်သေးတယ်ပဲ ပြောရမှာပေါ့နော်။ ဒါဆိုရင် ငါးခုမြောက် ရောဂါ ဒါမှမဟုတ် အကြောင်းအရာက ဘာလဲ။

နာတာရှည် အဆုတ်ပွရောဂါ – COPD

ဆေးပညာအရ Chronic obstructive pulmonary disease –  COPD လို့ ခေါ်တဲ့ နာတာရှည် အဆုတ်ပွရောဂါဟာ သေဆုံးရမှုနှုန်းဟာ လူ ၁၀၀,၀၀၀ မှာ ၅၉ ယောက်ရှိပါတယ်တဲ့။ အမျိုးသားတွေမှာဆိုရင် ၆၂ ဦးအထိ ရှိနိုင်ပြီး အမျိုးသမီးကတော့ ၅၀ ဦးအထိ ရှိပါတယ်။ အမျိုးသားတွေကို အမျိုးသမီး တွေထက် ပိုပြီးတော့ သေဆုံးစေတဲ့ ရောဂါဆိုရင် မမှားပါဘူး။

ဒီရောဂါဟာ အဆုတ်လေပြွန်တွေ ကျဉ်းမြောင်းကုန်ပြီး လေဝင်လေထွက် ခက်ခဲစေတဲ့ ရောဂါပါ။ နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis) နဲ့ လေအိတ်ရောင်ခြင်း (Emphysema) နှစ်မျိုးစလုံးဟာ COPD မှာ အကျုံးဝင်ပါတယ်။ ဒီရောဂါ ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရာထဲမှာ ဆေးလိပ် သောက်တာ ပါတာမို့လို့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဒီရောဂါဖြစ်လာရင် ပိုပြီး သေဆုံးရတာ ဖြစ်ပါတယ်။ နောက်ထပ် အကြောင်းအရင်းတွေက တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရတာ၊ ထင်း/မီးသွေး/မီးခိုးငွေ့ စတာတွေကို နှစ်ရှည်လများ ရှူရှိုက်မိတာ၊ စက်ရုံ/အလုပ်ရုံတွေက ထွက်တဲ့ ဓာတုငွေ့တွေကို ရှူရှိုက်မိတာတွေ နဲ့ အခြားအကြောင်းအရာတွေ ပါဝင်ပါတယ်။ 

ရောဂါ စဖြစ်ပြီဆိုရင် ပြတတ်တဲ့ လက္ခဏာတွေက မောလွယ်တာ၊ နာတာရှည် ချောင်းဆိုးတာ၊ ချောင်း ဆိုးရင် သလိပ်ပါတာ၊ ရင်ကျပ်တာတွေပါ။ ဒီလက္ခဏာတွေဟာ ရောဂါ မရင့်လာခင်မှာ ပြတတ်ပြီး ချောင်းဆိုး ရင် မနက်ပိုင်းအိပ်ရာထချိန်တွေမှာ ပိုဆိုးတတ်သလို သလိပ်ထွက်ရင်လည်း အဖြူ၊ အဝါ၊ အစိမ်းရောင် အကုန် ထွက်တတ်ပါတယ်။ ရောဂါရင့်လာပြီဆိုရင်တော့ ထိုင်နေရင်းနဲ့ကို မောနေတတ်ပါတယ်။ နောက်ပြီး အစားအ သောက်မလျှော့ဘဲ ကိုယ်အလေးချိန် ကျလာတာ၊ နှလုံးကိုပါ ထိခိုက်လာပြီး ခြေဖမိုး၊ ခြေမျက်စိတွေ ဖော ရောင်လာတာ၊ သွေးထဲ အောက်ဆီကျင် မလုံလောက်တော့လို့ နှုတ်ခမ်းနဲ့ လက်သည်းတွေ ပြာလာတာ၊ မကြာ ခဏ ဖျားတာတွေ ဖြစ်လာတတ်ပါတယ်။

နာတာရှည် လေပြွန်အဆုတ်ရောဂါ – COPD ဟာ ဖြစ်ပြီဆိုရင် လုံးဝပျောက်ကင်းဖို့ မမျှော်လင့်ပါနဲ့တော့။ ဒါကြောင့် ကိုယ်က ရက်ရှည် ချောင်းဆိုနေမယ်၊ မောပန်းလွယ်နေမယ်ဆိုရင် ဆေးလိပ်သောက်သူဆို ချက်ချင်း ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။ ဒါပြီးရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း စစ်ဆေးတာ (Spirometry) လုပ်ပြီး လမ်းညွှန်မှုအတိုင်း နေထိုင်မယ်ဆိုရင်တော့ ရောဂါ ပိုဆိုးမလာအောင် ထိန်းသိမ်းပြီး အသက်ရှည်ရှည် နေနိုင်ပါလိမ့်မယ်။

 

ဆီးချို – Diabetes Mellitus

မြန်မာပြည်မှာ ဆီးချို – Diabetes Mellitus ရောဂါနဲ့ လူ ၁၀၀,၀၀၀ မှာ ၃၈ ယောက် သေဆုံးလေ့ ရှိတယ်လို့ WHO ကိန်းဂဏန်းတွေက ပြနေပါတယ်။ ဒါပေမဲ့ အမျိုးသားတွေမှာတော့ ၃၂ ဦးသာ သေဆုံးလေ့ရှိပြီး အမျိုးသမီးသေဆုံးမှုက ၄၃ ဦးအထိ ရှိတယ်ဆိုတော့ အမျိုးသမီးထုအတွက် ဆီးချိုဟေ့ဆိုရင် သတိထား ကြဖို့ မယ်ကြော့ တိုက်တွန်းပါရစေ။

ဆီးချိုရောဂါဟာ သွေးထဲမှာ သကြားဓာတ် (Glucose) လွန်ကဲတာဖြစ်ပြီး ရောဂါနုချိန်မှာတော့ သိသာ ထင်ရှားတဲ့ လက္ခဏာ တွေ့ရလေ့ မရှိပါဘူး။ ဒါကြောင့်လည်း လူတော်တော်များများက ဆီးချိုရောဂါက လျော့ တွက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဆီးချိုဖြစ်ပြီဟေ့ဆိုရင် 4Ps ဆိုတဲ့ အဓိကလက္ခဏာတွေ ပြပါတယ်။ Polyuria ဆိုတဲ့ ဆီး ခဏခဏ သွာတာ၊ Polydipsia – ရေခဏခဏ ငတ်တာ၊ Polyphagia – အစားစားချင်စိတ်တွေ လွန်ကဲတာ၊ နောက်တစ်ခုကတော့ အစာများများစားပေမယ့် တဖြည်းဖြည်း ကိုယ်အလေးချိန် ကျလာတာ (Preda de peso) ပါ။ ဒီလို ကိုယ်အလေးချိန်ကျတာ Type – 1 ဆီးချိုသမားတွေမှာ ပိုပြီး သိသိသာသာ ပြတတ် ပါတယ်။

နောက်ထပ် ဆက်စပ်လက္ခဏာတွေက ဒဏ်ရာတစ်ခုခုရရင် အနာကျက် နှေးသွားတာ၊ မျက်လုံးဝါးတာ၊ ထုံကျင်ကိုက်ခဲတာ၊ အလုပ်ပင်ပင်ပန်းပန်း မလုပ်ရဘဲ မောပန်းနေတာ၊ ရေဓာတ်ဆုံးရှုံးမှုပုံစံပြတဲ့ အရေပြား ခြောက်သွေ့တာ၊ အမျိုးသမီးတွေဆိုရင် မိန်းမကိုယ်နဲ့ ပေါင်ခြံလို နေရာတွေမှာ ယားယံတာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ ဆီးချိုသမားတွေက Type – 1 နဲ့ Type – 2 ဆိုပြီး ခွဲထားတာလေး ပိုပြီး ရှင်း အောင် မယ်ကြော့ ပြောပြမယ်နော်။

Type – 1 ဆိုတာက သကြားဓာတ်ကို ခန္ဓာကိုယ်အတွက် အသုံးပြုစေတဲ့ ဟော်မုန်း – အင်ဆူလင် မထွက်တော့တာပါ။ များသောအားဖြင့် သက်ငယ်ဆီးချိုတွေက Type 1 ဖြစ်တာတွေများပါတယ်။ Type – 2 ကျတော့ ခန္ဓာကိုယ်က ထွက်တဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းကောင်း မတုံ့ပြန်တော့တာပါ။ ဒီအမျိုးအစားကတော့ ကိုယ့်ရဲ့ အပြုအမူ၊ အနေအထိုင်တွေနဲ့ အများကြီးဆက်စပ်နေပြီး အသက်ကြီးမှ ဖြစ်လာတာများပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Type – 2 အမျိုးအစားက ဆီးချိုဝေဒနာသည် စုစုပေါင်းရဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ သတိပြုရမယ့်အချက်က Type – 2 ဆီးချိုသမား အများစုဟာ ရောဂါ စဖြစ်ဖြစ်ပြီးချင်း နှစ်ပိုင်းကြာတဲ့အထိ ဘယ်လက္ခဏာမှ မပြတာပါ။

ဆီးချိုရောဂါ ဖြစ်လာပြီဟေ့ဆိုရင် တချို့က ကြောက်ကုန်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို အတင်းဆွဲချဖို့ လုပ်လေ့ ရှိပါတယ်။ ဒါဟာ အရမ်းကို အန္တရာယ်များတဲ့ အရာပါ။

အကောင်းဆုံးကတော့ ဆီးချို ဖြစ်လာပြီဆိုရင် အတတ်နိုင်ဆုံး ပုံမှန်လေ့ကျင့်ခန်း လုပ်တာဟာ အကောင်းဆုံးနည်းပါ။ ပြီးရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားပါတဲ့။ အချိုရည်တွေ ရှောင်ရမယ်၊ မကောင်းတဲ့ အဆီဓာတ်တွေကို ရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံက ရတဲ့ အဆီကို စားသုံးရမယ်၊ ကစီဓာတ်များတဲ့ ပေါင်မုန့်အနု၊ ဆန်ဖြူ စတာတွေကို အကန့်အ သတ်နဲ့သာ စားရမယ်၊ နီတဲ့ အသားတွေကိုထက် ကြက်၊ ဘဲ၊ ငါး စတာတွေကို များများ စားပေးရမယ်တဲ့။ ဆေးလိပ်သောက်တတ်ရင်တော့ ဆေးလိပ်ကို လုံးဝဖြတ်ပါတဲ့။ နောက်ပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးတာ၊ သွေးတွင်း ဆီးချိုပမာဏာကို စစ်ဆေးတာ၊ သုံးလ တစ်ခါ သွေးတွင်းသကြားဓာတ် (HbA1C) စစ်ပေးတာတွေ လုပ်ပါတဲ့။ ဒါဆိုရင် လူသာမန်လိုပဲ အသက်ရှည်ရှည် နေနိုင်မှာပါ။

 

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ခြင်း (Lower Respiratory Infections – LRIs)

မြန်မာပြည်မှာ သေဆုံးမှု ဖြစ်ရတဲ့ ရောဂါနဲ့ အကြောင်းအရာပေါင်း ၁၃၄ ခုကို ဆန်းစစ်ပြီးနောက် အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ခြင်း (Lower Respiratory Infections – LRIs) ကြောင့် သေဆုံး မှုဟာ လူ ၁၀၀,၀၀၀ မှာ ၂၅ ဦးအထိ ရှိတယ်လို့ WHO ဆန်းစစ်ချက်တွေက ပြနေပါတယ်။ ဒီလို ပိုးဝင်ခြင်းကြောင့် အမျိုးသားတွေမှာ သေဆုံးမှုနှုန်း ၃၀ နီးပါးအထိ ရှိပြီး အမျိုးသမီးမှာတော့ ၂၁ ဦးနှုန်း ရှိပါတယ်တဲ့။

LRIs ဟာ လေပြွန်နဲ့ အဆုတ်အတွင်းထဲထိ ရောဂါပိုး ဝင်ရောက်တာကို ပြောတာပါ။ Upper Respiratory Infections (သာမန် အအေးမိနှာစေခြင်း) ထက် ပိုပြီး ပြင်းထန်တဲ့ လက္ခဏာတွေကို တွေ့ရတတ် ပါတယ်။ သလိပ်အပြင် တခါတရံ သွေးပါ ပါတဲ့အထိ ပြင်းပြင်းထန်ထန် ချောင်းဆိုးတာ၊ အသက်ရှူတိုင်း ဝီစီသံလို တရွှီရွှီမြည်တဲ့အထိ အသက်ရှူရ ခက်ခဲတာ၊ ချောင်းဆိုးချိန် ဒါမှမဟုတ် အသက်ပြင်းပြင်း ရှုလိုက်တိုင်း ရင်ဘက်ထဲကနေ စူးခနဲ အောင့်တတ်တာ၊ ကိုယ်အပူချိန် တက်ပြီး ချမ်းပြီး တုန်လာတဲ့အထိ ခံစားရပြီဆိုရင် ဒါဟာ LRIs လက္ခဏာပါ။

ကလေးငယ်တွေမှာဆိုရင် အသက်ရှူမြန်တာ၊ အသက်ရှူတိုင်း နံရိုးတွေ ချိုင့်ဝင်သွားတာ၊ နှုတ်ခမ်းတွေ ပြာလာတာ၊ နို့မစို့နိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပြီး သက်ကြီးရွယ်အိုတွေဆိုရင် အဖျားကြီးကြီး မားမား မရှိဘဲ စိတ်ကယောင်ကတမ်းတွေ ဖြစ်တာ၊ ပုံမှန်ထက် မှိန်းနေတာမျိုးတွေ ပြတတ်ပါတယ်။ ဆေးလိပ် သောက်သူတွေ၊ ညစ်ညမ်းတဲ့အရာနဲ့ ထိတွေ့မိတဲ့အခါ၊ ကိုယ်ခံအားနည်းချိန်၊ ရောဂါအခံရှိသူတွေမှာ ဒီလိုမျိုး LRIs ဖြစ်တတ်ပါတယ်။

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ပြီဆိုရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အဆုတ်နာအထိ ဆက်ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် အပေါ်က ဖော်ပြတဲ့ လက္ခဏာတွေကို တွေ့ပြီဆိုရင် တော့ အမြန်ဆုံး ဆေးရုံ/ဆေးခန်းသွားဖို့ လိုပါတယ်။

အသက်ရှူလမ်းကြောင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းအစိတ်အပိုင်းဖြစ်လို့ ဆေးထိုး၊ ဆေးလိမ်းလို့ မရပါဘူး။ ဒါပေမဲ့ အသက်ရှူလမ်းကြောင်း အားကောင်းဖို့ဆိုရင် လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ လိုပါတယ်။ ဒါဟာ မဖြစ်ခင်ကတည်း ကြိုတင်ကာကွယ်ရာလည်း ရောက်မှာဖြစ်လို့ မယ်ကြော့ တိုက်တွန်းပါရစေ။ လေ့ကျင့် ခန်းလုပ်ဖို့ အဖိုးအခကြီးတဲ့ Gym လည်း သွားစရာ မလိုပါဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ် လုပ်လို့ ရပါတယ်။ တစ်ခုကတော့ လမ်းသွက်သွက်လျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ကြိုးခုန်တာ စတဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူ မြန်စေတဲ့ အားကစားပုံစံတွေ လုပ်ပါ။ ပြီးရင် ရင်ဘက်နဲ့ ဝမ်းဗိုက်ကြွက်သားတွေ သန်မာပြီး အသက်ရှူရကောင်းစေဖို့ အလေးမတာမျိုး လုပ်လို့ ရပါတယ်။ ဒီနှစ်ခုကိုတော့ တစ်ပတ်ကို ငါးရက် နှုန်းလောက်နဲ့ တစ်ရက်ကို နာရီဝက် – မိနစ် ၃၀ လောက် ကစားရင်ကို လုံလောက်ပါတယ်။ နောက်တစ်ခုကတော့ အဆုတ် အား ကောင်းစေမယ့် အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ရင် အသက်ရှူတဲ့ အကြိမ်ရေ ကို လျှော့ချပြီး လေပြွန်တွေကို ပွင့်စေတဲ့ နည်းအပြင် Belly Breathing (Diaphragmic Breathing) ဆိုတဲ့ ရှုသွင်းထားတဲ့ လေကို ပြန်ထုတ်တဲ့အခါ လည်ပင်းနဲ့ ရင်ဘက်က ကြွက်သားတွေကို လျှော့ချပေးတဲ့ နည်းတွေ သုံးလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ခံနိုင်ရည်ကို ကိုယ်ကိုယ်တိုင် မသိဘဲ လုပ်မိရင် မလိုလားအပ်တဲ့ ဆိုးကျိုး တွေပါ ထပ်ရနိုင်လို့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး လုပ်ပါလို့ မယ်ကြော့ ပြောပါရစေ။

အခုတခေါက် မယ်ကြော့ ပြောပြတဲ့ အကြောင်းအရာ သုံးခုမှာ ဆေးလိပ်ဆိုတာ ပါနေတာကို မမေ့ကြနဲ့နော်။ ကိုယ်က သောက်လို့ ရနိုင်သလို ဘေးနားက ဆေးလိပ်ငွေ့ ရှူရတဲ့ သူတိုင်းလည်း ရောဂါရတတ်တာမို့ ဖြစ်နိုင်ရင်၊ တတ်နိုင်ရင် ဆေးလိပ်ဖြတ်ကြပါလို့ မယ်ကြော့ တိုက်တွန်းလိုက်ပါတယ်နော်။

#အဆုတ်ရောဂါ

# ဆီးချို

#အသက်ရှူလမ်းကြောင်း

#WHO

ကိုးကား

1) World Health Organization – WHO (https://data.who.int/)

2) wikipedia.org/

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ