စိတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့ ရောဂါဝန်ထုပ်ဝန်ပိုးများ …

Published On: January 6th, 2026|Views: 253|

ကိုဘသက်

မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ အမြဲတမ်း သုံးလေ့ရှိတဲ့ စကားတစ်ခု ရှိပါတယ်။ “ကိုယ် စိတ် နှစ်ပါး” ဒါမှမဟုတ် “ကိုယ် စိတ် နှစ်ဖြာ” ဆိုတာပါ။ လူတစ်ယောက်အတွက် ကိုယ်ခန္ဓာ ကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ငြိမ်း ချမ်းအေးဆေးမှုကို ဖော်ညွှန်းတာဖြစ်ပြီး ဆေးပညာနယ်ပယ်မှာလည်း ဒီနှစ်ခုလုံး ကျန်းမာသန်စွမ်းနေစေဖို့ အတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးဆိုင်ရာ လက္ခဏာရပ်တွေကို သီးသန့်လေ့လာ ဆန်းစစ်တာ ရှိသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်းကို အထူးပြုတာတွေလည်း ရှိပါတယ်။ လူတစ်ယောက် ကျန်းမာတယ်ဆိုတာ ကိုယ်ကော၊ စိတ်ကော ကျန်းမာမှပါ။ ဒီလိုမှ မဟုတ်ဘဲ ခန္ဓာကိုယ်က ကြံခိုင်၊ ကျန်းမာပေမယ့် စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေပြီဆိုရင် ကျန်းမာနေတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့နိုင်ငံအသီးသီးက ကျန်းမာရေးအချက်အလက်တွေကို ဆန်းစစ်တဲ့အခါ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ (Mental) အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ရောဂါတွေနဲ့ ဘယ် လောက်တောင် ယှဉ်တွဲနေထိုင်နေရသလဲဆိုတာကို နှစ်စဉ် ဆန်းစစ်ပြီး ထုတ်ပြန်လေ့ ရှိပါတယ်။ ဆန်းစစ်တဲ့အခါ MNSS လို့ ဆေးပညာအရ အတိုကောက်သုံးနှုန်းတဲ့ စိတ်ကျန်းမာရေး၊ အာရုံကြော၊ ဆေးဝါးသုံးစွဲမှုနဲ့ ကိုယ်ကိုယ်ကို အန္တရာယ်ပြုတာ (Mental, neurological, substance use and self-harm) ကို ကဏ္ဍအဖြစ် စုပြီး သီးခြားဆန်းစစ်ပါတယ်။ နောက်တစ်ခုကတော့ ကူးစက်ရောဂါ၊ မိခင်နဲ့ မွေးကင်းစကလေး ကျန်းမာရေး၊ အာဟာရဆိုင်ရာ ပြဿနာတွေအပေါ် အခြေခံ ဆန်းစစ်တာ၊ မကူးစက်နိုင်တဲ့ ရောဂါ (Noncommunicable Diseases – NCDs) ရှုထောင့်ကနေ ဆန်းစစ်တာ၊ နောက်ဆုံးတစ်ခုကော့ Injuries ဆိုတဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေကနေ ဆန်းစစ်တာပါ။ ဒီလို ဆန်းစစ်တဲ့အခါမှာလည်း ကဏ္ဍတစ်ခုစီအလိုက်အောက်မှာ နောက်ထပ် ကဏ္ဍခွဲတွေ ထားပြီး ဆန်းစစ်ထားပြန်ပါတယ်။ 

WHO ကိန်းဂဏန်းတွေအရ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကာလတုန်းက မြန်မာပြည်မှာ လူတွေဟာ မကူးစက်နိုင်တဲ့ NCDs နဲ့ နေထိုင်ရမှုဟာ ၄၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိပြီး ကူးစက် / မိခင်နှင့် မွေးကင်းစ ကျန်း မာရေး / အာဟာရဆိုင်ရာ ပြဿနာတွေနဲ့ နေထိုင်ရသူဟာ ၂၃ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။ MNSS အခြေခံ ဆန်းစစ်မှုဟာ ၂၃ ဒသမ ၈ ရှိပြီး ထိခိုက်ဒဏ်ရာရမှု နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ နေထိုင်ရသူ ဟာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ အချက်အလက် သပ်သပ်ချည်း မဟုတ်ပါဘူး။ မြန်မာပြည်က သူတွေရဲ့ နေ့စဉ်လူမှုဘဝဟာ စိတ်ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေတဲ့ ရောဂါဒဏ် (ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ရောဂါ) တွေကို ဖြတ်သန်းနေရတယ်ဆိုတာကို ဖော်ပြနေတာပါ။ 

“အဲဒီကာလတုန်းက မြန်မာတွေရဲ့ ကျန်းမာရေးအသိက ဒီလောက်ကြီး တက်မလာသေးဘူးဗျ။ ကူးစက် တာ၊ မကူးစက်တွေလည်း မသိသလို အာဟာရဆိုရင် အားပြည့်အောင် ထမင်းရေသောက်ဆိုတဲ့ အခြေအနေ လေ။ ဒါတွေက ကိုယ့်အတွက် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေမယ်ဆိုတာကို မသိနိုင်ဘူး။ ရောဂါ တစ်ခုခု ဖြစ်ရင် ဝဋ်နာ၊ ကံနာ ဆိုပြီးပဲ မှတ်ထားကြတာ။ အခုကျတော့ ကျန်းမာရေးအသိကတော့ တိုးလာပါရဲ့။ ငွေကုန် ကြေးကျကလည်း များလာတယ်” လို့ အသက် ၆၇ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

ဒီဆန်းစစ်မှုအပြီး ဆယ်စုနှစ် နှစ်ခုအကြား ၂၀၂၁ ခုနှစ်မှာတော့ WHO ရဲ့ စဉ်ဆက်မပြတ် ဆန်းစစ်မှုတွေအရ ကိန်းဂဏန်းတချို့ နေရာရွှေ့ ပြောင်းလဲလာပါတယ်။ ၂၀၂၁ မှာ NCDs နဲ့ နေထိုင်ရသူဟာ ၅၃ ဒသမ ၂ အထိ တက်လာပါတယ်။ MNSS ဟာလည်း ၂၆ ဒသမ ၂ အထိ တက်လာသလို ထိခိုက်ဒဏ်ရာရရှိမှု နောက် ဆက်တွဲ ရောဂါလက္ခဏာနဲ့ နေထိုင်ရသူဟာ ၇ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ကူးစက် / မိခင်နှင့် မွေးကင်းစ ကျန်းမာရေး / အာဟာရဆိုင်ရာ ပြဿနာတွေနဲ့ နေထိုင်ရသူ ပမာဏကတော့ ကျဆင်းလာပြီး အရင်  ၂၃ ရာခိုင် နှုန်းကျော်ကနေ ၁၃ ဒသမ ၅ အထိ ဖြစ်လာပါတယ်။ ဒါဟာလည်း ၂၀၀၀ ပြည့်နှစ်ကစလို့ ကုလသမဂ္ဂလက် အောက်ခံ ကျန်းမာရေးနဲ့ ကူညီပေးရေးအဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ကျန်းမာ ရေးဝန်ကြီးဌာနရဲ့  ပူးပေါင်းလုပ်ဆောင်မှုတွေလို့ပဲ ပြောရမှာပါ။ 

MNSS မှာ ဘာတွေ ပါနေလဲ

MNSS လို့ အတိုကောက် သုံးနှုန်းတဲ့ စိတ်ကျန်းမာရေး၊ အာရုံကြော၊ ဆေးဝါးသုံးစွဲမှုနဲ့ ကိုယ်ကိုယ်ကို အန္တရာယ်ပြုတာ (Mental, neurological, substance use and self-harm) မှာ Disorder Type လို့ ဆိုတဲ့ ရောဂါအမျိုးအစားတွေကို သီးခြားစီ ခွဲပြီးတော့ WHO က ထုတ်ပြန်ထားပြန်ပါတယ်။ အမျိုးအစားအစုပေါင်း ၁၉ စု ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ ရောဂါတွေ၊ စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ အော်တစ်ဇင်နဲ့ အက်စ်ပါဂါ ရောဂါအုပ်စု၊ အခြားသော စိတ်နှင့် အပြုအမူဆိုင်ရာ ရောဂါအုပ်စု၊ ဝက်ရူးပြန် အတက်ရောဂါ၊ အရက်သောက်တာနဲ့ဆိုင်တဲ့ ပြဿနာ (အရက်စွဲရောဂါ)၊ အယ်လ်ဇိုင်းမားနဲ့ တခြား မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ၊ စိတ်အတက်အကျ မြန်တဲ့ Bipolar ရောဂါ၊ ကလေးဘဝ အပြုအမူဆိုင်ရာ မူမမှန်တာ၊ မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ ပြဿနာ၊ ခေါင်းတစ်ခြမ်းကိုက်တာ မဟုတ်တဲ့ အခြားခေါင်းကိုက်ရောဂါတွေ၊ အကြောင်းရင်းရှာမရတဲ့ ဉာဏ်ရည်မမီမှုတွေ၊ အစားအသောက် စားသုံးမှုနဲ့ဆိုင်တဲ့ မူမမှန် တဲ့ရောဂါတွေ၊ တခြားသော ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါ၊ ပါကင်ဆန်လိုမျိုး လှုပ်ရှားမှုနဲ့ဆိုင်ရာ ကတုန်ကယင်ဖြစ်တဲ့ ရောဂါ၊ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်တာ၊ အာရုံကြောအမြှေးပါး ပျက်စီးတဲ့ (Multiple Sclerosis) ရောဂါ ဆိုပြီး ခွဲထားတာပါ။ ဒါလိုမျိုး ရောဂါတွေဟာ နေ့စဉ် ကြုံတွေ့နေကြတဲ့ သူတိုင်းမှာ တစ်ခုမဟုတ် တစ်ခု ဖြစ်နေတာတွေ ရှိပြီး ဒါတွေဟာ စိတ်ကျန်းမာရေးမှုဆိုင်ရာအပေါ် အကြီးအကျယ် သက်ရောက်လေ့ ရှိပါတယ်။ 

ဒီလိုမျိုး ရောဂါလက္ခဏာရှိမှု အလိုက် စိတ်ကျန်းမာရေးအပေါ် ထိခိုက်မှုကို WHO က ထပ်မံဆန်းစစ်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဟာ ၂၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေပါတယ်။ Migraine လို့ ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဟာ သာမန် ခေါင်းကိုက်တာမျိုး မဟုတ်ဘဲ ပြင်းထန်တဲ့ နာကျင်မှုကို ခံစား ရစေတဲ့ အာရုံကြောဆိုင်ရာရောဂါပါ။ ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် များသောအားဖြင့် ခေါင်းရဲ့ ညာဘက် ဒါမှမဟုတ် ဘယ်ဘက်တစ်ခြမ်းခြမ်းမှာ တဒိန်းဒိန်းနဲ့ နေအောင် တိုးလာလိုက် လျော့လိုက်နဲ့ ကိုက်ခဲတဲ့ပုံစံပါ။  ဒီလိုဖြစ်လာရင် စူးရှတဲ့ အလင်းရောင်ကို မခံနိုင်တာ၊ အသံကျယ်ကျယ်တွေကို မကြားချင်တာ၊ အနံ့ပြင်းပြင်းဆိုရင် သည်းမခံနိုင်တာတွေ ဖြစ်ပြီး မှောင်ပြီး တိတ်ဆိပ်တဲ့ အခန်းထဲမှာ တကိုယ်တည်း နေချင်စိတ်တွေကို ဖြစ်စေပါတယ်။ တိကျ ကောင်းမွန်တဲ့ ကုသမှု မခံယူရင် ဒီလို ဖြစ်တာဟာ လေးနာရီက ၇၂ နာရီအထိ ကြာမြင့်တက်ပြီး ရောဂါခံစားနေရချိန်မှာ ပျို့ချင်အန်ချင်တာ၊ အော့အန်တာတွေ စတဲ့ လက္ခဏာ ပြတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် အမြင်အာရုံနဲ့ဆိုင်တဲ့ လက္ခဏာတွေလည်း နောက်ဆက်တွဲ လာတတ်ပါတယ်။ မျက်လုံးထဲမှာ အလင်းတန်းတွေ၊ မီးပွားတွေ လက်ခနဲ မြင်လာရတာ, ဇစ်ဇက်ပုံစံ မျဉ်းကြောင်းတွေ မြင်လာတာ၊ အမြင်အာရုံတွေ ခဏဝေဝါးတာနဲ့ ကွယ်ကုန်တာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို စနစ်တကျ ကုရင်တောင် နောက်ဆက်တွဲလက္ခဏာတချို့ကို တစ်ရက်လောက်အထိ ထပ်ခံစားရနိင်ပါတယ်။ အဲဒါတွေက လူက နုံးချိပြီး အားကုန်သလို ခံစားရတာ၊ စိတ်မကြည်လင်ဘဲ ရှုပ်ထွေးနေတာ၊ ခေါင်းကို ရုတ် တရက် လှုပ်ရှားလိုက်ရင် ခေါင်းကိုက်သလို ပြန်ခံစားရတာတွေပါ။ WHO အချက်အလက်အရ ဒီလိုမျိုး ခေါင်း တစ်ခြမ်းကိုက်ရောဂါကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး ခံစားနေရတယ်လို့ ဆိုထားပါတယ်။ 

“ခေါင်းတစ်ခြမ်းပဲ ကိုက်ကိုက်နေတာ ပထမတော့ နေတာ ထိုင်တာ မှားလို့၊ ရာသီဥတုကြောင့်လို့ပဲ ထင်မိတာ။ နောက်တော့ မဟုတ်တော့ဘဲ ခဏခဏနဲ့ အတော်ဆိုးလာတယ်။ ဆေးသောက်၊ ဆေးထိုးလုပ်လည်း ခဏတော့ သက်သာလိုက်တယ်။ ပြီးရင် ပြန်ပြန်ဖြစ်လာကော။ ခေါင်းကိုက်တာချည်းက အလုပ်သွားတဲ့အခါ ပိုဆိုးတယ်။ အလုပ်ထဲလည်း အာရုံက မရောက်၊ ဒီတော့ အဆင်မပြေတော့ဘဲ အလုပ်ကိုပါ ထိခိုက်လာကော။ အခုက ခေါင်းကိုက်လာပြီဆိုရင် လူတွေကိုပါ ရှောင်နေရတယ်။ ကိုယ့်ဘာသာကိုယ် ခေါင်းကိုက်နေတာ က ပြဿနာ မရှိဘူး။ ထစ်ခနဲ စိတ်က အလိုမကျဖြစ်တော့ ပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာ အဖုအထစ်တွေ ဖြစ်ကုန်တော့ ရှောင်ရင်း ရှောင်ရင်းနဲ့ ကိုယ်က ဘေးရောက်လာကော” လို့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို နှစ်နှစ်ကျော် ခံစားနေရတဲ့ ရွှေပြည်သာမြို့နယ်က စက်ရုံလုပ်သား ကိုအေး (အမည်လွှဲ) က ပြောပါတယ်။ 

 

မြန်မာပြည်က သူအများစုဟာ Anxiety disorders ဆိုတဲ့ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ ရောဂါလက္ခဏာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက အမျိုးသမီးတွမှာဆို ၂၅ ရာခိုင်ကျော်နဲ့ အမျိုးသားတွေမှာ ၁၆ ရာခိုင်ကျော်၊ ပျမ်းမျှအားဖြင့် ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ သတိပေးထားပါတယ်။  Anxiety disorders ဆိုတာဟာ သာမန်စိတ်လှုပ်ရှားပူပန်မှုမျိုး မဟုတ်ပါဘူး။ နေ့စဉ်လူမှုစီးပွားဘဝကိုပါ ထိခိုက်စေတဲ့အထိ ဖြစ်စေတဲ့ အကြောင်းမဲ့ စိုးရိမ်ပူပန်တာမျိုးကို ဆိုလိုခြင်းပါ။  Anxiety disorders ရှိနေပြီဆိုရင် စိတ်ပိုင်းဆိုင်ရာမှာကော ရုပ်ပိုင်းဆိုင်ရာမှာ လက္ခဏာတွေ ပြပါတယ်။ အကြောင်းအရင်း မယ်မယ်ရရ တိတိပပ မရှိဘဲ ကိစ္စသေးသေးလေးတွေကအစ အကြီးကြီးဖြစ်လာမလားဆိုပြီး တွေးပူနေတတ်တာမျိုး၊ ဂနာမငြိမ်ဖြစ်တာ၊ အလုပ် ဒါမှမဟုတ် အာရုံစိုက်လုပ်ရမယ့် ကိစ္စတွေမှာ အာရုံစိုက်လို့ မရတာ၊ အလိုလိုနေရင်း စိတ်ဆက်ပြီး စိတ်တိုလွယ်တာ၊ အဆိုးဆုံးကတော့ အန္တရာယ်တစ်ခုခု ကျရောက်တော့မယ်ဆိုပြီး အလိုလိုနေ ရင်း ကြောက်ရွံ့နေတာမျိုးတွေဟာ Anxiety disorders ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ပြတဲ့ လက္ခဏာတွေပါ။ ဒီလိုဖြစ်လာပြီဆိုရင် ကိုယ် ခန္ဓာက အခုလိုမျိုး အလိုလို တုံ့ပြန်တတ်ပါတယ်။ အသက်ရှု မဝသလို ဖြစ်ပြီး ရှုနှုန်းမြင့်လာတာ၊ ဇက် / ပခုံးနဲ့ ခါးက ကြွက်သားတွေ တင်းမာပြီး နာကျင်ကိုက်ခဲတာ၊ လက် ဒါမှမဟုတ် တစ်ကိုယ်လုံး တုန်နေတာ၊ ပြင်ပ ရာသီဥတု မပူဘဲ လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ ချွေးစေးတွေ ထွက်လာတာ၊ ညဘက် အိပ်မပျော် / အိပ်ပျော်ိဖု့ ခက်တာနဲ့ အိပ်မက်ဆိုး မက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီ့ထက် ပိုဆိုးလာရင်တော့ နှလုံးရပ်တော့မလို ခံစားရတာ၊ လည်ပင်းညှစ်ခံထားရလိုလို အသက်ရှူလို့ မရတော့သလိုလို ဖြစ်တာ၊ စိတ်က သေတော့မှာပဲဆိုပြီး ကြောက်ရွံ့နေတာ၊ ကိုယ်က ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး တကိုယ်တည်းဖြစ်သလိုတွေ ခံစားရတတ်ပါတယ်။  သာမန်အားဖြင့် လူတွေဟာ နိစ္စဓူဝ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကြောင့် စိတ်ဖိစီးမှုဆိုတာ ပုံမှန်ရှိပါတယ်။ ဒါပေမဲ့ အခုပြောပြတဲ့ လက္ခဏာတွေက ခြောက်လထက် ကျော်လာပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ စိတ်ကျန်းမာရေးပညာရှင်တွေဆီ သွားပြီး စနစ်တကျ ဆွေးနွေးတိုင်ပင် ကုသမှသာ ရပါလိမ့်မယ်။ 

Depressive Disorders ဆိုတဲ့ စိတ်ကျရောဂါ

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ မြန်မာတွေ အများဆုံး ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ အဲဒါက ဒီပရက်ရှင် ဆိုတာပါ။ သာမန်ကာရှန်ကာ အဆင့်မဟုတ်ဘဲ ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်မှာ၊ ပေါင်းသင်းဆက် ဆံရေးနယ်ပယ်မှာပါ ထိခိုက်စေတဲ့အထိ ဖြစ်တတ်တဲ့ Depressive Disorders ဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းထဲကသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကြီးကြီးမားမား ဖိအားဖြစ်စေတဲ့၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ရောဂါတစ်ခုပါ။ ဒီလို Depressive Disorders နဲ့ နေထိုင်ရသူ အရေအတွက် ၁၅ ဒသမ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ WHO  သတိပေးထားပြီး အမျိုးသားနဲ့ အမျိုးသမီး ဖြစ်ပွားမှုကလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒီပရက်ရှင်ဝင်ပြီ ဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်းမှာတင် မကပါဘူး၊ Cognitive Symptoms ဆိုတဲ့ ဦးနှောက်နဲ့ အာရုံ ကြောဆိုင်ရာ အလုပ်လုပ်ပုံတွေမှာပါ လက္ခဏာ ပြပါတယ်။ နေ့စဉ်ရက်ဆက်ဆိုသလို စိတ်ထဲမှာ ဝမ်းနည်းနေတာ / ဗလာကြီး ဖြစ်နေတာ၊ ကိုယ်နှစ်သက် ဝါသနာပါတဲ့ ကိစ္စတွေမှာ စိတ်ဝင်စားမှု လုံးလုံးပျောက်ကုန်တာ၊ အနာဂတ်မှာ ဘာမျှော်လင့်ချက်မျ မရှိတော့ဘူးလို့ ခံစားရတာ၊ ကိစ္စသေးသေးလေးတွေမှာတောင် သည်းမခံနိုင်ဘဲ ဒေါသထွက်တာ၊ ကိုယ်လုပ်ခဲ့တာတွေက ဘာမှ မဟုတ်ဘူးဆိုပြီး နောက်ကြောင်းပြန် အတွေးတွေနဲ့ နောင်တရတာ / ကိုယ်ကိုယ့်ကို တန်ဖိုးမရှိတဲ့သူလို့ ထင်မြင်တာတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်ပြီး ပြ တဲ့ လက္ခဏာပါ။ ရုပ်ပိုင်းဆိုင်ရာအရ အိပ်စက်မှု ပုံစံတွေ ပြောင်းကုန်ပြီး အလုပ်မလုပ်ဘဲ နုံးချိ / လေးလံထိုင်း မှိုင်းနေတာ၊ အစားအသောက်ပုံစံတွေ ပုံစံပြောင်းလာတာ၊ ဆေးစစ်ရင် ရောဂါမတွေ့တဲ့ ခေါင်းကိုက် / ခါးနာ / ဗိုက်နာတာတွေ ဖြစ်တတ်ပြန်ပါတယ်။  Cognitive Symptoms ဆိုတဲ့ ဦးနှောက်နဲ့ ဆက်စပ်ပြီးတော့ ကိစ္စ တစ်ခုခုဆိုရင် ဆုံးဖြတ်ချက် ချရ ခက်ခဲသွားပြီး စကားပြောဖို့လည်း အာရုံစိုက်မရတာ၊ ပြောရင်း မေ့လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီ့ထက် ဆိုးတာကတော့ ဒီဘဝကြီးမှာ ဒီပုံစံနဲ့ ဆက်မနေချင်တော့ဘူး ဆိုတဲ့ အတွေးတွေ၊ သေတာနဲ့ ပတ်သက်ပြီးပဲ ခဏခဏ တွေးနေမယ်၊ နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ကြိုးပမ်း ချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါမျိုးဖြစ်တာ နှစ်ပတ်ထက် ကျော်လာပြီဆိုရင်တော့ တစ်ယောက်တည်းမနေဖို့၊ မခံစားဖို့ လိုပြီး ကိုယ် ယုံကြည်စိတ်ချရတဲ့ သူ၊ ဒါမှမဟုတ် နီးစပ် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြီး အကူအညီတောင်းဖို့ လိုနေပါပြီ။ 

“ဆေးပညာတွေ ဘာတွေတော့ နားမလည်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ အခြေအနေက  ဘက်ပေါင်းစုံ ကြည့်ရင် ပျော်စရာဆိုတာ တို့ရဲ့ ကမ္ဘာမှာ မရှိပါ ဆိုတဲ့ သီချင်းအတိုင်း ဖြစ်နေတာ။ နောက်နေ့ ဘာဖြစ်မလဲ မသိဘူး ဆိုတဲ့ စိုးရိမ်စိတ်ကြီးနဲ့ နေနေရတာ။ ဒီတော့ လူက ဘယ်တော့မှ တက်ကြွမနေဘူး။ နောက်ပြီး မနက်ဖြန် ဘာဖြစ်မလဲဆိုတာထက် ဒီကနေ့တောင် ဘာဖြစ်မလဲဆိုတာ မှန်းမရတော့ အိမ်က ကလေးတွေအတွက်ဆိုရင် အမြဲ စိတ်ပူနေရတယ်။ နောက်ပြီး အမျိုးသားအတွက်ကလည်း အလုပ်က ရေရာတဲ့အခြေအနေက ရှိတာ မဟုတ်ဘူး။ တနေ့ ရွှေ၊ တနေ့ ငွေ ဖြစ်နေပြီ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေတဲ့ ကလေးငယ်နှစ်ဦး မိခင် မကြာဖြူ (အမည်လွှဲ) က ဆိုပါတယ်။ 

ဝန်ထုပ်ဝန်ပိုးဖြစ် ရောဂါတွေနဲ့ တူယှဉ်တွဲနေထိုင်ရမှုဟာ စိတ်ကျန်းမာရေးအခြေအနေကို အများကြီး သက်ရောက်မှု ရှိပါတယ်။ ကြာရှည် တူယှဉ်တွဲ နေထိုင်ရပြီဆိုရင် စိတ်ကျန်းမာရေးကိုသာ မဟုတ်ဘဲ ကိုယ် ကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါး သက်ရောက်လာစေမှာပါ။ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာနေဖို့ဆိုရင် အဓိက လိုအပ်တာဟာ လုံခြုံတဲ့ လူ့အသိုက်အဝန်းနဲ့ အနာဂတ်ကို အာမခံချက်ပေးနိုင်ဖို့ပါပဲ။ လူတွေဟာ နေ့စဉ်ဘဝမှာ မလုံခြုံဘူးတဲ့အပြင် အနာဂတ်ပါ ပျောက်နေပြီဆိုရင်တော့ WHO ရဲ့ သတိပေး ဆန်းစစ်ထုတ်ပြန်မှု ကိန်း ဂဏန်းတွေ တရစ်ရစ်နဲ့ တက်နေဦးမှာ ဖြစ်ပါတယ်။ 

#စိတ်ကျန်းမာရေး

#စိတ်ကျရောဂါ

#ခေါင်းတစ်ခြမ်းကိုက်ရောဂါ

#စိုးရိမ်ပူပန်မှု

#ကမ္ဘာ့ကျန်းမာရေးအဖွဲ့

 

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ