သတိထားရမည့်ရင်သားအကျိတ်

Published On: January 8th, 2026|Views: 277|

(Dr. Yen Bi Ter ရေးသားသည်)

ရင်သားအကျိတ်ဆိုတာ ရင်သားတစ်ရှူးတွေကြားမှာ ပုံမှန်မဟုတ်ဘဲ စမ်းမိနေတဲ့ အလုံးအကျိတ်မျိုးကို ဆိုလိုတာပါ။ အကျိတ်တွေဟာ မာတာ၊ ပျော့တာ၊ နာတာ၊ မနာတာ အမျိုးမျိုးရှိနိုင်သလို စမ်းလိုက်တဲ့အခါ ရွေ့သွားတဲ့အကျိတ်နဲ့ မရွေ့သွားတဲ့အကျိတ်ဆိုပြီးလည်း ကွာခြားနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ အမျိုးသမီးတွေရဲ့ ရင်သားဟာ သွေးသားပြောင်းလဲမှု၊ ရာသီလာချိန် စတာတွေအပေါ် မူတည်ပြီး အကျိတ်လိုမျိုး စမ်းမိတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်အရွယ် ငယ်ရွယ်သူတွေမှာ ရေအိတ်တည်ခြင်း (Cysts)၊ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့အကျိတ် (Fibroadenoma) တွေက ပိုအဖြစ်များပါတယ်။ ရင်သားအကျိတ်တွေရဲ့ တစ်ဝက်လောက်ကနေ ၇၅ ရာခိုင်နှုန်းလောက်အထိက အန္တရာယ်မရှိတဲ့ သာမန်အကျိတ်တွေ ဖြစ်ပါတယ်။ 

ဒါပေမယ့် သာမန်အလုံးအကျိတ်မဟုတ်ဘဲ အဲ့ဒီအကျိတ်တွေက ရင်သားကင်ဆာရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ရင်သားကင်ဆာဆိုတာ မဖြစ်မနေ သတိထားရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။ နာမှကင်ဆာ၊ မနာရင်ကင်ဆာမဟုတ်ဘူးဆိုတာ (လုံးဝ) မမှန်ဘဲ မနာကျင်တဲ့အကျိတ်တွေကလည်း ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်တဲ့ အခြေအနေတွေကို သတိထားဖို့ လိုပါတယ်။ အဲ့ဒီလက္ခဏာတွေထဲမှာ စမ်းမိတဲ့အကျိတ်ကပျောက်မသွားဘဲပိုကြီးလာတာ၊ အကျိတ်က မာပြီး ကျောက်ခဲလိုဖြစ်နေတာ၊ ရင်သားအရွယ်အစားနဲ့ ရင်သားပုံစံသိသိသာသာ ပြောင်းလဲလာတာ၊ အရေပြားချိုင့်ဝင်တာ၊ အရေပြားထူပြီး လိမ္မော်ခွံကဲ့သို့ ဖြစ်လာတာ၊ နို့သီးခေါင်းကနေ သွေးထွက်တာနဲ့ ချိုင်းကြားမှာ အကျိတ်စမ်းမိတာတွေ ရှိရင်တော့ အထူးသတိထားရပါမယ်။

အရင်ကတော့ မိမိရင်သားကို လစဉ်ကိုယ်တိုင်စမ်းသပ်ဖို့ (Breast Self-Examination) တိုက်တွန်းခဲ့ပေမယ့် ၂၀၂၅ ခုနှစ် နောက်ဆုံးတွေ့ရှိချက်တွေအရ ‘ရင်သားကျန်းမာရေးသတိရှိခြင်း’ (Breast Self-Awareness) ကို ပိုအားပေးလာကြပါတယ်။ အဲ့တာကတော့ ရက်စွဲနဲ့ အတိအကျကြီး စမ်းသပ်နေစရာမလိုဘဲ မိမိရဲ့ပုံမှန်ရှိနေကျ ရင်သားရဲ့အနေအထားကို ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်အောင် မှတ်သားထားပြီး ထူးခြားမှုရှိ၊ မရှိ နေ့စဉ်လှုပ်ရှားမှုတွေကြားမှာ သတိထားစောင့်ကြည့်တာမျိုးပါ။ (ဥပမာ- ရေချိုးရင်း၊ အဝတ်အစားလဲရင်း မိမိရင်သားကို သတိထားကြည့်ရှုခြင်း)

အကယ်၍ မိမိရင်သားမှာ အကျိတ်တစ်ခုခု စမ်းမိခဲ့ရင်တော့ ပထမဆုံးအနေနဲ့ ထိတ်လန့်မသွားဖို့ လိုသလို၊ လျစ်လျူရှုမထားဖို့လည်း အရေးကြီးပါတယ်။ အထက်မှာဖော်ပြထားတဲ့အချက်တွေကို သတိထားကြည့်ပြီး တစ်ခုခုမူမမှန်တဲ့လက္ခဏာတွေ့ရင် အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ ဆေးခန်းပြတဲ့အခါ အသက်အရွယ်ငယ်သူများအတွက် အာထရာဆောင်း (Ultrasound) ရိုက်တာ၊ အသက် ၄၀ နဲ့အထက် အမျိုးသမီးများအတွက် မမ်မိုဂရမ် (Mammogram) ဓာတ်မှန်ရိုက်တာမျိုး ပြုလုပ်ရနိုင်ပြီး လိုအပ်မယ်ဆိုရင်တော့ အသားစယူစစ်ဆေးတာ (Biopsy) အထိ လုပ်ဆောင်ရနိုင်ပါတယ်။ စောစောစီးစီး စစ်ဆေးကုသမှု ခံယူခြင်းက ရောဂါပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော် အမျိုးသမီးတွေအနေနဲ့ကတော့ ရောဂါလက္ခဏာမပြရင်တောင် မမ်မိုဂရမ် (Mammogram) ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ကြောင်း ၂၀၂၄ လမ်းညွှန်ချက်တွေမှာ အကြံပြုထားပါတယ်။ ရင်သားကင်ဆာမျိုးရိုးရှိသူတွေကတော့ ပိုပြီးစောစော စစ်ဆေးသင့်ပါတယ်။

ဒါ့အပြင် ရင်သားအကျိတ်အားလုံးကို မကာကွယ်နိုင်ပေမယ့် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။ ဒါတွေကတော့ –

 ၁။ကိုယ်အလေးချိန်ထိန်းခြင်း – အဝလွန်ခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ အထူးသဖြင့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းက ကင်ဆာကာကွယ်ရေးအတွက် အလွန်အရေးကြီးပါတယ်။ 

၂။ လေ့ကျင့်ခန်းလုပ်ခြင်း – တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို မျှတစေပြီး ကင်ဆာအန္တရာယ်ကို လျော့နည်းစေပါတယ်။ 

၃။ အရက်ရှောင်ခြင်း – အရက်သောက်သုံးခြင်းဟာ ရင်သားကင်ဆာနဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိနေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လျှော့သောက်တာ၊ ဒါမှမဟုတ် လုံးဝ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။ 

၄။ မိခင်နို့တိုက်ကျွေးခြင်း – ကလေးမွေးဖွားပြီး မိခင်နို့တိုက်ကျွေးတဲ့ အမျိုးသမီးတွေဟာ နို့မတိုက်တဲ့သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုနည်းတာကို တွေ့ရှိရပါတယ်။ မိခင်နို့တိုက်ကျွေးတဲ့အခါမှာလည်း ၂ ဖက်စလုံးကို မျှမျှတတ တိုက်ကျွေးသင့်ပါတယ်။ 

ရင်သားကင်ဆာလို့ပြောရင် အမျိုးသမီးမှာဘဲ ဖြစ်နိုင်တယ်လို့ ထင်ကြပြီး အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ ဖြစ်ပွားနှုန်းနည်းပေမယ့် အမျိုးသားတွေမှာလည်း နို့သီးခေါင်းအောက်မှာ ပုံမှန်မဟုတ်ဘဲ အလုံး၊ အကျိတ်စမ်းမိရင် ပေါ့ပေါ့ဆဆ မနေဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ အကျိတ်တိုင်းဟာ ကင်ဆာမဟုတ်ပေမယ့် ပေါ့ဆလို့လည်း မဖြစ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာတွေက ကင်ဆာဖြစ်နှုန်းကို လျှော့ချပေးနိုင်သလို မိမိခန္ဓာကိုယ်ကို ဂရုတစိုက်စောင့်ကြည့်ပြီး ထူးခြားမှုရှိရင် ဆရာဝန်နဲ့ စောစီးစွာ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

References WHO Breast Cancer Guidelines U.S. Preventive Services Task Force (2024)

ဒီအကြောင်းအရာကို မျှဝေပါ