လျစ်လျူမရှုသင့်သော အသည်း ကျန်းမာရေး

Published On: January 14th, 2026|Views: 208|
  • ဖြိုးဖြိုး

ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ အသည်းကျန်းမာရေးဟာ လူတိုင်းအ တွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ လူတစ်ယောက် နေ့စဉ် စားသုံးလိုက်တဲ့ အစားအ သောက်တွေအပြင် ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ ဓာတုပစ္စည်းအတော်များများဟာ အသည်းကိုဖြတ်သန်းပြီးမှသာ ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်တွေကို စတင်တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့ ထိန်းပေးတဲ့ တာဝန်ပေါင်း ၅၀၀ လောက်ကို အသည်းက တာဝန်ယူထားပြီး နေ့စဉ် အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီထဲမှာ အရေးကြီးဆုံး အလုပ်နှစ်ခုကတော့ ခန္ဓာကိုယ်တွင်းက သွေးကို သန့်ရှင်းပေးတာနဲ့ အစာခြေ စနစ်ကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ 

လူတစ်ယောက် တစ်နေ့တာ စားသောက်လိုက်တဲ့အရာ အားလုံးနီးပါးဟာ အသည်းကို ဖြတ်သန်းရပြီး  အရေပြားနဲ့ ထိတွေ့တဲ့ ဓာတုပစ္စည်းတွေနဲ့ ရှူသွင်းလိုက်တဲ့ အဆိပ်အတောက်တွေဟာလည်း အသည်းကနေ ဖြတ်သွားတာပါ။ အသည်း ကျန်းမာနေမှသာ လူတစ်ယောက်ဟာ သူ တစ်နေ့တာ စားသုံးလိုက်တဲ့ အစားအသောက်တွေကနေ စွမ်းအင် သိုလှောင်တာ၊ ရောဂါကူးစက်မှုကို တိုက်ဖျက်တာနဲ့ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ အန္တရာယ်ရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ တာဝန်တွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

တစ်နည်းပြောရရင် အသည်းဟာ အဆိပ်ထုတ်တာ၊ ပရိုတင်းဓာတ် ပေါင်းစပ်တာနဲ့ အစာချေဖျက်ဖို့ လို အပ်တဲ့ ဇီဝဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးတာ အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများစွာအတွက် မရှိမဖြစ် အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အသည်းဟာ အကြီးမားဆုံးအင်္ဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ် ညာဘက်ခြမ်း၊ နံရိုးနောက်မှာ ရှိပါတယ်။ ကျန်းမာတဲ့ အသည်းတစ်သျှူးအသစ်ကို ကိုယ်တိုင်ဖန်တီးနိုင်သလို အသည်းဆဲလ်တွေဟာ အဆီကို ဖြိုခွဲပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ပေးပါတယ်။ ဆေးမှတ်တမ်းတွေ ဖော်ပြချက်အရဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုဟာ တစ်မိနစ်ကို ၁ ဒသမ ၅ လီတာနှုန်းနဲ့  အသည်းကို ဖြတ်ပြီး စီးဆင်းနေတာလို့ ဆိုထားပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ အသည်း ကျန်းမာနေဖို့ အလွန်အရေးကြီးပါတယ်။

အသည်းရောဂါဆိုတာ

အပေါ်မှာ ရှင်းပြခဲ့သလို အသည်းရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့်တာဝန်တွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်ဆောင်ပေးဖို့ ပျက်ကွက်လာပြီဆိုရင်တော့ သင့်အသည်း ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာသလို ဒါကို အသည်းရောဂါစတင်ခြင်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အသည်းရောဂါက အမျိုးအစားများစွာရှိပြီး တစ်ခုချင်းစီမှာ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပြတတ်တဲ့လက္ခဏာတွေလည်း ရှိနေပါတယ်။ တချို့ အသည်းရောဂါတွေဟာ ရုတ်တရက်ဖြစ်ပေါ်ပြီး ကာလတိုကုသရုံနဲ့ ပျောက်ကင်းနိုင်သလို နာတာရှည်အသည်းရောဂါတွေကတော့ ကုသမှု မခံယူရင် အချိန်ကြာလာတာနဲ့အမျှ အသည်းကို ကြီးထွားလာစေပြီး ပျက်စီးမှုဆီကို ဦးတည်သွားနိုင်ပါတယ်။ နာတာရှည် အသည်းရောဂါဆိုတာ များသောအားဖြင့် ခြောက်လ ဒါမှမဟုတ် ဒီ့ထက်ပိုပြီး အသည်းပျက်စီးနေတာကို ဆိုလိုတာပါ။

အဖြစ်အများဆုံး အသည်းရောဂါတွေကတော့ အသည်းရောင်အသားဝါ၊ အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာနဲ့ အသည်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ရောဂါဆိုတာ အကြောင်းအရာတစ်ခုခုကြောင့် အသည်းရောင်တာကို ဆိုလိုပြီး အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး (A, B, C, D, E) ကြောင့် အသည်းရောင်တာကို ဖြစ်စေနိုင်သလို အဆီစားသုံးမှုများတာ၊ အရက် အလွန်အကျွံသောက်တာ၊ ကိုယ်ခံအားစနစ် ချို့ယွင်းတဲ့ (Autoimmune) ရောဂါတွေ၊ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင် ရောဂါဟာ ကာလတို ဒါမှမဟုတ် ရေရှည်လည်း ဖြစ်နိုင်ပြီး မကုသဘူးဆိုရင် အသည်းပျက်စီးစေတဲ့အထိ ဆိုးရွားသွားစေနိုင်ပါတယ်။ ရောင်ရမ်းတာ ကြာရှည်စွာဖြစ်ပြီဆိုရင် အသည်းမှာ အမာရွတ်တစ်သျှူးတွေ ဖြစ်လာစေမှာဖြစ်ပြီး နောက်ဆုံး အသည်းခြောက်တဲ့အဆင့်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အသည်းရောင်အဆင့်မှာ အချိန်မီ သင့်လျော်တဲ့ ကုသမှုကိုခံယူရင် အသည်းကို ပြန်လည်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ အသည်းခြောက်တဲ့ အဆင့်ဆိုတာကတော့ အသည်းအမာရွတ် (Fibrosis) ရဲ့ နှောင်းပိုင်းအဆင့်ကို ခေါ်တာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသည်းတစ်သျှူးတွေနေရာမှာ အသည်းရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေတဲ့ အမာရွတ်တစ်သျှူးတွေနဲ့ အစားထိုးလာကို အသည်းခြောက်တာလို့ ဆိုလိုတာပါ။ အသည်းခြောက်တဲ့အဆင့်မှာ အမာရွတ်တစ်သျှူးတွေ ပိုများလာပြီး အဲဒီတစ်သျှူးဖြစ်မှုဟာ အမြဲတမ်းဖြစ်လာတာပါ။ အသည်းဟာ တောင့်တင်းလာပြီး ကောင်းမွန်တဲ့ လုပ် ဆောင်နိုင်စွမ်း လျော့နည်းလာကာ ပင်ပန်းနွမ်းနယ်တာ၊ အရေပြားဝါတာ (အသားဝါတာ) ဒါမှမဟုတ် ခြေထောက်တွေ ရောင်ရမ်းတာ စတဲ့လက္ခဏာတွေကို ပြတတ်တာမို့ စတင် သတိပြုမိနိုင်ပါတယ်။ အသည်းခြောက်တဲ့အဆင့် ရောက်ပြီဆိုရင်တော့ အသည်းခြောက်တာကို ပိုပြီးဆိုးရွားမလာအောင်နဲ့  ရောဂါဆိုးဝါးမှုနှုန်း နှေးကွေးသွားစေဖို့အတွက်ပဲ ကုသနိုင်တော့မှာ ဖြစ်ပါတယ်။ 

“ကျွန်တော် (အသည်း) လဲတာ နှစ် နှစ်ဆယ်နီးနီး ရှိပြီ။ ဒီက ကိုယ်စားလှယ်ဆေးရုံက ချိတ်ပေးတာ၊ အိန္ဒိယမှာ။ အသဲက ပျက်စီးနေပြီ။ ဗိုက်ကြီးက ဘာရည်တွေမှန်းမသိ ပြည့်ဖောင်း၊ အသားတွေဝါ၊ ထကိုမထနိုင်တော့လို့” ဆိုပြီး ဦးမိုးအောင်က အသည်းအစားထိုးခဲ့တဲ့အကြောင်း MyanHealth ကို ပြောပါတယ်။ သူက ဆက်ပြီး “ဟိုဖက်မှာရော၊ ဒီဖက်မှာရော ဒိုနာ (အလှုရှင်) နဲ့ ကျွန်တော် အကြိမ်ကြိမ် စစ် ဆေးမှုတွေ လုပ်ရတာပေါ့။ ဆေးရုံတက်ရက်က တစ်လနီးနီးပဲ။ ခုခံအားကို လျှော့ချပေးတဲ့ဆေး (Immunosuppressants) ကို တစ်သက်လုံး မဖြစ်မနေ သောက်သုံးရတာပေါ့။ ဒီဆေးတွေဟာ အသဲအသစ်ကို ခန္ဓာကိုယ်က ပြန်လည်တိုက်ခိုက်ခြင်း (Rejection) မဖြစ်အောင် ကာကွယ်ပေးပါတာတဲ့။ အစားအသောက်၊ လှုပ်ရှားမှုနဲ့ ဆေးသောက်ချိန်အားလုံးကို ဂရုတစိုက်လိုက်နာရတယ်။ အပြင်သွားလည်း ဆေးအမြဲပါရတယ်။ အိမ်က တယောက်ယောက်က သောက်ပြီးပြီလား ဖုန်းလိုက်ဆက်ရတာလည်း အလုပ်တစ်ခု” လို့ ဆိုပါတယ်။ 

အဖြစ်များတဲ့ အသည်းရောဂါနောက် တစ်မျိုးကတော့ အသည်းအဆီဖုံးတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အသည်းထဲမှာ ပိုလျှံနေတဲ့အဆီတွေကို သိုလှောင်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ အသည်းအဆီဖုံးတာဟာ အရက်သောက်တာကြောင့် ဖြစ်နိုင်သလို အရက်မသောက်တဲ့သူတွေမှာ အဝလွန်တာ၊ အင်ဆူလင် ခံနိုင်ရည်ရှိတာ၊ သွေးတွင်း သကြားဓာတ် မြင့်မားတာအပြင် သွေးတွင်းအဆီတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ နောက်တစ်မျိုးကတော့ နှစ်ပေါင်းများစွာ အရက်အလွန်အကျွံသောက်တာကြောင့် ဖြစ်လာတဲ့ အသည်းအခြေအနေ ဖြစ်ပါတယ်။ ဒီထဲမှာ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာနဲ့ အသည်းခြောက်တာတို့ ပါဝင်ပါတယ်။ ဒီနေရာမှာ ဆေးသုတေသန မှတ်တမ်းတွေအရ အရက်အလွန်အကျွံသောက်သူတိုင်း အသည်းရောဂါဖြစ်မယ်လို့ ဆိုမထားပေမယ့် ဖြစ်နိုင်ချေ အများဆုံးအခြေအနေအဖြစ် သတ်မှတ်ထားတာကို တွေ့ရပါတယ်။ 

“မြန်မာနိုင်ငံက လူအများစုမှာ အသည်းရောဂါဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းက အရက်အလွန်အကျွံသောက်သုံးတာကြောင့် ဖြစ်ပြီး၊ ကျန်တဲ့ အကြောင်းအရင်းတွေမှာတော့ အသည်းရောင်အသားဝါပိုးတွေကူးစက်ခံရတာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုဘဝကို ကျင့်သုံးတာတွေ ပါဝင်ပါတယ်။ အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါပိုး ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ (စီ) ပိုးကတော့ ယနေ့ခေတ်မှာ ဆေးဝါးနဲ့ စနစ်တကျ ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းနဲ့ ကျန်းမာတဲ့အစားအသောက်ကို ရွေးချယ်စားသောက်ခြင်းဟာ အသည်းရောဂါအပြင် မကူးစက်တတ်တဲ့ နာတာရှည်ရောဂါတွေ တော်တော်များများရဲ့ ထိရောက်တဲ့ ကာကွယ်ဆေးတစ်လက်ပါပဲ” ဟု ဒေါက်တာဝင့် (အမည်လွှဲ)က မှတ်ချက်ပေးပါတယ်။  

နောက်တစ်မျိုးကတော့ အသည်းကင်ဆာပဲ ဖြစ်ပါတယ်။ အသည်းကင်ဆာလို့ဆိုရာမှာ မူလ အသည်းကင်ဆာ ရှိသလို တခြားအင်္ဂါတစ်ခုကနေ အသည်းကို ပျံ့နှံ့ သွားတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ မူလအသည်းကင်ဆာကတော့ အသည်းရောင်အသားဝါနဲ့ အသည်းခြောက်ရောဂါရှိသူတွေမှာသာ ဖြစ်တတ်တာပါ။ အသည်းရောဂါတွေထဲမှာ အပြင်းထန်ဆုံး အဆင့်ကတော့ အသည်းအလုပ်မလုပ်နိုင်တော့ဘဲ ပျက်စီးသွားတဲ့တဲ့အဆင့် ဖြစ်ပါတယ်။ အသည်းရောဂါကို အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး ပထမဆုံးအဆင့်ကတော့ အသည်းရောင်တာ၊ ဒုတိယအဆင့် အသည်း အမာရွတ်ဖြစ်တာ၊ တတိယအဆင့် အသည်းခြောက်တာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ အသည်းပျက်စီးတဲ့အဆင့် ရောက်ပြီဆိုရင်တော့ အသည်းဟာ လုံးဝအလုပ်မလုပ်တော့ဘဲ အသက်အန္တရာယ်ရှိတာမို့ အသည်းအစားထိုးကုသမှု အထိ လိုအပ်လာတဲ့အခြေအနေ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုနဲ့ လက္ခဏာ

အသည်းရောဂါဟာ အသည်းရောင်အသားဝါပိုးကူးစက်ခံရတာ၊ အရက်အလွန်အကျွံ သောက်တာ၊ မျိုးရိုးဗီဇ၊ ကိုယ်ခံအားစနစ်တုံ့ပြန်မှုပြင်းထန်တာ (Autoimmune) နဲ့ ဇီဝဖြစ်စဉ်အခြေအနေတွေ အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါရောဂါပိုး A နဲ့ E တွေဟာ မသန့်ရှင်းတဲ့ အစားအစာ ဒါမှမဟုတ် ရေက တစ်ဆင့် ပုံမှန်အားဖြင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ (ဘီပိုး) ကတော့ သွေး၊ သုတ်ရည် ဒါမှမဟုတ် တခြားခန္ဓာကိုယ် အရည်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဘီပိုးကို မကုသဘဲထားရင် အသည်းခြောက်တာ၊ အသည်းပျက်ဆီးတာနဲ့ အသည်းကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ အသည်းရောင်အသားဝါ (စီပိုး) ကိုတော့ ဆေးထိုးအပ်ကို မျှပြီး သုံးစွဲတာ၊ စည်းကြပ်မှု မရှိတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကြောင့် သွေးကတစ်ဆင့် အဓိကအနေနဲ့ ကူးစက်တာပါ။ နာတာရှည် အသည်းရောင်အသားဝါ (စီပိုး) ဟာ အသည်းပျက်စီးတာ၊  အသည်းခြောက်တာနဲ့ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာကလည်း အသည်းရောဂါ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အရက် အလွန်အကျွံသောက်တာဟာ အသည်းရဲ့ အဆိပ်ထုတ်နိုင်စွမ်းကို ထိန်းချုပ်ပြီး အ သည်းရောင်ရမ်းတာနဲ့ အသည်းဆဲလ်တွေကို သေဆုံးစေတာကြောင့် ဖြစ်ပါတယ်။ တချို့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေနဲ့ စက်မှုလုပ်ငန်းသုံး ညစ်ညမ်းမှုတွေလို ပတ်ဝန်းကျင် အဆိပ်အတောက်တွေနဲ့ ထိတွေ့တာ အချိန်ကြာလာရင်လည်း အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ဒီလို ကြာရှည်စွာထိတွေ့တာဟာ နာတာရှည် အသည်းရောဂါ ဒါမှမဟုတ် အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ 

အသည်းလဲဖို့ ကုန်ကျစရိတ်အပိုင်းကိုလည်း အိမ်ခြံမြေနဲ့ မော်တော်ယာဉ် အရောင်းအဝယ်လုပ်ကိုင်တဲ့ ဦးမိုးအောင်က “တစ်ထောင်ကျော် (ကျပ်သိန်း) တယ်ဗျ။ အဲဒီတုန်းက အစိမ်းဈေး (အမေရိကန် တစ်ဒေါ်လာငွေလဲနှုန်းက ထောင့်နှစ်ရာ (မြန်မာကျပ်ငွေ) ခေတ်ပဲ ရှိသေးတယ်။ နှစ်နှစ်ဆယ် ရှိပြီပေါ့။ အခု အဲဒီ ချန်နိုင်းက ဆေးရုံသွားဖို့ စုံစမ်းတာ လေးသောင်းခွဲ (အမေရိကန်ဒေါ်လာ) အောက်ထစ်ကုန်မယ် ပြောတယ်။ ဒီစားရိတ်က အခြားကုန်ကျစားရိတ်တွေ ဖြစ်တဲ့ အလှူရှင်အတွက် စစ်ဆေးမှုစရိတ်၊ လေ ယာဉ်လက်မှတ်၊ နေထိုင်စရိတ်၊ ခွဲစိတ်ပြီးနောက် အိန္ဒိယမှာ ဆက်နေထိုင်ရသည့် ကုန်ကျစရိတ်စတာတွေ ထပ်ဆောင်းရှိနိုင်ပါသေးတယ်” လို့ ဆိုပါတယ်။ ဦးမိုးအောင်က သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ဘီယာ အလွန်အကျွံသောက်သူတွေကို သတိပေးလိုစိတ်နဲ့ အခုလိုအတွေ့အကြုံ ဝေမျှပေးတာလို့ ဆိုပြီး အသည်းအစိတ်အပိုင်း လှူဒါန်းမယ့် အလှူရှင်ဟာ အသက် ၁၈ ကနေ ၆၀ ကြား၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ဖို့လိုသလို လူနာနဲ့ သွေးချင်းလည်း တူညီဖို့ လိုပါတယ်။ ဒါ့အပြင် လှူဒါန်းမှုလုပ်ဖို့အတွက် အလှူရှင်ဟာ ပျမ်းမျှအားဖြင့် ၁၀ ရက်လောက် ဆေးရုံတက် ရနိုင်ပါတယ်။ 

စတီးရွိုက် (Steroids)တို့လို ဆေးဝါးတွေကို ရေရှည်အသုံးပြုတာဟာလည်း အသည်းအပေါ် ဖိစီးမှုဖြစ်စေပြီး အဓိကအနေနဲ့ အလွန်အကျွံသောက်သုံးရင် အသည်းပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တချို့ ဆေးဖက်ဝင်အပင်တွေ၊ ဖြည့် စွက်စာတွေဟာလည်း အသည်းကို အဆိပ်ဖြစ်စေနိုင်ပြီး အသည်းရောင်ရမ်းတာ ဒါမှမဟုတ် အသည်းချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစားအစာ၊ သကြား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ မြင့်မားစွာပါတဲ့ အစားအစာတွေဟာလည်း အသည်းရောင်ရမ်းတာနဲ့ အသည်းအဆီစုပုံတာကို ဖြစ်စေပါတယ်။ အထိုင်များတဲ့ လူနေမှုပုံစံဟာ အဝလွန်ခြင်းအန္တရာယ်ကို တိုးစေပြီး အသည်း အဆီဖုံးရောဂါနဲ့ တခြားအသည်းပြဿနာတွေ ဖြစ်ပွားနိုင်ခြေကိုလည်း တိုးစေပါတယ်။ အသည်းရောဂါဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသည်းရောင်အသားဝါ (ဘီ နဲ့ စီပိုး) တို့လို နာတာရှည်အသည်းရောဂါတွေ၊ အသည်းခြောက်တာနဲ့ အသည်းအဆီဖုံးတဲ့ရောဂါတွေကတော့ လူကြီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဆီးချို၊ သွေးတိုးနဲ့ ကိုလက်စထရောများတဲ့ အခြေအနေတွေကလည်း အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေကို ပိုပြီးမြင့်မားစေပါတယ်။ အသည်းရောဂါလက္ခဏာတွေအနေနဲ့ကတော့ အရင်းခံ အကြောင်းအရင်းနဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ 

အသည်းရောဂါရှိသူတချို့ဟာ ရောဂါအခြေအနေ သိသိသာသာ ဆိုးမလာမချင်း လက္ခဏာ မပြတတ်ပါဘူး။ ပုံမှန်မဟုတ်တဲ့ မောပန်းတာနဲ့ အားနည်းတာဟာ အသည်းရောဂါရဲ့ အဖြစ်အများဆုံး လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အသားဝါတာ၊ ဝမ်းဗိုက်အပေါ်ပိုင်း ညာဘက်ခြမ်း နာကျင်တာ၊ အသည်းရဲ့ အစာ ခြေစနစ် ကောင်းကောင်း အလုပ်မလုပ်လာနိုင်တာကြောင့် ပျို့အန်လာတာ၊ ဝမ်းဗိုက်နဲ့ ခြေထောက်တွေ ရောင်လာတာ၊ ဆီးသွားတဲ့အခါ ဆီးအရောင် ညိုမည်းပြီး လက်ဖက်ခြောက်အရောင် ဖြစ်လာတာ၊ အသည်းကနေ ပုံမှန်လုံလောက်တဲ့ သည်းခြေရည် မထုတ်နိုင်တာကြောင့် အစာခြေစနစ်ပျက်စီးလာပြီး ဝမ်းအရောင်ဖျော့လာတာတွေဟာ သင့်အသည်း ကျန်းမာရေးမကောင်းတော့ဘူးဆိုတာ သတိပေးလာတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အသည်းရောဂါဟာ အချိန်မလွန်ခင် ကုသမှုခံယူရင် အသက်ဆက်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သင့်အသည်းကျန်းမာရေးနဲ့ ပတ်သက်လို့ သတိပေးချက်တွေ ရှိလာပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ သမား တော်တွေနဲ့ အချိန်မီ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား – World Health Organization(WHO), Liver analysis, liver function tests (Wikipedia)

#အသည်း

#အဝလွန်ခြင်း

#အရက်

#အစာခြေစနစ်

#ဆီးချို

#သွေးတိုး

 

ဒီအကြောင်းအရာကို မျှဝေပါ