ရေခဲတောင်ဒေသ ဖျားနာသူ များကာ အခြေခံဆေးဝါးပြတ်လပ်နေ

Published On: January 15th, 2026|Views: 198|

Selena

လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်ဖျား ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းက မြို့နယ်တွေမှာ ရာသီဥတု ပြင်းထန်တာကြောင့် ဖျားနာလူနာတွေ များနေပြီး ဆေးဝါးပြတ်လပ်တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။ 

ရေခဲတောင်တန်းဒေသ ဖြစ်တဲ့ ပူတာအိုခရိုင်ဟာ ပုံမှန်အခြေအနေမှာတောင် ကျန်ဒေသတွေထက် အအေးပိုလေ့ရှိသလို လက်ရှိဆောင်းရာသီမှာလည်း ပုံမှန်ထက် အအေးလွန်ကဲမှုတွေ ဖြစ်နေပါတယ်။ ခရိုင်ထဲမှာ ပူတာအို၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ နောင်မွန်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေ ပါဝင်ပြီး အဓိကကျတဲ့ အိမ်သုံးဆေးဝါးပြတ်လပ်တဲ့ ပြဿနာကို ဒေသတစ်ခုလုံး အတိုင်းအတာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

“ပူတာအို တစ်ကြောလုံးပဲ။ ခေါင်လန်ဖူးတို့၊ နောင်မွန်းတို့ အကုန်ပဲ။ ကလေးတွေရော လူကြီးတွေပါ ဖျားနာနေကြတယ်။ ၄ ရက်လောက်ကနေ ၁ ပတ်လောက်အထိ ပြင်းပြင်းထန်ထန် ခံစားရတယ်။ ဆေးက မလုံလောက်၊ ဆေးခန်းက မရှိ၊ ဆရာဝန်က ရှားပါး၊ အဲဒီလို အခြေအနေတွေ ရင်ဆိုင်နေရတာပါ” လို့ နောင်မွန်းမြို့နယ်က လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။ 

ဒေသခံတွေဟာ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ရာသီတုပ်ကွေး၊ ချောင်းဆိုး၊ ရင်ကြပ်ရောဂါတွေ အဖြစ်များနေကြတယ်လို့ ပူတာအိုမြို့ခံတွေဆီကနေ သိရပြီး လက်ရှိမှာ အခြေခံအိမ်သုံးဆေးဝါးဖြစ်တဲ့ ပါရာစီတမောနဲ့ အကိုက်အခဲပျောက်ဆေးတွေအပြင် ဓာတ်ဆားထုပ်ကိုပါ ဝယ်ယူရခက်တဲ့ အခြေအနေနဲ့ ကြုံနေကြရပါတယ်။ 

“မြစ်ကြီးနား-ပူတာအို လမ်းပိုင်းက ကုန်စည်စီးဆင်းမှုက ပုံမှန် မရှိဘူး။ ပူတာအိုမြို့ပေါ်ကို ရောက်လာရင်တောင် တခြားမြို့တွေကို ပို့ဖို့ မလွယ်ပြန်ဘူး။ ဝေးလံခေါင်ဖျားဒေသမို့ ကျန်းမာရေးနဲ့ ဆေးဝါးပြဿနာက အရင်ကတည်းက ရှိပေမယ့် ကိုဗစ်အပြီးမှာ ပိုပြီးဆိုးလာတယ်” လို့ မချမ်းဘောမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။

ပူတာအိုခရိုင် လူဦးရေစာရင်းဟာ နောက်ဆုံးကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ လူဦးရေ ၉၀,၀၀၀ ကျော် ရှိပါတယ်။ မြို့ပေါ်နေသူတွေကတော့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို အတန်အသင့် ရနေကြပေမယ့် ကျေးလက်ဒေသတွေမှာတော့ လက်လှမ်းမမီ၊ ခက်ခဲနေပါတယ်။ လက်ရှိ ဒေသတွင်း အခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒေသခံတွေဟာ မိရိုးဖလာ ဆေးကုသမှုနည်းစနစ်တွေနဲ့ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ အားကိုးနေရပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရနေကြပါဘူး။ 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးရာသီက မိုးများပြီး ရေကြီးလို့ မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ပျက်စီးမှုတွေ ရှိခဲ့သလို ဒေသတွင်း ပဋိပက္ခတွေက လမ်းပန်းဆက်သွယ်ရေးကဏ္ဍအပေါ် ပိုပြီးတော့ ဖိအားတွေ ဖြစ်စေခဲ့လို့ ဒေသခံတွေရဲ့ လူမှုဘဝနဲ့ ကျန်းမာရေးကဏ္ဍအပေါ် ဆိုးကျိုးဖြစ်ပေါ်စေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပူတာအိုခရိုင်လို ဝေးလံခေါင်ဖျားပြီး သွားလာရခက်ခဲပြီး ရာသီဥတုပြင်းထန်တဲ့ ဒေသတစ်ခုက ဒေသခံတွေရဲ့ ပြည်သူ့ကျန်းမာရေးပြဿနာကို ဖြေရှင်းမယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ အရပ်ဘက်အရေး ဆောင်ရွက်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ဒေသတွင်း ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေတွေ ဖြစ်လာရင် ကာကွယ်နိုင်ိဖု့ လိုအပ်တဲ့ အခြေခံဆေးဝါးတွေကို အနည်းဆုံး ခြောက်လစာ ကြိုတင်သိုလှောင်နိုင်တဲ့ စနစ်တစ်ခု တည်ဆောက်မယ်၊ အကြောင်းကြောင်းကြောင့် ကုန်းတွင်းလမ်းပန်းဆက်သွယ်ရေး ပြဿနာရှိနေချိန် အရေးကြီးဆေးဝါးနဲ့ အရေးပေါ်လူနာတွေအတွက် လေကြောင်းလိုင်း သုံးနိုင်မယ်၊ မြို့ပေါ်ထိ မလာနိုင်တဲ့ ဝေးလံခေါင်ဖျားဒေသ ကျေးရွာတွေက သူတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် သွားကုသတဲ့ Mobile Clinic စနစ်တွေ ဖန်တီးနိုင်ဖို့ လိုအပ်နေပြီလို့ ၎င်းက က အကြုံပြု ပြောထားသလို မြို့ပြက အထူးကုဆရာဝန်တွေနဲ့ ချိတ်ဆက်ကုသနိုင်တဲ့ တယ်လီကျန်းမာ (Tele Health) စနစ် တည်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ 

၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကားမှု ဦးစီးဌာနက ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ပူတာအိုခရိုင်ထဲက ဒေသတွေမှာ အပူချိန်ဟာ ၄ ဒီဂရီ ဆဲလ်စီးယပ် (4°C) အထိ ကျဆင်းနေတယ်လို့ ဒေသခံတွေဆီက သိရပြီး အနွေးထည်၊ စောင်နဲ့ အခြေခံ အိမ်သုံးဆေးဝါးတွေ အရေးတကြီးလိုအပ်လို့ အကူအညီပေးကြဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက မေတ္တာရပ်ခံထားပါတယ်။ 

“အကူအညီတွေ မြန်မြန်မရရင် ဒေသခံတွေ အတွက် စိတ်ပူရပါတယ်” လို့ နောင်မွန်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

 

#အိမ်သုံးဆေးဝါး

#ပြည်သူ့ကျန်းမာရေး

#ဖျားနာ

ဒီအကြောင်းအရာကို မျှဝေပါ