ကိုယ်ဝန်ဆောင်မိခင်နှင့် သွားနှင့်ခံတွင်းကျန်းမာရေး

Published On: January 16th, 2026|Views: 215|

(ရေးသားသူ – Dr. အောင်ကိုထက်)

လူအများစုဟာ ပုံမှန်အားဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုပြုမှုအားနည်းနေလေ့ရှိတယ်ဗျ။ ဝေဒနာခံစားရမှ ဒါမှမဟုတ် သွားတွေဆုံးရှုံးရမှသာ အလေးပေးဂရုပြုရမည့်အကြောင်း သတိထားမိ ကြတာ အများစု ဖြစ်နေပါတယ်။

ဘယ်အချိန်ကတည်းက သွားနှင့်ခံတွင်းကျန်းမာရေးဂရုစိုက်ရမလဲဆိုရင် သွားတွေပါးစပ်ထဲ စပေါက်လာကတည်းက ဂရုစိုက် သန့်ရှင်းဖို့လိုအပ်တယ်လို့ ဖြေရပါမယ်။ အဲ့ဒါထက်ပိုပြီး အရေးကြီး တာက မိမိရင်သွေးငယ်ကို ကိုယ်ဝန်ဆောင်မယ့် ကိုယ်ဝန်ဆောင်မိခင် ကိုယ်တိုင်ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု မကောင်းရင် မိမိကလေး၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းဓာတ်အပြောင်းအလဲများကြောင့် မိခင်လောင်းများမှာ သွားနှင့်ခံတွင်းရောဂါတွေ အလွယ်တကူဖြစ်လာနိုင်သလို သွားဖုံးရောင်ရမ်းခြင်း၊ သွားမြစ်ပတ်မြှေးရောင်းရမ်းခြင်းစတဲ့ ခံတွင်းရောဂါတွေ ပိုမိုပြီးဖြစ်စေတတ်ပါတယ်။ ထိုသို့သောခံတွင်းရောဂါတွေ မိခင်ဖြစ်သူမှာ ဆိုးဝါးစွာခံစားရမယ်ဆိုရင် မိခင်မှာသာမကဘဲ ကလေးကိုပါ ဆိုးရွားတဲ့ ကျန်းမာရေးသက်ရောက်မှု ပြဿနာတွေကြုံတွေ့ဖို့ အခွင့်အလမ်းများ ဖြစ်သွားစေနိုင်ပါတယ်။ ဒီထဲမှာ လမစေ့ဘဲကလေးမွေးဖွားခြင်း၊ ကိုယ်အလေးချိန် မပြည့်သောကလေးမွေးဖွားခြင်းအပြင် ထို့ထက်ပြင်းထန်မယ်ဆိုရင် သားပျက်သားလျှောခြင်းအထိ ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့ကြောင့် မိခင်လောင်းမေမေများက အခြားသောကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဂရုစိုက်ရသလို၊ သွားနှင့်ခံတွင်း ကျန်းမာရေးကိုလည်း အလေးပေးဂရုစိုက်ဖို့ရာ အလွန်အရေးကြီးပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တယ်လို့ ဆိုတဲ့အတိုင်း မိခင်လောင်းမေမေများအနေဖြင့်လည်း သွားနှင့်ခံတွင်း ဆေးခန်းတွေမှာ ကြိုတင်ပြီး  စနစ်တကျ သွားရောက်စစ်ဆေးကုသမှု ခံယူထားကြဖို့ အရေးကြီး ပါတယ်။ 

သွားဆေးခန်းသွားရမှာကို ကြောက်တတ်ရွံ့တတ်ကြသူတွေက အများစုဆိုတော့ နာကျင်ကိုက်ခဲ မှုမရှိမချင်း၊ ဆိုးဆိုးဝါးဝါး ဝေဒနာခံစားမှု မဖြစ်မချင်း မကုသချင်၊ ရှောင်ချင်ကြတာမျိုးကလည်း ရှိတတ်ကြပါတယ်။ လွယ်လွယ်ကူကူ ကုသပြီး ပျောက်ကင်းနိုင်တဲ့ သွားနှင့်ခံတွင်းရောဂါများကို အချိန် လွန်မှ ခက်ခက်ခဲခဲ ကုရတာမျိုးတွေ ဖြစ်လာရင် အချိန်ပိုကုန်၊ ငွေပိုကုန်ပြီး မလိုအပ်ဘဲ သွားတွေဆုံးရှုံး ကြရတာများပါတယ်။

မွေးဖွားဖို့ ပြင်ဆင်ရလို့ ပင်ပန်းရတာမျိုးအပြင် မွေးခါနီး ဖွားခါနီး သွားနာ၊ သွားကိုက်၊ သွားဖုံး ပြည်တည်နာတွေဖြစ်လို့ ကုသရတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်မဟုတ်သူများထက် ကုသရေးခက်ခဲမှုတွေရှိ သွားတတ်ပါတယ်။ သောက်ဆေးပေးခြင်း၊ ဆေးထိုးမှုလိုအပ်သော ကုသမှုလုပ်ဆောင်ခြင်းတွေကအစ သာမာန်သူများထက် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကန့်သတ်ချက်တွေက ပိုများပါတယ်။

မီးဖွားခါနီး ဝေဒနာကတမျိုးအပြင် သွားနှင့်သွားဖုံးရောဂါတွေကြောင့် “ဘူးလေးရာ ဖရုံဆင့်” မဖြစ်ဖို့ရာ ကြိုတင်ဆေးကုသမှုတွေကို နားလည်တတ်ကျွမ်းတဲ့ သွားဘက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေး စစ်ဆေးဖို့လိုအပ်ကြောင်း၊ အကြံပြုလိုက်ပါရစေခင်ဗျား။ သို့မှသာ မိခင်ရောကလေးပါ ကျန်းကျန်းမာမာ မွေးဖွားနိုင်ဖို့ရာ များစွာအထောက်အကူဖြစ်ပါလိမ့်မယ်ဗျာ။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ