အလားတူ ဆေးပဲရမယ် – သတင်းဆောင်းပါး

Published On: January 18th, 2026|Views: 201|

သိမ့်

” ဒီဆေးတော့ မရှိဘူး။ အလားတူဆေးပဲ ရမယ်”

အဲဒီစကားသံက ဆေးအရောင်းဆိုင်တွေက ဝန်ထမ်းတွေ ဝယ်သူတွေကို ပြောနေရတဲ့ နေ့စဉ်စကားပဲ ဖြစ်ပါတယ်။

နိုင်ငံထဲ အပြောင်းအလဲဖြစ်လာပြီး နောက်ပိုင်း ပြည်ပက သွင်းကုန်တွေကို ကန့်သတ်ရာမှာ ဆေးဝါးတွေလည်း ပါဝင်လာပါတယ်။ အရင်က ဘယ်ဆေးဆိုင်မဆို အလွယ်တကူ ဝယ်လို့ရတဲ့ Air -X လိုမျိုးတောင် ပစ္စည်းပြတ်တဲ့အဆင့်ကို ရောက်နေပြီး ဝယ်ယူသောက်သုံးနေသူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။

” Air- X လိုဆေးမျိုးတောင် အလွယ်တကူ ဝယ်လို့ မရဘူး။ ကျန်တဲ့ ဆီးချိုဆေး၊ သွေးတိုးကျဆေးတွေဆိုရင်လည်း သောက်နေကျ တံဆိပ်မရဘူး” လို့ မြောက်ဒဂုံမြို့နယ်ထဲ နေထိုင်သူတစ်ဦးက MyanHealth ကို ပြောပြပါတယ်။

ဈေးကွက်ထဲ ဆေးဝါးပစ္စည်း ပြတ်လပ်မှု ကြီးတာဟာ ရပ်ကွက်တွင်းက ဆေးဆိုင်တွေမှာပါ မဟုတ်ဘဲ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တိုင်းနီးပါးမှာ ဖွင့်ထားတဲ့ ရွှေအိုးလိုမျိုး ဆေးဆိုင်ကြီးတွေလည်း အရင်အမှတ်တံဆိပ်တွေအစား အစားထိုးတံဆိပ်တွေကို ရောင်းချပေးနေရပါတယ်။

“ပြီးခဲ့တဲ့ နှစ်လကျော်ကစပြီး သောက်နေကြဆေးတွေ ရွှေအိုးမှာ ဝယ်မရတော့ဘူး။ အလားတူတွေပဲ ရှိတယ်။ ရွှေအိုးတင် မဟုတ်ဘူး၊ တခြားဆေးဆိုင်တွေမှာလည်း မရှိဘူး။ ဥပမာ သွေးတိုးရှိလို့ သွေးကျဆေး သောက်နေကြ တံဆိပ်က ဝယ်မရဘူး။ အဲဒီအစား အလားတူ ဆိုပြီး ပြည်တွင်း BPI က ထုတ်တဲ့ ဆေးကို ပေးတယ်။ ဈေးကတော့ တော်တော်သက်သာတယ်။ ၁၀ လုံး တစ်ကတ်မှ ၁,၃၀၀ (ကျပ်) ပဲ ရှိတယ်။ ကိုယ်သောက်နေကြဆေးက ၇,၀၀၀ ကနေ ၁၂,၀၀၀ ရှိတယ်။ ဈေးကွက်ထဲမှာ ဆေးတွေ များနေရင် ၇,၀၀၀ နဲ့ ရတယ်။ အခု BPI ဆေးက သွေးတိုးကို မထိန်းနိုင်ဘူး။ မတည့်လို့လား ဘာလားတော့ မသိဘူး။ ဆေးသောက်ပြီးလည်း မူးနေတယ်။ ခြေထောက်တွေ၊ မျက်နှာတွေ ရောင်လာတယ်။ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။ သုံးရက်လောက် ဖြစ်တော့ မခံနိုင်ဘဲ ဆရာဝန်ဆီ သွားပြတော့ အိန္ဒိယထုတ်တဲ့ ဆေးတစ်မျိုး ပြောင်းသောက်ခိုင်းတယ်။ သူလည်း ဆိုင်တွေမှာ မရဘူး။ အလားတူပဲ ရတယ်။ ဒါပေမဲ့ အဲဒီ အလားတူက အိန္ဒိယထုတ်ဆိုတော့ အဆင်ပြေသွားတယ်။ ကျန်တဲ့ ခေါင်းတစ်ခြမ်းကိုက်၊ ဂေါက်အတွက်ဆေးတွေလည်း အဲဒီလိုပဲ အလားတူတွေပဲ သောက်ရတယ်။ အမောက်စလင်လို ဘယ်မှာ ဝယ် ဝယ် ရတဲ့ဆေးတောင် အလွယ်တကူ ဝယ်မရဘူး။ ရှိရင်လည်း ဈေးက ကြီးတယ်။ မရှိရင် အလားတူ ဆေးနဲ့ပဲ ထိန်းသောက်နေရတာ” လို့ လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက အလားတူဆေးတွေကိုပဲ ဝယ်ပြီး သောက်နေရတဲ့ အခြအနေကို ရှင်းပြပါတယ်။

ဒါ့အပြင် လူအများစု သုံးစွဲလေ့ရှိတဲ့ အာရုံကြောဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ ရင်ကြပ်ပန်းနာသမားတွေအတွက် မရှိမဖြစ် ဆောင်ထားရတဲ့  Inhaler လို ရှုဆေးထည့် ကိရိယာလို ဟာတွေလည်း ဈေးကွက်ထဲ ပစ္စည်းပြတ်လို့ ဈေးတွေ တက်နေပြန်ပါတယ်။

“ကျွန်တော်တို့ အခေါ်၊ ပန်းနာရင်ကြပ်သမားတွေအတွက် သုံးရတဲ့ ဂေါက်ပေါ့။ ဗင်တိုလင်ထည့်ပြီး ရှုရတာ။ အဲဒီ့ကောင်ဆို အရင်တုန်းက ဈေးဘယ်လောက်မှ မရှိဘူး။ ထောင်ဂဏန်းလောက်ပဲရှိတာ။ ၂၀၂၀ ရှေ့ပိုင်းမှာ ၅,၀၀၀ (ကျပ်) ဆိုတာအများဆုံးပဲ။ အခုကျတော့ အနည်းဆုံး ၁၅,၀၀၀ အထက်မှာ ရှိတယ်။ ကိုဗစ်တုန်းကဆို ၄၅,၀၀၀ လောက်အထိ ပေးဝယ်ခဲ့ရတယ်။ ဒါတောင် တခါတလေ ပစ္စည်းပြတ်တာတွေ ဖြစ်တယ်။ ပစ္စည်းပြတ်ရင် ၂၀,၀၀၀ ကျော်သွားရော။ ဒါတောင် တံဆိပ်နဲ့ အမျိုးအစားပေါ် မူတည်သေးတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ကိုဦး (အမည်လွှဲ) က ဆိုပါတယ်။

ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါ ရှိသူတွေမှာလည်း ရေရှည်စွဲသောက်ရတဲ့ ဆေးတွေက ပစ္စည်းပြတ်တာတွေနဲ့ ကြုံနေရလို့ အလားတူ အာနိသင်ရှိတွေကိုပဲ အားကိုးပြီး ကုသနေရပါတယ်။

“အခု ဈေးကွက်ထဲမှာ နှလုံးဆေးတို့၊ ဆီးချိုဆေးတို့ဆိုရင် တော်တော်လေးကို ရှာနေရတယ်။ ရှိတယ်ဆိုရင်လည်း ဈေးက ကြီးတယ်။ ဆိုင်မှာလည်း သိပ်မတင်နိုင်ဘူး။ ဖောက်သည်လောက်ကိုပဲ ရှာပေးနိုင်တော့ တယ်” လို့ ရန်ကုန်တိုင်း၊  သာကေတမြို့နယ်ထဲ ဖွင့်ထားတဲ့  ဆေးအရောင်းဆိုင်တစ်ခုက အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရေရှည်အတွက် ဆေးအမြဲတမ်း သောက်သုံးဖို့ လိုတဲ့သူတွေမှာ အရင် သောက်နေကြ ဆေးတွေနဲ့ ရောဂါကို ထိန်းထား၊ တားထားနိုင်ပေမယ့် အဲဒီ သောက်နေကြ ဆေးတံဆိပ်က စျေးကွက်ထဲ မရှိတဲ့အခါ အလားတူ ဆေးကို အစားအထိုး သုံးစွဲရတာမို့ ကာကွယ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သံသယဖြစ်မှုတွေကလည်း ရှိလာနေပါတယ်။

“တံဆိပ်မတူရင် သောက်ရတာ စိတ်ထဲမှာ တစ်မျိုး ဖြစ်တယ်။ သက်သာပါ့မလား၊ ဘာလားဆိုတာလည်း ကိုယ်က မသိတော့ တော်တော်လေးကို ခက်ခဲတယ်။ ဆေးပြောင်းသောက်ရတာ” လို့ လသာမြို့နယ်ထဲ  နေထိုင်တဲ့ ဒေါ်ဌေး (အမည်လွှဲ) က ပြောပါတယ်။

ဒီလိုမျိုး အလားတူ ဆေးဝါး သောက်ဖို့ ပြောရတာဟာ သောက်သုံးသူတွေဘက်မှာလည်း စိုးရိမ်ပူပန်ရသလို ရောင်းတဲ့သူတွေဘက်မှာလည်း အခက်အခဲ ဖြစ်စေတယ်လို့ ဆေးအရောင်းဆိုင်တွေဆီက သိရပါတယ်။

“တချို့ကျတော့ တံဆိပ်ကို အစွဲကြီးတဲ့သူတွေ ရှိတယ်။ ဒီတံဆိပ်နဲ့ အဆင်ပြေတယ်ဆိုရင် ဒီတံဆိပ်ကိုပဲ ဒီဆေးဝါးကိုပဲ သောက်ကြတာ။ ဒါကလည်း ဆေးသောက်တဲ့သူတွေ မလွန်ဘူး။ ဆရာဝန်က ဒါသောက်ရမယ်လို့ ညွှန်ထားတယ်။ ရောဂါကလည်း သက်သာတော့ ဒီတံဆိပ်ပဲ သောက်ကြတာ။ တချို့ကတော့ အစားထိုးသုံးလို့ရတာကိုတော့ သုံးကြတယ်။ များသောအားဖြင့်ကတော့ အရင်တံဆိပ်ကိုပဲ မေးကြတာ များတယ်” လို့ ဆေးအရောင်းဆိုင်တစ်ခုက အရောင်းဝန်ထမ်းက ဆိုပါတယ်။

အခုလို စျေးကွက်ထဲမှာ ဖြစ်နေတဲ့ ဆေးဝါးပြတ်လပ်တာတွေဟာ တင်သွင်းခွင့်အခြေအနေနဲ့လည်း ဆက်စပ်ပါတယ်။

” အခုသိရတာက လိုင်စင်တွေကြောင့်လို့ ပြောကြတယ်။ လိုင်စင်က ဆေးကုန်သည်ဘက်က တစ်ခါ ချပေးတယ်။ စီးပွား/ကူးသန်းက ချပေးတယ်။ တစ်လှည့်စီ ချပေးတာလို့လည်း ကြားတယ်။ ကျိန်းသေတာတော့ အရင်ကလို ဆေးလိုင်စင်တွေ ဖောဖောသီသီ မချပေးနိုင်တော့ဘူး။ လိုင်းဆေးတွေကလည်း သိပ်မဝင်တော့ဘူး။ လိုင်းဆေးဆိုတာက အောက်လမ်းက ဝင်တဲ့ဆေးပေါ့” လို့ မြောက်ဒဂုံမြို့နယ်ထဲ ဖွင့်ထားတဲ့ ဆေးအရောင်းဆိုင်တစ်ဆိုင်က တာဝန်ရှိသူက ရှင်းပြပါတယ်။

စျေးကွက်ထဲ အရင်က လူသုံးများတဲ့ ဆေးတွေ ပြတ်လပ်တာကြောင့် အရင်က စျေးကွက်နေရာ မရ၊ လူသုံးနည်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ထုတ် ဆေးဝါးတွေ နေရာပြန်ရလာတာ ရှိပါတယ်။ ဥပမာအားဖြင့် မြန်မာ့ ဆေးဝါးဈေးကွက်မှာ ဝေစုရပြီး လူသုံးလည်း များတဲ့ သြစတြေးလျနိုင်ငံထုတ် အိုမီဂါ ၃ ဟာ ဈေးကွက်ထဲ မရှိသလောက်ဖြစ်ပြီး ပစ္စည်းပြတ်နေတာမို့ ဆေးဆိုင်တွေမှာ အလားတူဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အိုမီဂါ ၃ ကို အဓိကထား ရောင်းချနေတာမျိုးပါ။

မြောက်ဒဂုံထဲ ဖွင့်ထားတဲ့ ဆေးဆိုင်တာဝန်ခံက “တရုတ်ဆေးနဲ့ ဘင်္ဂလားဆေးဆိုတာ အရင်တုန်းက ဘယ်သူမှ မသုံးကြဘူး။ အခုကျတော့ ဒီဆေးတွေက နေရာရလာတယ်။ ဈေးကလည်း ကွာတဲ့အပြင်ကို အာနိသင်ကလည်း ကွာတယ်လေ။ အလားတူ ဆေးဆိုရင် အဲဒါမျိုးတွေက အများဆုံး ရောင်းပေးနေရတယ်” လို့ အခြအနေကို ရှင်းပြပါတယ်။

အိုမီဂါ ၃ ဆေးကို ပုံမှန်သောက်နေတဲ့ သာကေတမြို့နယ်ထဲ နေသူတစ်ဦးကလည်း “သြစတြေးလျထုတ်က အလုံး ၃၀ ပါ တစ်ဗူးကို နောက်ဆုံးဝယ်ရတဲ့ဈေးက ၃၀,၀၀၀ နီးပါးလောက်ရှိတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်က ဆေးဆိုင်မှာ သွားဝယ်တာ အဲဒါမရှိလို့ ဘင်္ဂလားဒေ့ရှ်က ထုတ်တဲ့ အိုမီဂါ ၃ ပေးလိုက်တယ်။ ဈေးက ၁၀,၀၀၀ ကျော်လေးပဲရှိတယ်။ သြစီ ထုတ်မရှိတော့ ဘင်္ဂလားထုတ်ဆေးပဲ ဝယ်ခဲ့လိုက်ရတယ်” လို့ ဆိုပါတယ်။

ဆေးဝါးစျေးကွက်ထဲ ပစ္စည်းပြတ်တာမို့ အလားတူဆေးကိုပဲ အားကိုးနေရတဲ့အပေါ် ဆေးရဲ့ အာနိသင်နဲ့ ထိရောက်မှုက အရင် သောက်နေကြ တံဆိပ်တွေလို အစွမ်းထက်ပါ့မလား၊ ကောင်းပါ့မလားဆိုတာကတော့ မေးခွန်းတစ်ခုလို ဖြစ်နေပါတယ်။

“ဆေးပြောင်းရင် အာနိသင်လည်း ပြောင်းတော့ ဆရာဝန်က ညွှန်ကြားမှပဲ သောက်ရဲတယ်။ မရှိရင်လည်း ဆေးဆိုင်တကာ ပတ်သွားပြီး ရှာရတာပဲ။ မတတ်နိုင်ဘူး။ ဒီကြားထဲ ဈေးတွေကလည်း တက်နေတော့ ကျန်းမာရေးအတွက်က ရေရှည်မှာ အဆင်ပြေပါ့မလား စိတ်ပူတယ်” ဟု သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး ပုံမှန်ဆေးဝါး သောက်သုံးနေရသူတစ်ဦးက သူ့ရဲ့ စိတ်ပူပန်မှုကို ပြောပြပါတယ်။

အလားတူ ဆေးဝါးကိုပဲ မဖြစ်မနေ ဝယ်ပြီး သောက်သုံးရမယ်ဆိုရင် သတိထားရမယ့်ကိစ္စတွေက အများကြီး ရှိပါတယ်။ အနည်းဆုံးတော့ ကိုယ်သောက်နေကြဆေးရဲ့ မျိုးရင်းအမည်ဖြစ်တဲ့ Generic Name ကို သိရပါမယ်။ ဥပမာ ကိုယ်သောက်ရတဲ့ ဆေးရဲ့ Generic Name က ပါရာစီတမောဆိုရင် အခြားအလားတူ ပါရာစီတမော အမျိုးအစားကို ရွေးတာမျိုးပါ။ နောက်ပြီး ကိုယ်သောက်နေကြ ဆေးရဲ့ ပါဝင်မှုအလေးချိန်ဖြစ်တဲ့ မီလီဂရမ်၊ မိုက်ခရိုဂရမ်တွေကို တိတိကျကျ သိထားဖို့ လိုပါတယ်။ ကိုယ်သောက်နေကြဆေးက 10 mg ဆိုရင် တခြား အလားတူဆေးကလည်း 10 mg ဖြစ်ရပါမယ်။ တချို့ဆေးတွေက Generic Name ပါတဲ့ ဆေးတစ်မျိုးထက် ပိုပြီး ပေါင်းစပ်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါကျရင် ကိုယ်သောက်နေကြ ဆေး အမျိုးအစားကိုပဲ ရှာဖွေ သုံးစွဲတာ ပိုသင့်တော်ပါတယ်။ နောက်တစ်ခုကတော့ အလားတူ ဆေးဟာ ပြည်တွင်းက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဆီက ဆေးဝါးမှတ်ပုံတင် နံပါတ် ရထားပြီး ဖြစ်ဖို့ လိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ သက်တမ်းလွန် Expired Data ဖြစ်တာမျိုး မဖြစ်ဖို့ပါ။ အခု တိုက်တွန်းတာတွေက သောက်နေကြ ဆေး မရှိတာ၊ ပြတ်တာမျိုးဖြစ်လို့ အလားတူ ဆေးသောက်ရမယ်ဆိုရင် အနည်းဆုံး သတိထားသင့်တဲ့ အချက်တွေပါ။ တကယ်တမ်း အလားတူ ဆေးပဲ ရနိုင်မယ့် အနေအထားမျိုး ကြုံလာရင်တော့ ဆေးဝါးကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေကို တိုင်ပင်ပြီးမှ ဆုံးဖြတ်ရွေးချယ်၊ သောက်သုံးတာမျိုး ဖြစ်သင့်ပါတယ်။

ဆေးဝါးတစ်ခုခုကို စွဲသောက်နေရတဲ့သူတင်မက လူတိုင်းဟာ ကိုယ်သောက်ရမယ့် ဆေးဝါးတွေမှာ ဘာဓါတ်တွေပါနေသလဲဆိုတာကို သိရှိထားရပါမယ်။ ဥပမာအားဖြင့် Biogesic ဆေးတစ်ပြားမှာ Paracetamol 500mg ပါပြီး Burmeton ဆေးပြားတစ်ပြားမှာ Chlorphenamine Maleate 4 mg ပါပါတယ်။ ဒီအချက်အလက်တွေကို ဆေးဘူးခွံအရှေ့မှာကော အနောက်က ပါဝင်ပစ္စည်းများမှာပါ သေချာဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ဆေးဘူးအတွင်းပိုင်း Leaflet တွေမှာ ကောင်းကျိုး၊ဆိုးကျိုး၊ ပါဝင်ပစ္စည်း စသဖြင့် အသေးစိတ်ဖော်ပြပေးထားပါတယ်။ ဆေးတွေဟာ ပါဝင်ပစ္စည်းတူတယ်လို့ ဖော်ပြထားပေမယ့် ထုတ်လုပ်တဲ့နည်းစနစ်ပေါ်မူတည်ပြီး အရည်အသွေးကတော့ ကွာခြားနိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ဆေးဝါးကို မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတယ်ဆိုရင် အရည်အသွေးပိုင်းမှာ စိတ်ချလို့ရတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် အလားတူဆေးဝါးလို့ ဆိုတဲ့အခါ ပါဝင်ပစ္စည်းအမျိုးအစား၊ ပမာဏကို မဖြစ်မနေစစ်ဆေးရမှာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်၊ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စတာတွေကိုလဲ စစ်ဆေးဝယ်ယူရမှာ ဖြစ်ပါတယ်။ 

#ဆေးဝါး

#စျေးကွက်

#ကျွမ်းကျင်သူ

#သက်တမ်းလွန်

#FDA

ဒီအကြောင်းအရာကို မျှဝေပါ