၂၀၂၆-၂၀၂၇ မှာ မြန်မာ့ကျန်းမာရေးအစုအဖွဲ့တွေ ဘာလုပ်ကြမလဲ…

Published On: January 20th, 2026|Views: 204|

ကိုဘသက်

မြန်မာနိုင်ငံမှာ အခု ၂၀၂၆ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ဘယ်သူတွေက  ဘာတွေ ပြင်နေကြပြီလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းတာကတော့ သူတို့ လုပ်မယ့် အလုပ်တွေက ဘာကြောင့်လုပ်ရသလဲဆိုတဲ့ အချက်ပါ။ မြန်မာ့ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ကျန်းမာရေးအင်အားစု (Health Cluster Myanmar  – HCM) ကတော့ အခုနှစ်အတွက် မဟာဗျူဟာသုံးရပ်ကို ချထားလိုက်ပါပြီ။ HCM ဟာ ကမ္ဘာ့ကျန်းမာရးအဖွဲ့ WHO ရဲ့ ဦးဆောင်အေဂျင်စီပုံစံနဲ့ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍတွေမှာ စဉ်ဆက်မပြတ် ကူညီပေးနေတဲ့ အစုအဖွဲ့ပါ။  ဒီထဲမှာ ကုလသမဂ္ဂ (UN) အေဂျင်စီတွေ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့၊ ပြည်တွင်းနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းပေါင်း ၁၂၅ ဖွဲ့အထိ ပါဝင်ပါတယ်။ ဒီအဖွဲ့ကို ၁၁ ဦးက ဦးဆောင်ပြီး လေးဦးဟာ အမျိုးသား အဆင့်နဲ့ ငါးဦးဟာ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ တာဝန်ယူထားသူတွေ ဖြစ်လို့ သူတို့ ချမှတ်မယ့် မဟာဗျူဟာ တွေဟာ နိုင်ငံအဆင့်၊ မြေပြင်အဆင့်အထိ အခြေအနေတွေကို ခြုံငုံသုံသပ်ပြီးမှ ချမှတ်လေ့ ရှိပါတယ်။ တနည်း ပြောရရင် လက်တွေ့မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေက ရှေ့လုပ်မယ့် လုပ်ငန်းစဉ် ရည်မှန်းချက် (Claster Objectives) တွေအဖြစ် ပြောင်းလဲ ကျင့်သုံးတာ ဖြစ်ပါတယ်။ ဒီလို ချမှတ်တဲ့အခါမှာလည်း လူသားချင်းစာနာမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေး စီမံချက် (Myanmar Humanitarian Needs and Response Plan – HNRP) အရ ရရှိထားတဲ့ အခြေခံအချက်အလက်တွေအပေါ် ကြည့်ပြီး ချမှတ်လေ့ ရှိပါတယ်။

၂၀၂၆၂၇ အတွက် HNRP အချက်အလက်တွေအရ Health Clusters Myanmar က လုပ်ငန်းစဉ် ရည်မှန်းချက်များ (Cluster Objectives) က သုံးခု ချမှတ်ထားပါတယ်။ “Strategy 2026-2027” ဆိုပြီး MHC က ၂၀၂၅  ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ထားတာ ဖြစ်ပါတယ်။ နံပါတ် (၁) ကတော့ နေရပ်စွန့်ခွာရတဲ့သူတွေ၊ နေရပ်ပြန်လာသူတွေ၊ နိုင်ငံမဲ့တွေနဲ့ အခြား ဘေးသင့်ပြည်သူတွေကြားမှာ အရည်အသွေးရှိပြီး အားလုံးပါဝင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံချက်ပေးပြီး အသက်ကယ် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီ ရေးကို မြှင့်တင်ဖို့လို့ ဖော်ပြထားပါတယ်။ ဒီ ရှေ့လုပ်ငန်းစဉ် ရည်မှန်းချက်ဟာ HNRP အချက်အလက်တွေကို အခြေခံထားတာလို့ သုံးသပ်ရမှာပါ။ မြန်မာပြည်ဟာ ပဋိပက္ခတွေ၊ ငလျင်တွေ၊ ရေကြီးရေလျှံမှုတွေနဲ့ မုန်တိုင်း လိုမျိုး သဘာဝဘေးအန္တရာယ်တွေရဲ့ ဆိုးဝါးတဲ့ သက်ရောက်မှုတွေကို ခံစားထားရပြီး ၂၀၂၆ ခုနှစ်မှာ လူသား ချင်းစာနာမှု လိုအပ်ချက်နှင့် တုံပြန်ရေးစီမံချက် (HNRP) အရ နိုင်ငံ့လူဦးရေ ၅၅ သန်းရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၆ ဒသမ ၂ သန်းဟာ အကူအညီတွေ လိုအပ်နေလို့ HCM က ရဲ့ မဟာဗျူဟာ လုပ်ငန်းစီမံချက် လမ်းညွှန်မှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) ဟာ ၃ ဒသမ ၆ သန်းအထိ ပါဝင်ပြီး အသက်ကယ် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရေးဆိုတာ ဒီကိန်းဂဏန်းတွေကို အခြေခံ ဖြစ်လာတာပါ။ မြန်မာ့လူဦးရေရဲ့ ၉ ဒသမ ၃ သန်းဟာလည်း အခြေခံကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေပြီး ဒီထဲက ၂၂ ရာခိုင်နှုန်းဟာလည်း IDPs တွေပဲ ဖြစ်ကြပြန်ပါတယ်။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့သူ အများစု (၇၄ ရာခိုင်နှုန်း) ဟာ IDPs တွေ မဟုတ်ပေမယ့် ပဋိပက္ခနဲ့ ၂၀၂၅ ခုနှစ်တုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲ ဘေးဒဏ်သင့်သူတွေပါတဲ့။ ကျန်တဲ့ လေးရာခိုင်နှုန်းတော့ နေရပ်ပြန်လာသူတွေ၊ ပြန်လည်နေရာချထားခံရသူတွေ၊ ဒေသတွင်း ပြန်လည်အခြေချ နေ ထိုင်လာတဲ့ IDPs တွေ၊ နိုင်ငံမဲ့ ပြည်သူတွေပါတဲ့။ ဒီ ၉ ဒသမ ၃ သန်းထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်း (PWD) တွေအပြင် စိတ်ကျန်းမာရေးဆိုင်ရာ ကုသဖို့ လိုအပ်ချက်ရှိသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံရဖို့အတွက် ကြီးမားတဲ့ အန္တရာယ်၊ မြင့်မားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။

“အဓိကတော့ အခြေခံကျန်းမာရေးကိုတောင် လက်လှမ်းမမီမှုက အတော့်ကို ဆိုးလာတယ်။ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ။ နောက်ပြီး ရာသီဥတုကလည်း အဲဒီအပေါ်မှာ ပိုပြီး ဆိုးအောင် ဖန်တီးသလို ဖြစ်နေတယ်။ သိတဲ့အတိုင်း အခုကာလက မြန်မာပြည်အလယ်ပိုင်းဖြစ်တဲ့ ကျွန်မတို့ဘက်မှာ အအေးက ပိုလာပြီ။ လမ်းပန်းဆက်သွယ်ရေး ခက်တော့ သာမန် နှာစေး၊ ချောင်းဆိုးဖြစ်ရင်ကို သေလောက်အောင် ခံနေရတာ။ ဆေးကလည်း လိုတဲ့သူတိုင်း အတွက် ပံ့ပိုးနိုင်တဲ့ အခြေအနေက မရှိဘူး” လို့ မကွေးတိုင်း၊ ရှင်မတောင်ဒေသက ပြည်သူတွေအတွက် ကျန်း မာရေးဝန်ဆောင်မှုပေးနေတဲ့ ဒေါ်ခင်ခင် (အမည်လွှဲ) က ပြောပါတယ်။

ကဏ္ဍစုံလိုအပ်ချက် ဆန်းစစ်ခြင်း (Multi Sector Needs Assessment –  MSNA) ဟာ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အရေးကြီးတဲ့ အတားအဆီးက ဘာတွေလဲဆိုတာကို ဆန်းစစ်တာ ဖြစ်ပါတယ်။ MSNA ဆန်းစစ်မှုတွေအရ မြန်မာပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးဆုံး အတားအဆီးက ငွေကြေး မရှိတာ ဖြစ်ပြီး ဒါဟာ ၅၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ၂၉ ရာခိုင်နှုန်းကတော့ ဆေးကုသနိုင်တဲ့ ကျန်း မာရေးဌာန မရှိတာ ဖြစ်ပြီး လုံလောက်တဲ့ ကုသမှု မရတာဟာ ခြောက်ရာခိုင်နှုန်း ရှိပါတယ်။ MHC ရဲ့  ဒီဆန်း စစ်မှုအရ ရခိုင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့က လူဦးရေ ၅၀ ရာခိုင်နှုန်းဟာ အခြေခံကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ လက်လှမ်းမီဖို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကချင်၊ တနင်္သာရီ၊ ကရင်၊ ရှမ်းမြောက်နဲ့ ချင်းပြည်နယ် ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကြားမှာ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ ပြင်ပက အကူအညီတွေ လိုအပ်နေပါတယ်တဲ့။ အထောက်အထားအခြေပြု မူဝါဒတွေ ချမှတ်တဲ့အခါ သတင်းအချက်အလက် ပံ့ပိုးပေးခြင်းနည်းနဲ့ လူသားချင်းစာနာမှု လုပ်ဆောင်နေတဲ့ အေဂျင်စီတွေ၊ ကျန်းမာရေး / ပညာရေး / အကာအ ကွယ်ပေးရေးကို အချက်အလက်ပံ့ပိုးပေးနေတဲ့ Insecurity Insighgt က မြန်မာပြည်နဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်အထိ ကောက်ယူထားတဲ့ အချက်အလက်တွေကိုလည်း သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် “Strategy 2026-2027” အတွက် HCM က ကိုးကားခဲ့ပါတယ်။ Double I လို့ ခေါ်ရမယ့် Insecurity Insight မှတ်တမ်းအရ ပဋိပက္ခတွေကြောင့် ကျန်းမာရေးကဏ္ဍနဲ့ ဆက်စပ်တဲ့ နေရာထိခိုက်မှုဟာ ၁,၈၁၅ ကြိမ်အထိ ရှိခဲ့သလို WHO ရဲ့ Surveillance System for Attack on Health Care အရ အလားတူ ကာလထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်စပ်တဲ့အရာတွေ ထိခိုက်မှုဟာ ၅၁၀ ကြိမ်အထိ ရှိပါတယ်တဲ့။  ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်စပ်တဲ့အရာတွေ ဆိုတဲ့နေရာမှာ ကျန်းမာရေးအဆောက်အအုံတွေ ထိခိုက် ပျက်စီးတာအပြင် ကုသရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ ကျန်းမာရေးဝန်ထမ်း ထိခိုက်မှုတွေကိုပါ ထည့်သွင်းတွက်ချက်တာပါ။ ပဋိပက္ခ နောက်ဆက်တွဲဆိုးကျိုးနဲ့ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မီဂါငလျင်ကြောင့် ဖြစ်ခဲ့တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကြောင့်လည်း ကိုယ် အင်္ဂါ ပြန်လည်သန်စွမ်းရေးနဲ့ အထောက်အကူပြု ပစ္စည်း တွေ၊ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ၊ ထိခိုက်သူတွေအတွက် သင့်လျော်တဲ့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ HCM က ဆိုထားပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ ဒဏ်ရာရသူတွေကို အချိန်မီ မကုသ ပေးနိုင်တာ၊ အနာကြီးနဲ့ ပိုလီယိုလို ရောဂါတွေအတွက် စစ်ဆေးကုသမှု မပေးနိုင်တာတွေဟာ ကာကွယ်နိုင်ရဲ့ သားနဲ့ ဖြစ်ပေါ်လာရတဲ့ မသန်စွမ်းမှု အမျိုးအစားတွေ ဖြစ်ပြီး လုံလောက်တဲ့ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး လိုအပ်ချက်ကို မြင့်မားလာစေပါတယ်။ ဒါ့အပြင် အသက်အိုးအိမ် ဆုံးရှုံးရတာ၊ နေရပ်စွန့်ခွာရတာတွေကလည်း နိုင်ငံထဲ ကြီးကြီးမားမား ရှိနေတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ပိုလို့ ဆိုးရွားစေပါတယ်တဲ့။

Health Cluster Myanmar ရဲ့ ၂၀၂၆-၂၀၂၇ ရှေ့လုပ်ငန်းစဉ် နောက်တစ်ရပ်ကတော့ ကပ်ရောဂါပုံစံ ဖြစ်ပွားနိုင်ခြေ ရှိတဲ့ ရောဂါတွေနဲ့ ဒေသတွင်း ကူးစက်တတ်တဲ့ ရောဂါတွေကို အချိန်မီ ရှာဖွေ ဖော်ထုတ် / ကာကွယ်ခြင်းနဲ့ တုံ့ပြန်ခြင်းတို့က တဆင့် ရောဂါဖြစ်မှုနဲ့ သေဆုံးနှုန်းကို လျှော့ချဖို့ ဖြစ်ပါတယ်။ လူနေထူထပ်တာ၊ မသန့်ရှင်းတဲ့ သောက်ရေ၊ မလုံလောက်တဲ့ မိလ္လာစနစ်နဲ့ ပုံမှန် ကျန်းမာရေးအစီအစဉ်တွေ ပြတ်တောက်မှု ဟာ မြန်မာ့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို ကြီးကြီးမားမား ခြိမ်းခြောက်နေတယ်လို့ HCM ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာပြည်မှာ ၂၀၂၄ ခုနှစ် ဇွန်လ ကနေ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း နိုင်ငံအနှံ့ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုဟာ ကြီးကြီးမားမား ဖြစ်နေပြီး ငှက်ဖျားရောဂါ ဖြစ်မှု ပြန်တိုးလာသလို တချို့ဒေသမှာ ၃၀၀ ရာခိုင်နှုန်းအထိ မြင့်လာတယ်လို့ HCM က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ငှက်ဖျားဖြစ်မှုတွေအတွက် အရေးကြီးတဲ့ ဆေးစိမ်ခြင်ထောင်၊ ရောဂါရှာဖွေရေး ကိရိယာနဲ့ ကုသနိုင်တဲ့ ဆေး မရှိသလောက် ပြတ်လပ်မှုဟာ ကာကွယ်နိုင်တဲ့ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေကို ဖြစ်စေပါတယ်။ သွေးလွန်တုပ်ကွေး ကူးစက်မှုဟာ ၁၅ နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များလာပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ဆက်တိုက်ကျဆင်းလို့ အသက် ငါးနှစ်အောက် ကလေးငယ် ၁ ဒသမ ၅ သန်းဟာ အခြေခံကျတဲ့ ကာကွယ်ဆေးတွေ မရဘဲ ဖြစ်နေတယ်လို့ ခန့်မှန်းထားသလို ဝက်သက်နဲ့ ဆုံဆို့နာရောဂါပိုး ကူးစက်မှု အန္တရာယ်နဲ့ ပိုလီယိုရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေကို မြင့်တက်သွားစေတာကြောင့် HCM က သူတို့ရဲ့ ဒုတိယမြောက် ရှေ့လုပ်ငန်းစဉ်ကို အခုလို ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူအများအပြားဟာ စစ်ဆေးကုသနိုင်တဲ့ အခြအနေ မရှိတာမို့ ဆေးယဉ်ပါးတီဘီ အပါအဝင် HIV နဲ့ တီဘီရောဂါ အန္တရာယ်ခြိမ်းခြောက်မှုကလည်း စိုးရိမ်စရာ ဖြစ်နေပြန်ပါတယ်။

“မြန်မာပြည်မှာ နေရပ်စွန့်ခွာရတဲ့သူက ၂၀၂၆ မှာ ပိုဆိုးမယ်လို့ WFP က ခန့်မှန်းထားတယ်။ နေရပ်စွန့်ခွာရသူက ၂၀၂၅ မှာ ၃ ဒသမ ၆ သန်း ရှိတယ်လို့ ဆိုတယ်။ IDPs တွေ အဓိက ကြုံနေတာက မလုံခြုံမှု၊ အခြေခံကျန်းမာရေး အစီအစဉ်နဲ့ စားနပ်ရိက္ခာပြဿနာ။ တစ်ခုနဲ့ တစ်ခုက ဆက်စပ်နေတာ။ ကျန်းမာရေးကု သမှုကလည်း မရ၊ အာဟာရကလည်း လုံလုံလောက်လောက် မရတော့ သာမန် ရောဂါဆိုရင်တောင် မခံနိုင် တော့ဘူး။ ဒီကာလထဲကျမှ မွေးလာတဲ့ ကလေးတွေဆို ပိုဆိုးတာပေါ့။ နောက်ပြီး သောက်ရေ၊ သုံးရေကလည်း  ကောင်းကောင်းမွန်မွန် မရတော့ အရေပြားရောဂါလိုဟာကလည်း ဖြစ်ပြန်ကော။ အသိတစ်ယောက်ဆို အခုလို ညပိုင်းမှာ ကျွန်တော်နဲ့ စကားပြောနေရင်းက လေဖြတ်တယ်ဗျ၊ သူက ၅၀ ကျော်ပဲ ရှိသေးတယ်။ ကောင်း ကောင်းမကုပေးနိုင်တော့ မနက်ကျတော ဆုံးကော” လို့ မကွေးတိုင်းအတွင်း ပြည်သူ့ကျန်းမာရေးအတွက် နယ်လှည့်လုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုလတ် (အမည်လွှဲ) က ပြောပါတယ်။

Health Cluster Myanmar ရဲ့ တတိယ ရှေ့လုပ်ငန်းစဉ်ကတော့ ကျန်းမာရေးမိတ်ဖက် အဖွဲ့အစည်းတွေကြားမှာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းနည်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးအကူအညီ လိုသူတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ မိတ်ဖက်အဖွဲ့အစည်း ၁၂၅ ဖွဲ့အကြား ပေါင်းစပ်ဆောင်ရွက်မှုကို မြှင့်တင်မယ့် လုပ်ငန်းစဉ်ပါ။ HCM ထဲမှာ ကုလ၊ နိုင်ငံတကာနဲ့ ပြည်တွင်း NGOs တွေ၊ အလှူရှင်အေဂျင်စီတွေ ပါဝင်တဲ့ မဟာဗျူဟာ အကြံပေးအဖွဲ့ (Strategic Advisory Group – SAG) ဆိုတာ ရှိပါတယ်။ SAG အဖွဲ့ဟာ HCM က ချမှတ်တဲ့ ဘယ် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေအတွက်မဆို တက်တက်ကြွကြွ ပါဝင်ပေးကြသူတွေလည်း ဖြစ်ပါတယ်။ တတိယမြောက် လုပ်ငန်းစဉ်အတွက် ထိရောက် တဲ့ ပြည်နယ်/တိုင်းအဆင့် ပေါင်းစပ်ညှိနှိုင်းမှုဟာ အခြေခံအုတ်မြစ်လို့ ခံယူထားပြီး မြေပြင်ကို နားလည်တဲ့ မိတ်ဖက်တွေကတဆင့် တွဲဖက်ညှိနှိုင်းရေးစနစ် (Co-Coordination) စနစ်တစ်ခု ထူထောင်ဖို့ စီစဉ်ထားသည်။ HCM ရဲ့ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ် ကောက်ယူတဲ့ အချက်အလက်အရ HCM ကို အစီရင်ခံတဲ့ မိတ်ဖက် ၂၉ ရာခိုင်နှုန်းဟာ ပြည်တွင်းအခြေစိုက်တွေ ဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးတာ၊ လူထုလက်ထဲအရောက် ဆေးဝါးနဲ့ အကူအညီပစ္စည်း ပို့ပေးတာ၊ နိုင်ငံတကာ NGO နဲ့ UN အေဂျင်စီတွေ ဝင်ရောက်သွားလာခွင့်မရှိတဲ့ ဒါမှမဟုတ် အကန့်အသတ်နဲ့သာ သွားလာခွင့်ရ၊ သွားလာဖို့ ခက်ခြတဲ့ ဒေသတွေက ရောဂါကူးစက်ပြန့်ပွားမှု တွေကို တုံ့ပြန်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူတွေလည်း ဖြစ်တယ်။ မိတ်ဖက်လို့ ဆိုတဲ့နေရာမှာ အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) နဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်း (CBO) လည်း ပါဝင်တာကြောင့် မြေပြင် လက်လှမ်းမီမှု၊ လူထုနဲ့ ထိတွေ့မှုမှာ အားသာတာကြောင့် ဒေသတွင်း ဦးဆောင်မှု မြှင့်တင်ခြင်း (Localization) အားကောင်းရေးကို HCM က မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

အစုအဖွဲ့ ရည်မှန်းချက်အတွက် ဒါတွေ လုပ်မယ်

HCM ဟာ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အရ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရွေ့လျားဆေးခန်း (Mobile Clinics) ကတဆင့် ၄၂ ရာခိုင်နှုန်း၊ ရပ်ရွာအခြေပြု ကျန်းမာရေးဝန်ထမ်းတွေကတဆင့် ၃၆ ရာခိုင် နှုန်း၊ ပုံသေကျန်းမာရေးဌာန (Static Health Facilities ) တွေက ၂၂ ရာခိုင်နှုန်းနဲ့ တယ်လီကျန်းမာကတဆင့် ၀ ဒသမ ၂ ရာခိုင်နှုန်း ပေးအပ်ထားခဲ့ပါတယ်။ လက်ရှိမှာ HCM အတွက် အဓိက အလှူရှင်တွေဟာ Myanmar Humanitarian Fund (MHF), European Civil Protection and Humanitarian Aid Operations (ECHO), European Union (EU), Global Alliance for Vaccines and Immunisation (Gavi), Italian Government, Japan Government, Korea International Cooperation Agency (KOICA), and the United Kingdom’s Foreign, Commonwealth and Development Office (FCDO) တို့ ဖြစ်ပါတယ်။

အခု ၂၀၂၆ – ၂၀၂၇ မှာတော့ ကျား/မ အခြေပြု အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေ အပါအဝင် လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှု ပေးတာ၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေအတွက် လက်လှမ်းမီ ကျန်း မာရေးစောင့်ရှောက်မှုဖြစ်ဖို့ နည်းလမ်းသစ်တွေ ဖော်ထုတ်တာ၊ ရွေ့လျေားဆေးခန်းတွေကတဆင့် “လူသားချင်းစာနာမှု အကူအညီပေးရေး တုံ့ပြန်မှုအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ဆောင်မှုများ” (High Priority Health Services for Humanitarian Response – H3 Package) ကို မိတ်ဆက်ပြီး မြန်မာ့အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့၊ ကုသမှုနဲ့ လွှဲပြောင်းပေးတာ လွယ်ကူစေဖို့ လူနာတွေအကြား စိတ်ကျန်းမာရေးအခြေအနေတွေကို စောစီးစွာ ရှာဖွေမှု အရေးကြီးပုံတွေကို မိတ်ဖက်တွေကြား အသိပညာမြှင့် တင်တာတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကပ်ရောဂါတွေ၊ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကြိုတင် အသိပေးတာနဲ့ စောင့်ကြည့်လေ့လာရေးဆိုင်ရာ သင်တန်းတွေ ပေးတာ၊ မိတ်ဖက်တွေကို နည်းပညာပံ့ပိုးတာတွေကိုလည်း လုပ်သွားဖို့ ရှိပြီး ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ဖို့ အားဖြည့်ဆောင်ရွက်သွားဖို့ HCM က လုပ်ငန်း စဉ် လုပ်ကို လုပ်မယ်လို့ သံဓိဌာန်ချထားပါတယ်။

“လတ်တလော အခြေအနေအရ ကျန်းမာရေးကဏ္ဍက နဂိုအတိုင်းဖြစ်အောင် ပြန်ပြီး လုပ်ဖို့က အတော့်ကို လုပ်ယူရမယ်။ မြေပြင်မှာက ဒေသတစ်ခုချင်းစီအလိုက် ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေက ရှိသ လို လယ်ယာကိုင်းကျွန်းမှာ သုံးတဲ့ ကျွဲ၊ နွားလို တိရစ္ဆာန်တွေအတွက်ပါ စိတ်ပူရတာ။ အရေးကြီးတာ လူဆိုပေ မယ့် သူတို့တွေ မရှိရင်လည်း စားသောက်ဖို့အတွက် အလုပ်လုပ်တဲ့အခါ ဘယ်လိုမှ အဆင်မပြေဘူး။ လမ်း ခရီးဆိုတာကလည်း တစ်နေ့နဲ့ တစ်နေ့ တူတာ မဟုတ်ဘူး။ အဲဒီတော့ နေ့စဉ်စားဖို့အတွက်၊ ပုံမှန်စားဖို့အတွက် က သူတို့ ရှိနေဖို့ လိုအပ်ပြန်ကော။ အခုလို ပူလိုက် အေးလိုက် ရာသီမှာဆို ကျွန်တော်တို့ဘက်မှာ နောက်ထပ် ပြဿနာက မြွေဆိုးဗျ။ ဖြစ်ပြီဆိုရင် ဆေးမရှိတာနဲ့၊ ဆေးရှိရင်လည်း အရည်အသွေးမမီတာနဲ့၊ နောက်ပြီး ဆေးက စျေးကြီးတာနဲ့” လို့ စစ်ကိုင်းတိုင်းထဲမှာ အရပ်ဘက်ပြည်သူ့ကျန်းမာရေးအတွက် အကူအညီပေးနေတဲ့ ကိုလင်း (အမည်လွှဲ) ပြောပါတယ်။

ကိုးကား

– Health Cluster Myanmar Strategy 2026-2027

– WHO

ဒီအကြောင်းအရာကို မျှဝေပါ