စိတ်ကျန်းမာရေး အထောက်အကူပေးနိုင်ရာ ခေတ်သစ်ဉာဏ်ရည်တုအေအိုင်နည်းပညာ

Published On: January 22nd, 2026|Views: 180|
  • (Dr. Kris ရေးသားသည်)

တိုးတက်လာတဲ့ကမ္ဘာကြီးနဲ့အတူ ကျွန်တော်တို့ လူသားတွေဟာ အသက်ရှင်သန်နေထိုင်ဖို့ လွန်ခဲ့သော ဆယ်စုနှစ်များစွာထက် ပိုမိုရုန်းကန်ကြိုးစားလာကြရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာ ကဏ္ဍအစရှိသည်ဖြင့် အရာရာမှာ ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးမှာ စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်နေရမှုကတော့ အသက်အရွယ်မရွေးကြုံတွေနေရတာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာတွေကို နေကြရတာလည်းဖြစ်ပါတယ်။ စိတ်ပူပင်သောက (anxiety)ကနေ စိတ်ကျတာ (depression)၊ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေတစ်သီးကြီးရင် ဆိုင်နေရပင်မဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အဖြေရှာကိုင်တွယ်ပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်တွေ လိုအပ်ချက်ရှိနေပါတယ်။ အထူးသဖြင့် ဝင်ငွေနိမ့်နဲ့အလယ်အလတ် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (Lower and Middle income countries-LMICs) မှာ ဒီပြဿနာကို ပိုပြီးကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ တိုးတက်လာတဲ့ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) နဲ့ အတူ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ကြိုးစားလာကြပါတယ်။ နောက်ပိုင်းမှာ ဉာဏ်ရည်တုနည်းပညာကို AI လို့ပဲဒီဆောင်းပါးမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

ယနေ့ကမ္ဘာမှာ AI နည်းပညာဟာ အတော်လေး တိုးတက်လာတာ တွေ့ရှိရပါတယ်။ ပညာရပ်ဆိုင်ရာ လူမှုရေးဆိုင်ရာ နဲ့ စစ်ဖက်ရေးရာဆိုင်ရာတွေမှာ AI နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ ဒါအပြင် AI နည်းပညာကို ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ အသုံးပြုလာဖို့အတွက် တစ်ဖြည်းဖြည်းနဲ့ ပြင်ဆင်လာကြပါပြီ။ ရောဂါရှာဖွေရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ AI ကို စတင်အသုံးပြုနေကြပြီဖြစ်သလို အခြားသော ကဏ္ဍတွေမှာလည်း အသုံးပြုနိုင်ရေး အတွက်သုတေသနလုပ်နေကြတာဖြစ်ပါတယ်။ AI နဲ့ ပတ်သက်တဲ့ များစွာသော သုတေသနရပ်ဝန်း တွေထဲမှာမှ အေအိုင်ချက်ဘော့ (AI Chatbots) ကို အသုံးချပြီး စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းမယ့် သုတေသနလုပ်ငန်းစဉ်ဟာလည်း ထင်ရှားလာပါတယ်။

ဒီတော့အေအိုင်ချက်ဘော့ ဆိုတာ ဘာများပါလိမ့်? အေအိုင်ချက်ဘော့ (AI Chatbots) ဆိုတာကတော့ လူသားတွေနှင့် စကားပြောဆိုနိုင်ဖို့ အသက်သွင်းထားတဲ့ ဆော့ဖ်ဝဲလ်(software) (သို့မဟုတ်) အက်ပလီကေးရှင်း(Application) ဖြစ်ပြီး ၎င်းတို့၏ အဓိကမောင်းနှင်အားက ဉာဏ်ရည်တု(AI) နှင့် သဘာဝဘာသာစကားပြုဆိုမှုနည်းပညာ (Natural Language Processing-NLP) တို့ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အေအိုင်ချက်ဘော့ဆိုတာ စာသား သို့မဟုတ် အသံနဲ့ သင်မေးမြန်းတိုင်း အလိုအလျောက် တုံ့ပြန် ဆက်သွယ်ပေးနိုင်တဲ့ ကွန်ပျူတာပရိုဂရမ် (သို့) ဉာဏ်ရည်တုရဲ့ စနစ်တစ်ခုပါ။ ဖုန်းတစ်လုံး ဖြစ်စေ ကွန်ပြူတာတစ်လုံးဖြစ်စေ ရှိရုံနဲ့ အေအိုင်ချက်ဘော့ကို လွယ်လင့်တစ်ကူ အပ်ပလီကေးရှင်းဆော့ဝဲလ် (application software)သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  

ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လာ တဲ့ခေတ်ကြီးမှာ လူသားတွေဟာ နီးရပ်နဲ့ဝေးသွားကြတာတွေ ရှိပါတယ်။ လူမှုဆက်ဆံရေး မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လွန်ခဲ့တဲ့အနှစ်၂၀လောက်အထိ လက်ပွန်းတနှီး တစ်ရင်းတစ်နှီး နေခဲ့ကြပင်မဲ့ အခုချိန်မှာတော့ ဖုန်းလေးတစ်လုံး၊ လက်ပ်တော့ လေးတစ်လုံး၊ အစရှိသဖြင့် နည်းပညာမြင့် ပစ္စည်းလေးတစ်ခုခုကို ကြားခံရင်း လူမှုပေါင်းသင်းဆက်ဆံရေးဟာ အလွှာခြားသွားခဲ့ရပါတယ်။ မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီးစကားပြော ကြတာ မရှိတော့တဲ့ အခြေအနေဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်တွေ ကြုံတွေ့ရတဲ့အခါ ကျော်ဖြတ်ရခက်တဲ့အလွှာတစ်ခု ဖြစ်လာပါတော့တယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ဆေးရုံဆေးခန်းတွေ သွားတဲ့အခါ လူအများရဲ့အမြင်က ဘယ်လိုရှိမလဲ တီးတိုးပြောကြမလား ခွဲခြားဆက်ဆံကြလေမလား ကိုယ်အားတဲ့အချိန်နဲ့ ဆေးရုံဆေးခန်း ဖွင့်ချိန်တွေက ကိုက်ညီတဲ့အ ချိန်ရှိပါ့မလား ဆိုတဲ့ အတွေးတွေ ကလည်း လူသားတွေကို စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ တုန့်နှေးစေတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။ ဒီလိုအခြေ အနေမျိုးမှာ အေအိုင်ချက်ဘော့တွေဟာ ၂၄နာရီပတ်လုံး ကြိုက်တဲ့ အချိန်သုံးနိုင်ပြီး လူမှုဆက်ဆံရေး ပြဿနာတွေကို လည်းဂရုပြုစရာမလို၊ ပတ်ဝန်းကျင်ရဲ့ အမြင်ကိုလည်း အရေးစိုက်စရာမလိုတဲ့ ရွေးချယ်စရာ မိမိရဲ့ ဖွင့်ပြောလို့ခက်နေတဲ့ စိတ်ခံစားချက်တွေကို ရင်ဖွင့်နိုင်စရာ နေရာတစ်ခုဖြစ်လာပါတယ်။

အေအိုင်ချက်ဘော့တွေကနေ တစ်ဆင့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာ စိတ်ကျန်းမာ ရေးဆိုင်ရာ ပြဿနာအရပ်ရပ်ကိုလည်းလေ့လာနိုင်သလို မိမိမှာ ကြုံတွေနေရတဲ့ စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျနေတာတွေ အိပ်စက်ရခက်ခဲတဲ့အခြေအနေတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်း ကြမယ် ဘယ်လိုကျော်ဖြတ်နိုင်မယ်ဆိုတာကို လေ့လာနိုင်ပါတယ်။ လူသားတွေရဲ့ စိတ်ဟာ(၁) အတွေးအမြင် (cognitions/ thoughts)၊(၂) စိတ်ခံစားချက် (feelings/emotions)နဲ့ (၃)လုပ်ဆောင်ချက် /အပြုအမူ (Actions/ Behaviours) ဆိုတဲ့အချက်တွေတစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီးလည်ပတ် နေတာဖြစ်ပါတယ်။ ကောင်းတဲ့အတွေးအမြင်မှသည် ကောင်းသောစိတ်ခံစားချက် နဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက်အပြုအမူ တွေဖြစ်ပေါ်စေသလို မှားယွင်းတဲ့ အတွေးအမြင်ကလည်း မကောင်းတဲ့စိတ်ခံစားချက်နဲ့ မသင့်တော်တဲ့ လုပ်‌ ဆောင်ချက်အပြုအမူကို ဦးတည်သွားစေနိုင်ပါတယ်။ 

ဒီအချိန်မှာ စိတ်ပူပန်မှု စိတ်ဖိစီးမှုသောကတွေကနေ ဖြစ်လာတဲ့ စိတ်ကိုညစ်နွမ်းစေတဲ့ အတွေးအမြင် တွေကို ဖော်ထုတ်ပြီး၊ ယုတ္တိတန်ပြီး လက်တွေ့ကျတဲ့ အတွေးအမြင်သစ်တွေနဲ့ အစားထိုးကာ၊ အပြုအမူ သစ်တွေကို လေ့ကျင့်သင်ကြားပေးလို့ရတဲ့ CBT(Cognitive Behavioural Therapy) လို့ခေါ်တဲ့ကုထုံး ကလည်း ယနေ့ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ တွေ့ရပါတယ်။ ဒီလို လက်တွေ့ကျကျ ကြောင်းကျိုးဆက်စပ်တွေးခေါ်အဖြေရှာပြီး ပြဿနာကို ရင်ဆိုင်ဖြေရှင်းတဲ့ နည်း ကိုလည်း အေအိုင်ချက်ဘော့ကနေမှတစ်ဆင့် ကျွန်တော်တို့ရဲ့ ပြဿနာကို ရင်ဖွင့်ရင်း အဖြေရှာလို့ ရနိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်အခြေအနေ၊ နေ့စဉ်အိပ်စက်နိုင်မှုအခြေအနေနဲ့ လူမှုဘဝအပေါ်မူတည်ပြီး အေအိုင်ချက်ဘော့ ကနေ ကျွန်တော်တို့ကို ပုံမှန်လေ့လာပြီး အချိန်နဲ့တပြေးညီ အသိပေးတာ သတိပေးတာ ပြုပေးနိုင်တာ ဖြစ်ပါတယ်။ တစ်ယောက်တည်း အထီးကျန်နေပြီး ဂရုစိုက်မယ့်သူ မရှိရင်တောင်မှ အေအိုင်ချက်ဘော့က သင့်ကို အစာစားချိန်၊ နားရမယ့်အချိန်၊ ကိုယ်လက်လှုပ်ရှားသင့်တဲ့ အချိန်နဲ့ အိပ်စက်ရမယ့်အချိန်တွေကို မှန်မှန်ကန်ကန်လမ်းညွှန်နေမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ လူသုံးများတဲ့ ထင်ရှားတဲ့ အေအိုင်ချက်ဘော့ တွေကတော့ Woebot, Wysa, Replika, Youper နဲ့ Tess တို့ပဲဖြစ်ပါတယ်။

အေအိုင်ချက်ဘော့တွေဟာ လွယ်လင့်တကူ အချိန်မရွေးနေရာမရွေး လူမျိုးဘာသာမရွေး ဖုန်းတစ်လုံးရှိရုံနဲ့ အသုံးပြုနိုင်တဲ့ အားသာချက်ရှိပင်မဲ့ တစ်ဖက်မှာလည်း သတိပြုရမယ့် အချက်တွေရှိပါတယ်။ ပထမ သတိပြုရမှာက အေအိုင်ချက်ဘော့တွေဟာ လူသားတွေရဲ  စိတ်ကျန်းမာ ရေးပြဿနာတွေကို သက်သာအောင် လျော့ပါးအောင်ကူညီဖို့ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ အနီးကပ် ဆွေးနွေးကုသမှု မခံယူနိုင်သေးခင်စပ်ကြားမှာ ထောက်ကူပေးနိုင်ဖို့ဖြစ်ပါတယ်။ အေအိုင်ချက်ဘော့ တွေဟာ ကျွမ်းကျင်ပညာရှင် အဆင့်မဟုတ်တာကိုတော့ အထူးသတိပြုဖို့လိုပါတယ်။ လူသားတွေလို မျက်နှာ အမူအရာနဲ့ အသံနေအသံထားကအစ လက်တွေ့ကျတဲ့ ကိုယ်ချင်းစာတရား(True Sympathy and empathy)နဲ့ နွေးထွေးတဲ့ဂရုစိုက်စောင့်ရှောက်မှု (Tender Loving Care)ရဖို့တော့မလွယ်ကူပါဘူး။ တစ်ကိုယ်ရေ တစ်ယောက်တည်း အသုံးချနိုင်ပေမယ့် မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ချက်ဘော့ကို ပေးထားရတာဖြစ်လို့ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက် အလက်တွေ ပေါက်ကြားမှုဖြစ်နိုင်တာကိုလည်း သတိပြုရပါမယ်။ နောက်ဆုံးသတိပြုရမှာက အေအိုင် ချက်ဘော့ကို သုံးရင် အလွန်အကျွံယုံကြည်မိရာကနေ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် လိုအပ်နေတဲ့ မိမိအခြေအနေကို သတိမမူမိဘဲ အချိန်လွန်သွားနိုင်တာဖြစ်ပါတယ်။ 

ကျွန်တော်တို့မြန်မာစကားပုံတစ်ခုရှိပါတယ်။ “မသုံးတတ်ရင်ဘေး သုံးတတ်ရင်ဆေး”ဆိုတဲ့ ဆိုရိုးစကားလေးလို တိုးတက်လာတဲ့နည်းပညာအရ ပေါ်ပေါက်လာတဲ့ အေအိုင်ချက်ဘော့ (AI Chatbot)ကို နည်းမှန်လမ်းမှန်နဲ့ အသုံးပြုရင်း ၂၁ရာစုရဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာ (Global Mental Health Crisis)တွေကို အနာဂတ်မှာ ရင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

Dr. Kris

#AI Chatbots

#Global Mental Health Crisis

#True Sympathy and Empathy

References

  • The Digital Therapeutic Alliance With Mental Health Chatbots. (2025). Journal of Medical Internet Research.
  • Artificial Intelligence-Powered Cognitive Behavioral Therapy Chatbots. (2025). PubMed Central.
  • Ahmed, A. (2021). A Review of Mobile Chatbot Apps for Anxiety and Depression. ScienceDirect.

ဒီအကြောင်းအရာကို မျှဝေပါ