ဖြစ်ပြီဆို ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်တဲ့ သွေးအားနည်းရောဂါ

Published On: January 22nd, 2026|Views: 151|

ဝေဝေစိုး

ဒီဘက်ခေတ်မှာ မကျန်းမာလို့ တစ်ခုခု ချို့ယွင်းပြီဆို စပ်ဆေးတွေ ဝယ်သောက်ပြီး ကိုယ်ဘာသာကိုယ် ကုနေကြတာ များပါတယ်။ ငွေကြေးခက်ခဲပြီး ဆေးကုစရိတ်တွေ အဆမတန် မြင့်တက်နေတဲ့ခေတ်ကြီးမှာ သာမန် ပြည်သူတွေအနေနဲ့ အခုလို စပ်ဆေးသောက်ပြီး ဖြစ်သလို ဖြေရှင်းနေကြတာဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မှားပေမယ့် ဘဝပေးအခြေအနေအရကတော့ မှားတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ သိထားဖို့ လိုတာက တချို့သောရောဂါတွေဟာ စပ်ဆေးသောက်လိုက်ရုံနဲ့ မပြီးပါဘူး။ စပ်ဆေးလောက် သောက်၊ ပျောက်တယ်ဆိုတာ အအေးမိ၊ နှာစေးချောင်းဆိုး၊ ခေါင်းမူး/ခေါင်းကိုက်၊ သာမန်အဖျားရောဂါတွေလောက်အတွက်ပဲ အသုံးတည့်တာပါ။ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ဆိုင်တဲ့ ရောဂါတွေကို ကုဖို့အတွက်တော့ ကြားဆေး (ဟိုဟာ ကောင်းတယ်၊ ဒီဟာ ကောင်းတယ် ဆိုတာမျိုး) သောက်ပြီး မကုသသင့်သလို စပ်ဆေးသောက်ပြီးလည်း မကုသသင့်ပါဘူး။ အနာနဲ့ဆေး တည့်ဖို့ဆိုရင် ရောဂါ ကြီးကြီးသေးသေး နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တာ အမှန်ပါပဲ။ ကြားဆေးတွေ၊ စပ်ဆေးတွေသောက်ပြီး ကိုယ်တိုင်မကုသင့်တဲ့ ရောဂါတွေထဲက တစ်ခုက သွေးအားနည်းရောဂါပါ။ သွေးအားနည်းရောဂါဆိုတာ ခန္ဓာကိုယ်တွင်း သံဓာတ် အားနည်းတာကနေ စတင်တာ ဖြစ်ပြီး သံဓာတ်အားနည်းတာနဲ့ သွေးအားနည်းတာက ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥတွေ များများ ဖွဲ့စည်းနိုင်ဖို့ သံဓာတ် လုံလုံလောက်လောက် ရှိရပါမယ်။ ဘာကြောင့်လဲဆိုရင် သွေးနီဥတွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်ကို အဆုတ်ကနေ တစ်ကိုယ်လုံးရောက်အောင် ပို့ဆောင်ပေးနေလို့ ဖြစ်ပါတယ်။ တကယ်လို့ လူတစ်ယောက်က သံဓာတ်နည်းနေလို့ အောက်ဆီဂျင်ပို့ဆောင်ပေးရမှာ အဓိကကျတဲ့ သွေးနီဥတွေ လျော့နည်းကုန်ပြီဆိုရင်  သွေးအား နည်းပြဿနာ ဒါမှမဟုတ် သွေးအားနည်းရောဂါတွေ ပေါ်လာတတ်ပါတယ်။

သံဓာတ်ဆိုတာ အသက်ရှင်ဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အဆုတ်ကနေ အောက်ဆီဂျင်ကို ဦးနှောက်နဲ့ နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ပေးရာမှာ အဓိက ကျပါတယ်။ သံဓာတ်ဟာ ကြွက်သားတစ်ရှူးတွေမှာ အောက်ဆီဂျင်ကို သိုလှောင်ပေးတဲ့ Hemoglobin (ဟေမိုဂလိုဘင်) ကိုလည်း ထောက်ပံ့ပေးပြီး ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြီးထွားမှုနဲ့ ဟော်မုန်း လုပ်ဆောင်ချက်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲ သံဓာတ်မလုံလောက်တော့ဘူးဆိုရင် ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ သွေးနီဥတွေရဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ ဟေမိုဂလိုဘင် မထုတ်နိုင်တော့ပါဘူး။ ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်တစ်သျှူးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အဆုတ်ဆီ ပြန်လည်သယ်ဆောင်ဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါကြောင့် သွေးအားနည်းရောဂါ ဖြစ်မလာဖို့နဲ့ ဟေမိုဂလိုဘင်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ခန္ဓာကိုယ်မှာ သံဓာတ် လုံလောက်နေဖို့ အရေးကြီးတာပါ။

ဘယ်လိုအခြေအနေမှာ သွေးအားနည်းရောဂါ ဖြစ်နိုင်သလဲ

ခန္ဓာကိုယ်မှာ သံဓာတ် လုံလုံလောက်လောက် မရှိတာကြောင့် ဟေမိုဂလိုဘင် မလုံလောက်မှု ဖြစ်လာဆိုတာနဲ့ သံဓာတ်အားနည်းမှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ်တွင်းရှိတဲ့ သွေးနီဥတွေဟာ သံဓာတ်ပါတာကြောင့် သွေးဆုံးရှုံးမှုများရင် သံဓာတ်ဆုံးရှုံးမှုလည်း ပိုများတတ်တာကြောင့်ပါ။ အထူးသဖြင့် ဓမ္မတာလာချိန် သွေးဆင်းတာများတဲ့ အမျိုးသမီးတွေ၊ အစားအသောက် အစုံအလင် မစားသူတွေ၊ ကိုယ် ဝန်ဆောင်တွေ၊ ထိခိုက်ဒဏ်ရာ တစ်ခုခုကနေ ကြာရှည် သွေးထွက်နေသူတွေ၊ ကင်ဆာဆေးသွင်းကုသနေသူတွေဟာ ပုံမှန်သူတွေထက် သွေးအားနည်းတတ်တာမို့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ဓမ္မတာလာချိန် သွေးဆင်းများတဲ့ အမျိုးသမီးတွေမှာ သံဓာတ်ဆုံးရှုံးမှု ပိုများလေ့ ရှိသလို အစာအိမ်အူနာ၊ အူမကြီးအလုံး ဒါမှမဟုတ် အူမကြီးစအိုကင်ဆာတို့လို တဖြည်းဖြည်း နာတာရှည် သွေးဆုံးရှုံးမှုကိုဖြစ်စေတဲ့ ရောဂါတွေဟာလည်း သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် သံဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုနည်းတာ၊ အစာကပါတဲ့ သံဓာတ်ကို စုပ်ယူပြီး သွေးထဲကို ရောက်စေတဲ့ အူသေးမကောင်းရင်လည်း သွေးအားနည်းရောဂါ ဖြစ်စေသလို မိခင်နို့ ကောင်းကောင်းမစို့မရဘဲ လမစေ့ ပေါင်မပြည့်ဘဲ မွေးလာတဲ့ ကလေးငယ်တွေမှာလည်း သံဓာတ် ချို့တဲ့တတ်ပါတယ်။ အသားမစားသူတွေနဲ့ မကြာခဏသွေးလှူဒါန်းသူတွေမှာလည်း သံဓာတ်အားနည်းမှုကြောင့် ဟေမိုဂလိုဘင် ကျဆင်းတတ်တာမို့ သတိပြုသင့်ပါတယ်။ ဒီထဲက အသားမစားသူတွေ၊ မကြာခဏ သွေးလှူဒါန်းသူတွေအနေနဲ့ သံဓာတ်ပါတဲ့ အစားအစာတွေကို ပြန်လည်ဖြည့်တင်း စားသုံးပေးမယ်ဆိုရင်တော့ အလျင်အမြန် ပြန်ကောင်းနိုင်ပါတယ်။

ပုံမှန်လူတစ်ယောက်ဟာ သံဓာတ် ပါဝင်တဲ့အစားအစာတွေကို သင့်တင့်မျှတစွာ စားသုံးနေမယ်ဆိုရင် သွေးအားနည်းရောဂါကို ကာကွယ်ပြီးသား ဖြစ်မှာပါ။ သံဓာတ်ချို့မှုကြောင့် သွေးအားနည်း ရောဂါဖြစ်ပြီဆိုရင် ကိုယ်တွင်း သွေးနီဥတွေဟာ ပုံမှန်အရွယ်အစားထက် ပိုသေးသွားပြီး အရောင်လည်း ပိုဖျော့သွားတတ်ပါတယ်။ သုတေသန ဆေးမှတ်တမ်းတွေအရ သွေးအားနည်းရောဂါစမ်းသပ်ရာမှာ အသုံးများတဲ့နည်းလမ်းတစ်ခုကတော့ သွေးဥဆဲလ်တွေကို ရေတွက်တာပဲ ဖြစ်ပါတယ်။ သွေးနီဥတွေကို နည်းလမ်း နှစ်ခုနဲ့ ရေတွက်လေ့ ရှိပါတယ်။ ဟေမိုဂလိုဘင်နဲ့ ဟေမတိုခရစ် (Hematocrit) ဆိုပြီး ရေတွက်တာပါ။ ဟေမတိုခရစ် ကတော့ သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥဆဲလ်ပမာဏဖြစ်ပြီး ပုံမှန်အားဖြင့် အရွယ်ရောက်ပြီး မိန်းကလေးတစ်ယောက်မှာ ၃၄ ဒသမ ၉ ကနေ ၄၄ ဒသမ ၅ ရာခိုင်နှုန်းအတွင်း ရှိပါတယ်။ အရွယ်ရောက်ပြီး ယောကျာ်းလေးတစ်ယောက်မှာတော့ ၃၈ ဒသမ ၈ ကနေ ၅၀ ရာခိုင်နှုန်းကြား ရှိပါတယ်။ အသက်အရွယ်ပေါ် မူတည်ပြီး ပါဝင်မှုပမာဏ ကွဲပြားနိုင်ပါတယ်။ ဟေမိုဂလိုဘင်ကတော့ ပုံမှန်အားဖြင့် ၁၃ ဒသမ ၅ ကနေ ၁၇ ဒသမ ၅ ဂရမ် /ဒက်ဆီလီတာဖြစ်ပြီး မိန်းကလေးတွေမှာ ၁၂ ကနေ ၁၅ ဒသမ ၅ အထိ ရှိတတ်ပါတယ်။ ကလေးငယ်တွေမှာတော့ အသက်နဲ့ လိင်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

သံဓာတ်ချို့တဲ့မှုကို ဘယ်လိုကာကွယ်နိုင်မလဲ

သာမန် သံဓာတ်ချို့တဲ့မှုတွေကိုတော့ သံဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးခြင်းနည်းနဲ့ ပြန်လည်ဖြည့်လို့ ရနိုင်ပါတယ်။ အသား (ကြက်၊ ဝက်၊ ငှက်)၊ ပင်လယ်စာ၊ ပဲသီးတောင့်၊ အနီရောင်အသီးအရွက်၊ အသီးခြောက် (စပျစ်သီး၊ တရုတ်ဇီးသီး)၊ သံဓာတ်ဖြည့်ထားတဲ့ ဆန်/ပေါင်မုန့်၊ ပဲလုံး အစရှိတဲ့ အစား အစာတွေကို စားနိုင်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်မှု အားကောင်းစေဖို့အတွက်ဆိုရင်  ဗီတာမင် (စီ) ပါတဲ့ အစားအစာတွေနဲ့လည်း တွဲဖက်စားသုံးသင့်ပါတယ်။ ဥပမာ- သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့ သံပုရာရည်လို ဗီတာမင် (စီ) ပါတဲ့အစားအစာတွေကို သံဓာတ်များများပါတဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးတာမျိုးပါ။ တစ်နှစ်အောက် ကလေးငယ်တွေအတွက်တော့ မိခင်နို့ တိုက်ကျွေးပေးတာက သံဓာတ်ချို့တဲ့မှုကို အကောင်းဆုံး ကာကွယ်တာပဲ ဖြစ်ပါတယ်။

သံဓါတ်ချို့တဲ့ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေမှာတော့ အထူးသဖြင့် ပိုခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ သံဓါတ်ချို့တဲ့ခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းနဲ့ မွေးဖွားခြင်းဖြစ်စဉ်မှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပြီး ကလေးငယ်တွေမှာ သံဓါတ်မလုံလောက်ဘူးဆိုရင် ကြီးထွားမှုတင်မက ဘက်စုံဖွံ့ဖြိုးမှုတွေမှာပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို စနစ်တကျခံယူသင့်ပြီး သံဓါတ်မချို့တဲ့အောင် ကိုယ်ဝန်ဆောင်ကာလမှာ သံဓါတ်ဆေးပြားတွေကို ညွှန်ကြားတဲ့ပမာဏအတိုင်း သောက်သုံးပေးရပါမယ်။ ကလေးငယ်တွေမှာတော့ အစားအသောက်ကို ဂရုစိုက်ပေးတာမျိုးတင်မကဘဲ သံဓါတ်ချို့တဲ့မှုရဲ့ အဓိကအကြောင်းအရင်းတစ်ခုထဲက သံကောင်ရောဂါမဖြစ်ပွားအောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာ၊ သံချဆေးတိုက်ကျွေးတာတွေပါ လုပ်ဆောင်ရပါမယ်။ 

သံဓာတ်အားဖြည့်ဆေးကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် သောက်သင့်သလား

သင့်အနေနဲ့ မောပန်းတာ၊ အသက်ရှူ မဝတာ၊ အာရုံစူးစိုက်တာ အခက်အခဲဖြစ်လာတာ၊ အသားအရေမစိုပြေဘဲ ဖြူဖျောလာတာ၊ နှလုံးခုန် ရင်တုန်၊ ခေါင်းကိုက်နဲ့ ဆံပင်ကျွတ်တာတွေ အဖြစ်များလာပြီဆိုရင် ခန္ဓာကိုယ်မှာ သံဓာတ်အားနည်းနေပြီဆိုတာ သတိပေးနေတာ ဖြစ်ပါတယ်။ သွေးအားနည်းရောဂါဘက်ကို ကူးသွားပြီဆိုရင်တော့ အလွန်မောပန်းလွယ်တာ၊ အားနည်းတာ၊ ဖြူဖျော့တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူကြပ်တာ၊ ခေါင်းကိုက်ပြီး မူးတာ၊ လက်ဖျားခြေဖျားတွေ အေးတာ၊ လျှာယောင်တာ ဒါမှမဟုတ် အနာဖြစ်တာ၊ လက်သည်းတွေ ကြွတ်ဆတ်လာတာ၊ အာဟာရမရှိတဲ့ အစားအသောက်တွေကို ပိုပြီးစားချင်လာတာ စတဲ့ လက္ခဏာတွေ ပြလာမှာ ဖြစ်ပါတယ်။။ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါရှိတဲ့ ကလေးငယ်တွေမှာတော့ လုံးဝ မစားချင်၊ မသောက်ချင်တဲ့ လက္ခဏာကို တွေ့ရမှာ ဖြစ်ပါတယ်။ တခါတရံ ရောဂါပြင်းထန်လာမှ လက္ခဏာပေါ်လာတတ်တာလည်း ရှိပါတယ်။ ဆိုခဲ့တဲ့ လက္ခဏာတွေ အပြင် တခြားလက္ခဏာတွေလည်း ရှိနေတတ်ပါသေးတယ်။ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ လက္ခဏာတွေ ပေါ်လာပြီ၊ မြင်နေရပြီဆိုရင် ဆရာဝန်ဆီ သွားပြီး ကုသမှု ခံယူသင့်ပါတယ်။ ကြားဆေး၊ စပ်ဆေးတွေနဲ့ ကိုယ်တိုင်ကုသလို့ မသင့်ပါဘူး။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ သံဓာတ်အားဖြည့်ဆေးတွေ မသုံးသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပမာဏထက် သံဓာတ်တွေ များလာရင် အန္တရာယ်ဖြစ်စေပြီး အသည်းနဲ့ တခြား နောက်ဆက်တွဲပြဿနာတွေကို ဆက်ဖြစ်ဖို့ ဖန်တီးပေးပါတယ်။

“တခါက ဓမ္မတာလာချိန်မှာ သွေးဆင်းတာ အရမ်းများပြီး နှုတ်ခမ်းတွေ ဖြူ၊ ခေါင်းတွေမူးလာလို့ နှစ်ဖက်ချွန် အားဆေး (Tothema – တော့ဟီးမား သွေးအားကောင်းဆေး) ကို သောက်ဖူးပါတယ်။ သွေးအား အမြန် ပြန်ပြည့်တယ်ဆိုလို့ သောက်ခဲ့တာပါ။ တကယ်လည်း ခဏလေးအတွင်း လူက ပုံမှန်နီးပါး ပြန်ကောင်းသွားတယ်။ ဒါပေမဲ့ နောက်ထပ် လေး၊ ငါးရက်လောက်အထိ ဆက်တိုက်သောက်ပြီးချိန်မှာတော့ သွားတွေ မဲလာတာ၊ ဝမ်းချုပ်တာအပြင် ဝမ်းသွားရင်လည်း အမဲရောင်တွေဖြစ်လာတော့ ကြောက်ပြီး ဆက်မသောက်တော့ဘူး။ အသိဆရာဝန်ကို မေးကြည့်တော့မှ အဲဒီနှစ်ဖက်ချွန်အားဆေးက သွေးအားပြန်ကောင်းတယ်ဆိုမှန်ပေမယ့် သံဓာတ်အများကြီးပါလို့ ကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ဘူးဆိုမှပဲ ရပ်လိုက်တယ်။ မလိုအပ်ဘဲ သောက်တာများရင် တခြားဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတယ်ဆိုလို့ ဆက်မသောက်ဖြစ်တော့ဘူး။ သံဓာတ်အားဖြည့်ဆေးတွေသောက်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ဒေါ်တင်နု (အမည်လွှဲ) က MyanHealth ကို ရှင်းပြပါတယ်။

သွေးအားနည်းတဲ့အခါ သံဓါတ်ချို့တဲ့လို့ သွေးအားနည်းတာဟာ အဖြစ်များတယ်ဆိုပေမယ့် သံဓါတ်ချို့တဲ့မှုမဟုတ်တဲ့ သွေးအားနည်းရောဂါတွေကလည်း မရှားပါဘူး။ 

မြန်မာနိုင်ငံထဲမှာ သံဓာတ်အားဖြည့်ဆေးအဖြစ် သုံးတဲ့ ဆေးဝါးတွေ အများအပြားရှိပေမယ့် တော့ဟီးမားလို ဆေးကတော့ လူပိုသိကြ၊ သောက်ကြလေ့ ရှိပါတယ်။ တော့ဟီးမားလိုပဲ အချို့သော သံဓာတ်အားဖြည့်ဆေးတွေဟာ တခြားဆေးဝါးတွေနဲ့ တွဲမသောက်သင့်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားသလို Thalaseemia (သလာဆီးမီးယား) လို မွေးရာပါ သွေးအား နည်းရောဂါရှိသူတွေတောင် လုံးဝ မသောက်သင့်ဘူးလို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီရောဂါရှိသူတွေရဲ ကိုယ်ခန္ဓာထဲမှာ သံဓာတ်တွေက ပုံမှန်ထက် ပိုများနေတတ်တာကြောင့် သံဓာတ်အဆိပ်သင့်ပြီး အသည်းနဲ့ နှလုံးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ နောက် တစ်ခုကတော့ ဘာရောဂါမှ မရှိဘဲ သံဓာတ် အားကောင်းဖို့ ဆိုပြီး အားဆေးလိုမျိုး ရေရှည်စွဲသောက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလိုမျိုး သံဓာတ်တွေ ခန္ဓာကိုယ်ထဲ ပုံလာပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် သံဓာတ်အားနည်းလို့ပဲ ဖြစ်ဖြစ်၊ သံဓာတ်ချို့တဲ့လို့ပဲ ဖြစ်ဖြစ် သွေးအားနည်းရောဂါလက္ခဏာတွေ ပြလာခဲ့ရင်တောင် ကိုယ့်စိတ်ကူး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဘယ်ဆေးကို မသောက်သင့်ပါဘူး။ သွေးအားနည်းခြင်းတွေမှာ သံဓါတ်အားဆေးကို ပေးတဲ့အခါ ရောဂါဟာ သက်သာလာမှာမဟုတ်ဘဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုပဲ ခံစားရနိုင်စေပါတယ်။ ဒါကြောင့်  ဘာကြောင့်သွေးအားနည်းရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို အရင်ရှာဖွေကြည့်ပြီးမှသာ သင့်တော်တဲ့ ကုသမှု၊ ဆေးဝါးတွေကို သောက်သုံးသင့်ပါတယ်။ ကိုယ့်မှာ ရောဂါလက္ခဏာတွေ ပြနေပြီလို့ သံသယစိတ် ဖြစ်လာပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆေးသောက်တာ၊ ကုသမှုခံယူတာ အကောင်းဆုံးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။


ကိုးကား

https://www.drugs.com/sfx/,

https://en.wikipedia.org/wiki/,

https://www.mayoclinic.org/

photo – nuvovivo.com

 

#သွေးအားနည်းရောဂါ

#သံဓာတ်

#ဟေမိုဂလိုဘင်

#ဗီတာမင်စီ

#အဆိပ်သင့်

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ