နီပါဗိုင်းရပ်စ် (Nipah virus)

Published On: January 25th, 2026|Views: 268|

(ရေးသားသူ-Wor Mi Thi)

အခုရက်ပိုင်း လူပြောများနေတဲ့ နီပါဗိုင်းရပ်စ်ဆိုတာ ၁၉၉၉ ခုနှစ်မှာ မလေးရှားမှာ ကူးစက်ပြန့်ပွားတာကို စတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ခုလက်ရှိ အိန္ဒိယ West Bangal မှာ လူငါးဦးအထိ ဒီပိုးကူးစက်ခံထားရတာကို တွေ့ရှိထားပြီး လူပေါင်း ၁၀၀ ခန့်ကို အိမ်မှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ နီပါဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အခုအချိန်ထိ ကာကွယ်ဆေးကော တိကျတဲ့ကုသဆေးပါ မရှိသေးပါဘူး။ ဒီပိုးအများစုကို တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီရောဂါရဲ့ သေနှုန်းဟာ ၄၀-၇၅% အထိရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ကူးစက်ပြန့်ပွားခြင်း

နီပါဗိုင်းရပ်စ်ဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရိစ္ဆာန် (လင်းနို့၊ ဝက်) စတာတွေကနေ လူတွေဆီကို ကူးစက်တာဖြစ်ပါတယ်။ လင်းနို့သေး/တံထွေးပါနေတဲ့ ထန်းရေချိုကို အစိမ်းသောက်တာ၊ အသီးအနှံတွေ စားမိတာတွေက ရောဂါပိုးကို အဓိက ကူးစက်ပြန့်ပွားစေပါတယ်။ ရောဂါပိုးကူးစက်ခံနေရတဲ့ တိရိစ္ဆာန်တွေကို တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်းကနေလည်း ရောဂါကူးစက်နိုင်ပါတယ်။ လူတစ်ဦးကနေ တစ်ဦးကိုတော့ ကူးစက်ခံထားရတဲ့သူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည် (ဥပမာ- တံတွေး၊ အသက်ရှူလမ်းကြောင်းမှထွက်သော အမှုန်အမွှားများ၊ ဆီး) စတာတွေကနေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကူးစက်ခံလူနာကို အနီးကပ်ပြုစုစောင့်ရှောက်ရတဲ့ အိမ်သား၊ ကျန်းမာရေးဝန်ထမ်း စတာတွေကတော့ အထူးသတိထားသင့်ပါတယ်။ 

လက္ခဏာများ

လက္ခဏာတွေဟာ ရောဂါပိုးကူးစက်ခံရပြီးနောက် ၄-၁၄ ရက်အတွင်း ပြတာများပြီး အချို့သူတွေမှာတော့ ရောဂါပျိုးချိန်ဟာ ၄၅ ရက်အထိ ကြာနိုင်ပါတယ်။  နီပါဗိုင်းရပ်စ်ဟာ ကူးစက်ခံရတဲ့အခါ အသက်ရှူလမ်းကြောင်းနဲ့ ဗဟိုအာရုံကြောစနစ်ထိခိုက်တဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။ ဒါကြောင့် လက္ခဏာတွေထဲမှာ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာတာ၊ အန်တာ၊ လည်ချောင်းနာတာ ချောင်းဆိုးတာတွေ အဖြစ်များပြီး အချို့မှာတော့ ခေါင်းမူးတာ၊ မှိန်းတာ၊ သတိမမှန်တာ စတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒီပိုးဟာ ဦးနှောက်အမြှေးပါးရောင်စေတဲ့အထိ ပြင်းထန်နိုင်ပြီး လူအချို့မှာ ပြန်ကောင်းပြီးရင်တောင် တစ်သက်စာ အာရုံကြောချို့ယွင်းတဲ့ လက္ခဏာကျန်ခဲ့နိုင်ပါတယ်။ လူအချို့မှာတော့ ပြန်မနိုးလာဘဲ ကိုမာဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ 

ရောဂါရှာဖွေခြင်းနဲ့ကုသမှု

စိတ်မကောင်းစရာက လက္ခဏာတွေကိုကြည့်ပြီး နီပါဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ပြောလို့မရပါဘူး။ RT-PCR နည်းလမ်းသုံးပြီး ဓါတ်ခွဲစစ်ဆေးမှသာ ဗိုင်းရပ်စ်ကိုတိတိကျကျ ဖော်ထုတ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်အတွက် အခုထိ တိကျတဲ့ကုသမှုမရှိပါဘူး။ လူနာရဲ့ရောဂါလက္ခဏာပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးလို့ရနေပါသေးတယ်။ 

ကာကွယ်ခြင်း

အခုအချိန်ထိ ကာကွယ်ဆေး မရှိသေးပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို သိရှိထားပြီး ကာကွယ်တာမျိုးပဲ လုပ်နိုင်ပါသေးတယ်။ နီပါဗိုင်းရပ်စ်မကူးစက်အောင် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။ 

  • လက်ကို ဆပ်ပြာနဲ့ရေနဲ့စနစ်တကျလက်ဆေးပါ
  • နှာချေ၊ချောင်းဆိုးတိုင်း ပါးစပ်နဲ့နှာခေါင်းကို အုပ်ပြီးဆိုးပါ
  • မျက်နှာကို မလိုအပ်ဘဲ ခဏခဏ မကိုင်ပါနဲ့
  • လူနာကို ပြုစုတဲ့အခါ သင့်တော်တဲ့ အကာအကွယ် ဝတ်ဆင်ပါ၊ လူနာရဲ့ ကိုယ်ခန္ဓာက ထွက်တဲ့ ဘယ်အရည်ကိုမဆို တိုက်ရိုက်ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့
  • အသီးအနှံတိုင်းကို မစားခင်မှာသေချာဆေးကြောပါ
  • ရောဂါပိုးပြန့်နေတဲ့ဒေသမှာ အသီးအနှံတွေကို အစိမ်းမစားပါနဲ့၊ အထူးသဖြင့် လင်းနို့ပေါတဲ့ဒေသတွေမှာ သတိထားပါ
  • ထန်းရည်၊ ဓနိရည်တွေကို အစိမ်းမသောက်ပါနဲ့
  • အိမ်မွေးတိရိစ္ဆာန်တွေ (ဥပမာ- ဝက်) နေမကောင်းဘူးထင်ရင် တိုက်ရိုက်မထိတွေ့ပါနဲ့
  • တိရိစ္ဆာန်တွေ သေနေတာတွေ့ရင် မကိုင်ပါနဲ့
  • ကိုယ်ခံစွမ်းအား ပြည့်ဝနေအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊ အာဟာရပြည့်ဝအောင်စားပါ၊ အိပ်ရေးဝအောင် အိပ်ပါ

References

  1. https://www.independent.co.uk/asia/india/nipah-virus-outbreak-symptoms-signs-india-b2906226.html 
  2. WHO. Nipah Virus.

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ