Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား

Published On: January 26th, 2026|Views: 189|

တင်ဇာအောင်

Vitamin C ဆိုတာ Ascorbic Acid တစ်မျိုးဖြစ်သလို ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အာ ဟာရဓာတ်တစ်မျိုးလည်း ဖြစ်နေပြန်ပါတယ်။ ဗိုက်တာမင် (စီ) ဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေသလို သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို အားပေးလို့ ရောဂါပိုးတွေ တိုက်ထုတ်တာကို ကူညီပေးပြန်ပါတယ်။ ဒါ့အပြင် အရေပြား၊ သွားဖုံးနဲ့ သွေးကြောတွေ ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း Vitamin C က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် သူ့ကို Immune Booster (ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း) လို့တောင် ဆေးပညာအသိုင်းအဝိုင်းမှာ သုံးနှုန်းကြတာ ရှိပါတယ်။ ခန္ဓာကိုယ်ဟာ ဗိုက်တာမင် (စီ) ကို ကိုယ့်ဘာသာကိုယ် မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေ၊ ဆေးဝါးလိုဟာတွေကနေ ရယူရပါတယ်။

ဗိုက်တာမင် (စီ) ဟာ ရေမှာ ပျော်ဝင်နိုင်သလို ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radicals တွေကို တပါတည်း တိုက်ဖျက်ပေးလို့ နာတာရှည်အမျိုးအစားဖြစ်တဲ့ နှလုံး၊ ကင်ဆာရောဂါတွေကို ကာကွယ်ပေးသလို အိုမင်းရင့်ရော်မှုကို လျော့စေပါတယ်။ နောက်ပြီး အသားအရေ၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေကို သန်မာစေဖို့ အဓိက လိုအပ်တဲ့ ကော်လက်ဂျင် (Collagen) ပရိုတင်း ထုတ်လုပ်ဖို့အတွက် မရှိမဖြစ် ဗိုက်တာမင်တစ်မျိုးလည်း ဖြစ်နေပြန်ပါတယ်။ အသီးအရွက်တို့၊ အပင်တို့ကနေ ရတဲ့ Plant-based Iron သံဓာတ်ကို စုပ်ယူဖို့ဆိုရင် ခန္ဓာကိုယ်က ခက်ခဲပါတယ်။ ဒါပေမဲ့လည်း ဗိုက်တာမင် (စီ) က အဲဒီသံဓာတ်ကို စုပ်ယူရလွယ်တဲ့ ပုံစံကို ပြောင်းပေးတာမို့ သံဓာတ်ချို့တဲ့ခြင်း နောက်ဆက်တွဲ သွေးအားနည်းရောဂါ ဖြစ်မှုကိုပါ တပါတည်း ကာကွယ်ပေးပြန်ပါတယ်။ ဗိုက်တာမင် (စီ) ကို နည်းလမ်းနှစ်သွယ်နဲ့ ရယူနိုင်ပါတယ်။ တစ်ခုကတော့ အစားအစာ ကနေ ရယူတာဖြစ်ပြီး တစ်နည်းကတော့ Lab လို ဓာတ်ခွဲခန်းတွေ ထုတ်လုပ်ထားတဲ့ Synthetic Vitamin C Tablet တွေဆီကပါ။ Vitamin C Tablet မှာတော့ Vitamin C ဓာတ်တစ်မျိုးတည်းသာ ပါဝင်လေ့ ရှိပြီး သဘာဝအသီးအနှံတွေထဲပါတဲ့ Vitamin C ဓာတ်ကတော့ Bioflavonoids၊ Fiber လိုမျိုး အထောက်အကူပစ္စည်းတွေပါ ပါဝင်ပြီးဖြစ်လို့ ကိုယ်ခန္ဓာက ပိုမိုလွယ်ကူစွာ စုပ်ယူ အသုံးချနိုင်ပါတယ်။ ဗိုက်တာမင် (စီ) ဟာ လိုအပ်တာထက် ပိုပြီး ခန္ဓာကိုယ်ထဲ ရောက်ရင်တော့ ပိုတဲ့ ပမာဏာကို ဆီးကနေတဆင့် အပြင်ကို ပြန်ပြီး စွန့်ထုတ်လေ့ ရှိပါတယ်။ အထူးသဖြင့် ဗိုက်တာမင် (စီ) ဆေးပြားတွေမှာဆိုရင် ပမာဏာ များများပါတဲ့အတွက် သောက်တိုင်းလည်း ထိရောက်တာ၊ ကောင်းတာတော့ မဟုတ်ပါဘူး။

ဒီကနေ့ ဆေးဝါးစျေးကွက်ထဲမှာ Vitamin C ဆေးပြားတွေကို ပုံစံမျိုးစုံ ထုတ်လုပ်ဖြန့်ချိနေသလို ဝယ်ယူသုံးစွဲတဲ့ သူတွေကလည်း သုံးစွဲနေကြပါတယ်။ သို့သော် ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေ ကြုံလာတဲ့အခါ သုံးစွဲနေကြ အမျိုးအစားမရှိရင် အလားတူဆေးပဲ သောက်နေရတဲ့အပေါ် သုံးစွဲသူတွေဘက်က စိတ်ကျေ နပ်မှု ရမနေကြပါဘူး။ တကယ်တော့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ စျေးကြီးတဲ့ Import Vitamin C Tablet တွေကို အားထားနေစရာက တကယ်တော့ မလိုပါဘူး။ ကိုယ်ခန္ဓာက သဘာဝအသီးအနှံတွေကို ပိုမိုလက်ခံနိုင်ပြီး အာဟာရလည်း ဖြစ်တာမို့ နေ့စဉ် ဈေးကွက်ထဲ ရနေတဲ့ အသီးအနှံတွေကို စားသုံးပေးခြင်းနည်းနဲ့ ဗိုက်တာမင် (စီ) ကို ရယူနိုင်သလို ကိုယ်ခံအားကို သဘာဝနဲ့အညီ တည်ဆောက်ပေးရာလည်း ကျပါတယ်။

သစ်သီးစားမလား … ဆေးဝယ်သောက်မလား

မြန်မာနိုင်ငံမှာ နေ့စဉ်စျေးကွက်ထဲ အလွယ်တကူ ရနိုင်တဲ့ မာလကာသီး၊ ဇီးဖြူသီးနဲ့ ကျွဲကောသီးလို အသီးအနှံတွေဟာ ဗိုက်တာမင် (စီ) အရမ်းကို ကြွယ်ဝတဲ့ အသီးတွေပါ။ မာလကာသီးတစ်လုံးမှာ လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ပမာဏထက် ဗိုက်တာဗင် (စီ) ဓာတ် နှစ်ဆကျော် ပါဝင်ပြီး ဇီးဖြူသီးဆိုရင် “သစ်ပင်ပေါ်က ကိုယ်ခံအားဆေး” လို့တောင် ပြောယူရတဲ့အထိ ဗိုက်တာမင် (စီ) ကြွယ်ဝပါတယ်။ ဗိုက်တာမင် (စီ) အပြင် တခြားသော အာဟာရဓာတ်တွေကိုလည်း ရနိုင်ပါတယ်။ နောက်ပြီး အသီးအနှံတွေမှာ Fiber အမျှင်ဓာတ် အများကြီး ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်စုပ်ယူမှုကို နှေးစေးသလို အားအင်ကိုလည်း ပေးပြန်ပါတယ်။  ဒါကြောင့် အအေးမိလွယ်သူတွေ၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်သူတွေအတွက် နေ့စဉ် စားသုံးပေးမယ်ဆိုရင် အ ထောက်အကူအများကြီး ဖြစ်စေသလို Fiber ဓာတ် များစွာ ပါဝင်လို့ အစာချေမှုကို ကောင်းစေတာမို့ ဝမ်းချုပ် လွယ်သူတွေအတွက်လည်း သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။

စျေးသက်သာပြီး ဈေးကွက်ထဲ အလွယ်တကူ ဝယ်လို့ရတဲ့ မာလကာသီးအခွံဟာ ကျန်းမာရေးအတွက် အဖိုးတန်ဆုံးအပိုင်းဖြစ်ပြီး အတွင်းသားထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (၁၀) ဆလောက် ပိုပြီး ပါဝင်ပါတယ်။ ဒါကြောင့် စားတဲ့အခါ သန့်စင်တဲ့ရေနဲ့ သေချာဆေးကြောပြီး အခွံမခွာဘဲ စားသုံးသင့်ပါတယ်။ နောက်ပြီး ဆီးချိုသမားတွေနဲ့ သင့်တော်ပြီး Glycemic Index (GI) နိမ့်တာမို့ သွေးတွင်း သကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မရှိတာမို့  အန္တရာယ်ကင်းကင်းနဲ့ သွားရေစာအဖြစ်ပါ စားသုံးနိုင်တဲ့ အကောင်းဆုံး အသီးဖြစ်ပါတယ်။ ဇီးဖြူသီးကတော့ သဘာဝကပေးတဲ့ Superfood လို့တောင် ခေါ်လို့ရတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဇီးဖြူသီးကတော့ အသီးသေးပေမယ့် ဗိုက်တာမင် (စီ) ပမာဏက အရမ်းမြင့်မားပြီး ကိုယ်ခံအားကောင်းစေဖို့ အထူးကူညီပါတယ်။ ဇီးဖြူသီးလက်တဆုပ်စာဟာ ပြည်ပက ဝင်လာတဲ့ လိ‌မ္မော်သီး အလုံးနှစ်ဆယ်နဲ့ အာနိသင်တူပါတယ်။ မြန်မာ့ရိုးရာ ဆေးပညာမှာ ဇီးဖြူသီးကို သွေးသန့်စင်စေပြီး အားတတ်စေတဲ့ အသီးအဖြစ် အသုံးပြုလေ့ ရှိပြီး နည်းနည်းစားပေးရုံနဲ့ ခန္ဓာကိုယ်ရဲ့ ရောဂါပိုးကာကွယ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။

ဗိုက်တာမင် (စီ) နဲ့ Fiber ဓာတ်ကဲပြီး ရေဓာတ်များတဲ့ နောက်ထပ် အသီးအနှံတစ်ခုကတော့ ကျွဲကောသီးပါ။ ဒီဓာတ် နှစ်မျိုးလုံးဟာ ကိုယ်ခံအားနဲ့ အစာချေမှုစနစ် နှစ်ခုစလုံးအတွက် တကယ့်ကို ကောင်းမွန်ပြီး ပုံမှန်အစာစားပြီး ကျွဲကောသီး စားပေးရင် ဝမ်းဖောင်းတာ၊ အစာမကြေသလို ဖြစ်တာကိုပါ သက်သာစေပြန်ပါတယ်။ ပိုဓာတ်စီယမ်ဓာတ် ကြွယ်ဝပြီး ၈၉ ရာခိုင်နှုန်းဟာ ရေဓာတ်ဖြစ်သလို Glycemic Index (GI ၃၀) နိမ့်တာမျို့ သွေးထဲ သကြားဓာတ် မတက်ဘဲ ဗိုက်ပြည့်စေပြန်ပါတယ်။ ကျွဲကောသီးဟာ သွေးပေါင်ချိန်အတက်အကျကို ထိန်းညှိပေးတာမို့လည်း ကိုယ်အလေးချိန် ချလိုသူတွေအတွက် အကာင်းဆုံး သရေစာလည်း ဖြစ်နေပြန်ပါတယ်။ ဒါပေမဲ့ ကျွဲကောသီးဟာ စပျစ်သီးလိုပဲ တချို့သော ကိုလက်စထရောဆေး (စတက်တင်) နဲ့ သွေးပေါင်ကျဆေးတွေရဲ့ အာနိသင်ကို ထိခိုက်စေနိုင်တာမို့ ဒီလို ဆေးတွေ ပုံမှန်သောက်နေ ရသူဆိုရင် ကျွဲကောသီးကို ဗိုက်တာမင် (စီ) အလိုငှာ အများအပြား မစားခင်မှာတော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

#ဗိုက်တာမင်(စီ)

# Collagen

# Fiber

#သစ်သီး

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ