လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ

Published On: January 27th, 2026|Views: 160|

Selena 

လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုမှာ ဖေဖော်ဝါရီလကုန်ခန့်အထိ အအေးဆက်ပိုနိုင်ပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဂရုစိုက်ကြဖို့ မိုးလေဝသနဲ့ ရာသီဥတုကျွမ်းကျင်သူတွေ၊ ဆေးပညာ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာကစပြီး သိသိသာသာ အအေးပိုလာခဲ့သလို ဒေသအများအပြားမှာ အခင်နှစ်တွေကထက် ပိုအေးခဲ့ပါတယ်။ 

“လာနီညာကြောင့် အေးတာက ဖေဖော်ဝါရီလကုန်အထိ ရှိနိုင်တယ်။ မတ်လဆန်းကျမှ မိုးရွာနိုင်တယ်။ လက်ရှိကတော့ အအေးဆက် ပိုနိုင်တယ်။ လာနီညာက အားပျော့တဲ့ လာနီညာဆိုပေမယ့် မနှစ်ကထက် အအေးပိုနေပါတယ်” လို့ မိုးလေဝသနဲ့ ရာသီဥတုအရေး လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။ 

 

လာနီညာဆိုတာ

လာနီညာဆိုတာ အေးပြီး စိုစွတ်တဲ့ ရာသီဥတုဖြစ်စဉ် ဖြစ်ပါတယ်။ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် ထူးထူးခြားခြား အေးလာပြီး ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုဖြစ်စဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုအပေါ် သိသိသာသာ သက်ရောက်မှုရှိပြီး မြန်မာနိုင်ငံမှာလည်း လာနီညာသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒါကို အအေးလှိုင်းဖြတ်တာလို့ အများစုက နားလည်ကြပါတယ်။ 

လာနီညာဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလမှာ စတင်အသက်ဝင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ အားအနည်းငယ်ကောင်းတဲ့အဆင့်မှာ ရှိနေပါတယ်။ နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ် လာနီညာဖြစ်စဉ်ဟာ လာမယ့် မိုးဦးကာလဖြစ်တဲ့ မေလအထိ ဆက်လက်တည်ရှိနေနိုင်ပါတယ်လို့ ဆိုပါတယ်။ 

“အအေးပိုတဲ့ အခြေအနေကို သတိထားကြရမယ့် ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကျန်းမာရေးချို့တဲ့သူတွေအတွက်က ဂရုစိုက်ဖို့လိုတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

 

လာနီညာကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှု 

လာနီညာဖြစ်စဉ်ကြောင့် ဒီနှစ်ဆောင်းရာသီဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်အတွင်း အအေးဆုံးဖြစ်နေပြီး ဆောင်းတွင်းမှာလည်း အချိန်အခါမဲ့ မိုးရွာတတ်တဲ့အတွက်  အဆုတ်ရောင်၊ အဆုတ်ပွရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ အဖြစ်များနေသလို သွေးလွန်တုပ်ကွေးရောဂါတွေ ပိုဖြစ်စေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ 

“အေးတာက တော်တော်ဆိုးပါတယ်။ မနက်ဆို ၁၀ နာရီလောက်မှ နေ မြင်ရတဲ့ရက်တွေ ရှိတယ်။ ကျန်းမာရေးမကောင်းသူတွေ များလာတယ်။ ဆေးဝါးကတော့ လုံလောက်မှု မရှိဘူး။ ထုံးစံအတိုင်းပဲ” လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ နေတဲ့သူတစ်ဦးက ပြောပါတယ်။ 

ပုံမှန်အားဖြင့် ကျန်ဒေသတွေထက် အအေးပိုတဲ့ ချင်းပြည်နယ်မှာ ဇန်နဝါရီလဆန်းပိုင်းက အပူချိန် အနုတ် ၁ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့ပြီး ရေခဲတဲ့အထိ အေးခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း အအေးပိုခဲ့ပြီး လူကြီးတွေနဲ့ ကလေးငယ်တွေ သာမက လူလတ်ပိုင်းတွေမှာလည်း ဖျားနာသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ရာသီတုပ်ကွေးရောဂါတွေ ပိုဖြစ်နေပါတယ်။

“ကိုဗစ် ပြန်ဖြစ်သလိုကြီး။ စကားလည်းပြောလို့မရ၊ အသံလည်း မထွက်ဘူး။ လည်ချောင်းထဲ ပူပြီး ချောင်းပဲဆိုးနေတာ။ ကျွန်မတို့လို ကျန်းမာရေးဝန်ထမ်းတွေတောင် ဂရုစိုက်နေတဲ့ကြားက ဖြစ်နေတာ” လို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က သူနာပြုဆရာမတစ်ဦးက ဆိုပါတယ်။ 

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) ဟာ နှစ်စဉ် ဖြစ်ပွားတတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး သာမန်အားဖြင့် ၅ ရက်ကနေ ၇ ရက်အတွင်း ပြန်လည်သက်သာသွားလေ့ ရှိပါတယ်။ 

ပြင်းထန်လက္ခဏာဖြစ်တဲ့ အသက်ရှူရ ခက်ခဲတာ၊ အသက်ရှူ မဝသလို ဖြစ်တာ၊ အသက်ရှူနှုန်း အရမ်းမြန်နေတာ ဒါမှမဟုတ် အသက်ရှူရင် မောဟိုက်နေတာ၊ ရင်ဘတ်အောင့်တာ၊ ရင်ဘတ်ထဲ တင်းကျပ်နေတာ သို့မဟုတ် အသက်ရှူသွင်း/ရှူထုတ် လုပ်ရင်  နာကျင်တာ၊ ချောင်းဆိုးတဲ့အခါ သလိပ်ထဲ သွေးပါတာ ဒါမှမဟုတ် အဝါရောင်၊ အစိမ်းရောင် သလိပ်တွေ အလွန်အမင်း ထွက်လာခြင်း၊ အဖျားလုံးဝမကျခြင်း ဒါမှမဟုတ် အဖျား ပြန်ပြန်တက်နေတာ (အထူးသဖြင့် အဖျားကျသွားပြီးမှ ပြန်တက်လာတာ)၊ အဖျားကြီးပြီး တက်တာ၊  သတိလစ်တာ၊ ကလေးငယ်မှာဆို အသက်ရှူရင် ရင်ဘတ်ချိုင့်ဝင်သွားတာ (အသက်ရှူရ ခက်တာမို့ နံရိုးကြားတွေ ချိုင့်ဝင်တဲ့အထိ အားစိုက်ရှူနေရတာ)၊ အစာ သို့မဟုတ် ရေကို လုံးဝ မစားသောက်ခြင်းတို့ ဖြစ်လာရင်တော့ ဆေးရုံ၊ ဆေးခန်းတွေမှာ ချက်ချင်းပြသပြီး အရေးပေါ်ကုသမှု ခံယူဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထုတ် နိုင်ငံပိုင်သတင်းဌာနတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ 

 

အအေးဒဏ်ကို အဆိုးဆုံးခံနေရသူတွေ 

ပုံမှန်ထက် အအေးပိုနေတတ်တဲ့ ဒေသတွေမှာ အိုးအိမ်အတည်တကျ နေဖို့ ခက်ခဲသူတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ WFP Myanmar က မြန်မာနိုင်ငံက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေဟာ စားဝတ်နေရေးနဲ့ ကျန်း မာရေးဆိုင်ရာ ပြဿနာတွေ အဆိုးဝါးဆုံး ရင်ဆိုင်နေရတယ်လို့ သတိပေးထားပါတယ်။ 

“စစ်ဘေးရှောင်နေရတဲ့သူတွေက အမိုးအကာအောက်မှာ ရှိမနေဘဲ ကြုံသလို နေထိုင်ကြရပါတယ်။ ဒီနှစ်ဆောင်းရာသီက ပိုပြီးအေးတော့ ရောဂါတွေလည်း ပိုခံရပါတယ်။ အကူအညီတွေ ရချင်ပါတယ်” လို့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။ 

အခုအခြေအနေတွေထက် ပိုမဆိုးသွားအောင် နိုင်ငံတကာအနေနဲ့ ရန်ပုံငွေတွေနဲ့ သံတမန်ရေးရာ အကူ အညီတွေကို စဉ်ဆက်မပြတ် ပေးကြဖို့လည်း WFP Myanmarက တောင်းဆိုထားပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်ရှိ ၂၀၂၅ ခုနှစ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ၃ ဒသမ ၆ သန်း ရှိရာကနေ ၂၀၂၆ ခုနှစ်မှာ ၄ သန်းလောက်ထိ မြင့်တက်လာနိုင်ပါတယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်မှာ WFP Myanmarက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

လက်ရှိ ရာသီဥတုအခြေအနေအရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊  ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ည အပူအချိန် ကျဆင်းပြီး အအေးပိုနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ အမြင့်ပေ ၁၀,၀၀၀ မှ ၁၈,၀၀၀ အတွင်း (Anti-cyclonic wind flow) လက်ယာရစ်လေဝဲစီးကြောင်း ဖြစ်ပေါ်နေပြီး အနောက်-အနောက်မြောက်ဘက်အရပ်က လေအေးတွေ မြန်မာနိုင်ငံဘက်ကို တိုးဝင်နေတာမို့ ဒေသအများစုမှာ အအေးဆက်ပိုနိုင်သလို လာနီညာဖြစ်စဉ်ကိုလည်း ဆက်ပြီး သတိပြုနေထိုင်ကြဖို့  ဦးဝင်းနိုင်က သတိပေးပါတယ်။ 

“ဒီလိုသာ ဆက်အေးနေမယ်ဆို အကူအညီတွေ အမြန်ရဖို့ လိုတယ်။ အခုက လယ်တောမှာ အိပ်နေရတာ” လို့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့က နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ခန္ဓာကိုယ်အပူချိန်ကို ထိန်းနိုင်ဖို့

နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူတွေဟာ လာနီညာကြောင့် အအေးပိုတဲ့ဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။ လာနီညာကြောင့် အအေးဒဏ်နဲ့ ရောဂါဘယတွေကနေ ကာကွယ်နိုင်ဖို့ဆိုရင် လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေက ကျွမ်းကျင်သူတွေက အခုလို အကြံပြုပါတယ်။  

အနွေးထည်လို အထူကြီး တစ်ထည်တည်း ဝတ်မယ့်အစား အင်္ကျီပါးပါးကို အလွှာလိုက် ဝတ်ဖို့၊ အပြင်ထွက်ရင် ဦးထုပ်၊ ခြေအိတ်နဲ့ လက်အိတ်တွေကို မဖြစ်မနေ ဝတ်ဆင်ဖို့နဲ့ ညဘက်အိပ်တဲ့အခါ အအေးဒဏ်ကြောင့် အဆုတ်အအေးမပတ်စေဖို့ စောင်အထူ ဒါမှမဟုတ် အလွှာလိုက်ခြုံပြီး အိပ်ဖို့ တိုက်တွန်းပါတယ်။ စား‌သောက်မှုပုံစံအတွက်  ရေနွေးနဲ့ ဟင်းချိုနွေးနွေး သောက်ပေးဖို့၊ ရာသီတုပ်ကွေးကို ခုခံနိုင်စွမ်းရှိဖို့ အားရှိစေမယ့် အစားအစာတွေကို စားပေးဖို့လည်း လိုအပ်ပါတယ်။ ရာသီတုပ်ကွေးလက္ခဏာကြောင့် လည်ချောင်းနာရင် ချင်းပြုတ်ရည်ထဲ ပျားရည်အနည်းငယ် ထည့်သောက်တာကလည်း  လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းကို သက်သာစေသလို ခန္ဓာကိုယ်ကိုလည်း နွေးစေတယ်လို့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောပါတယ်။ 

အအေးဆုံးအချိန်ဖြစ်တဲ့ မနက်စောစောနဲ့ ညနေပိုင်းတွေမှာ အပြင်ထွက်တာကို တတ်နိုင်သမျှ ရှောင်ပြီး အပြင် ထွက်ရမယ်ဆိုရင် နှာခေါင်းစည်း (Mask) တပ်ဖို့လည်း အကြံပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ပေးခြင်းက သွေးလည်ပတ်မှု ကောင်းစေပြီး ခန္ဓာကိုယ်ကို နွေးထွေးစေတယ်လို့ ဆိုပါတယ်။ အအေးဒဏ်ကြောင့် မီးဖိုဘေးမှာ ကပ်နေတာ၊ မီးလှုံတာတွေ လုပ်တဲ့အခါ မီးဘေးအန္တရာယ် မဖြစ်အောင် ဂရုစိုက်ဖို့နဲ့  အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ မီးဘေးအထူး သတိပြုဖို့လည်း အကြံပြုပါတယ်။ 

 

#လာနီညာ

#ရာသီတုပ်ကွေး

#ချောင်းဆိုး

#WFP-Myanmar

 

ဒီအကြောင်းအရာကို မျှဝေပါ