အပ်စိုက်ကုဖို့ စဉ်းစား ကြည့်ဖူးသလား?

Published On: January 28th, 2026|Views: 170|

ဇလပ်

ဒီကနေ့ခေတ် ကမ္ဘာကြီးမှာ အနောက်တိုင်းဆေးပညာနဲ့အတူ တိုင်းရင်းဆေးပညာရပ်တွေကို အစားထိုးကုထုံးအဖြစ် ထည့်သွင်း အသုံးပြုလာရာမှာ အပ်စိုက်ကုထုံး (Acupuncture) ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အပ်စိုက်ကုထုံးဆိုတာ ရှေးဟောင်း တရုတ်တိုင်းရင်းဆေးပညာရပ်ကနေ ဆင်းသက်လာတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အချက်အချာကျတဲ့ နေရာတွေကို အလွန်သေးငယ်တဲ့ စတီးအပ်တွေနဲ့ လှုံ့ဆော်ပြီး ရောဂါဝေဒနာတွေ သက်သာအောင် ကုသပေးတဲ့ နည်းလမ်းပါ။ ဆေးသုတေသန စာတမ်းတွေအရလည်း ဒီ အပ်စိုက်ကုထုံးဟာ ထိရောက်မှုရှိတယ်ဆိုတာကို ခေတ်သစ် သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ပြီး အတည်ပြုထားပြီး ဖြစ်ပါတယ်။ သုတေသနစာတမ်းတွေအရ အပ်စိုက်ကုထုံးဟာ ခါးနာ၊ ဇက်နာ၊ ဒူးနာတာလိုမျိုး နာတာရှည် နာကျင်ကိုက်ခဲတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ အမျိုးသမီးတွေ ရာသီသွေးလာစဉ် ကိုက်ခဲတာတို့အတွက် တကယ်ကို ထိရောက်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်လို့ ကုသတဲ့အခါမှာ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အမျိုးသမီး သွေးဆုံးကိုင်ဝေဒနာကုသမှုတွေမှာလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အပ်စိုက်ကုထုံးဟာ စနစ်ကျတဲ့ တိုင်းရင်းဆေးပညာရပ်တစ်ခု ဖြစ်တယ်ဆိုတာ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၁၉၇၉ ခုနှစ်ကတည်းက ကြေညာခဲ့ပြီး ရောဂါအမျိုးအစားပေါင်း ၁၀၀ ကျော်အတွက် ထိရောက်တဲ့ ကုထုံးဖြစ်တယ်လို့ အသိအမှတ်ပြုထားပါတယ်။ ၂၀၁၉ ခုနှစ်က ဆိုရင် WHO ရဲ့ Internaitonal Classification of Disease (ICD-11) မှာ တိုင်းရင်းဆေးပညာ (Traditional Medicine) ကို ပထမဆုံးအကြိမ် ထည့်သွင်းရာမှာလည်း အပ်စိုက်ကုထုံးဟာ အရေးကြီး တဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။ 

ဆေးဘက်ဆိုင်ရာ သုတေသနတွေအရ အပ်စိုက်ကုထုံးဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ကုသနည်းတစ်မျိုးဖြစ်ပြီး နာကျင်မှုကို သဘာဝအတိုင်း သက်သာစေတဲ့ Endorphins နဲ့ Adenosine လိုမျိုး ဓာတ်ပစ္စည်းတွေကို ထွက်ပေါ်လာစေပါတယ်။ လက်ရှိ အနောက်တိုင်းဆေးပညာ မှာ ရှေ့တန်းရောက်နေတဲ့ အမေရိကန်နဲ့ ဥရောပတို့က နာမည်ကြီးဆေးရုံကြီးတွေ ဖြစ်တဲ့ Mayo Clinic နဲ့ Cleveland Clinic တို့မှာဆိုရင် နာတာရှည် နာကျင်မှုဝေဒနာရှင်တွေအတွဥ် အနောက်တိုင်းဆေးဝါး တွေအပြင် အပ်စိုက်ကုထုံးနဲ့ တွဲဖက်ကုသပေးတဲ့ Intergrative Medicine နည်းစနစ်ကို ကျင့်သုံးနေပြီး ဖြစ်ပါတယ်။ 

 

မြန်မာနဲ့ အပ်စိုက်ကုထုံး 

မြန်မာနိုင်ငံမှာ အပ်စိုက်ကုထုံးဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက တရုတ်-မြန်မာ ဆေးပညာ နှီးနှောဖလှယ်မှုတွေကတဆင့် ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးဦးစီးဌာနက တရုတ်နိုင်ငံကို ပညာရှင်တွေကို စေလွှတ်သင်ယူစေခဲ့သလို ၂၀၀၁ ခုနှစ်က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဖွင့်လှစ်တဲ့အခါမှာလည်း အပ်စိုက်ကုထုံးကို ဘာသာရပ်တစ်ခုအနေနဲ့ကို တရားဝင် ထည့် သွင်းသင်ကြားပေးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ခုတင် ၁၀၀ ကနေ ၁၆ ခုတင်ဆံ့တဲ့ တိုင်းရင်းဆေးရုံ ပေါင်း ၄၉ ရုံအထိ ရှိပါတယ်။ ၂၀၂၄ ခုနှစ်က လုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းရဲ့ တိုင်းရင်းဆေးဖိုရမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့အပြင် နန်ချန်းတိုင်းရင်းဆေးရုံကို သွားရောက်ပြီး တရုတ်တိုင်းရင်းဆေး ကုထုံးဖြစ်တဲ့ အပ်စိုက်ကုထုံး၊ အပူကုထုံး၊ အနှိပ်ကုထုံးတွေကို ခေတ်မီစက်ကိရိယာသုံးပြီး ကုသပေးမှုတွေကို သွားရောက်လေ့လာတာတွေလည်း ဆက်တိုက်လုပ်ခဲ့ပါတယ်။  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ အဲဒီ တိုင်းရင်းဆေးရုံတွေမှာ ၂၀၂၃-၂၀၂၄ ခုနှစ်က ကုသမှုပေးရတဲ့ ရောဂါတွေမှာ ICD Code – M13 ဖြစ်တဲ့ အဆစ်ရောင်ရောဂါ / ဒူးနာ / ဇက်နာ / ခါးနာ / အရိုးအဆစ်ရောဂါ ကုသပေးရမှုက စုစုပေါင်း ကုသပေးရမှုရဲ့ ၂၂ ဒသမ ၃၅ အထိ ရှိပါတယ်။ M13 အုပ်စုဝင် ရောဂါ ကုသရမှုဟာ ၂၀၂၄ – ၂၀၂၅ ခုနှစ်မှာဆိုရင် စုစုပေါင်း ကုသပေးရမှုရဲ့ ၂၃ ဒသမ ၅၂ ရာခိုင်နှုန်းအထိ တက်လာပါတယ်။ နာတာရှည်ကိုက်ခဲတဲ့ ဝေဒနာထဲမှာ ပါတဲ့ အကြောတက်အကိုက်ခဲရောဂါ၊ အရိုးကျီးပေါင်း၊ ထုံနာ/ကျဉ်နာ၊ လက်ကပ်နာတွေဟာလည်း ကုသမှုပေးခဲ့ရတဲ့ ရောဂါတွေထဲမှာ ၁ ကနေ ၁၀ အတွင်း ဝင်ပါတယ်။ အပ်စိုက်နည်းနဲ့ ကုသမယ်ဆိုရင် အပ်စိုက်ပညာရှင် တိုင်းရင်းဆေးသမားတော် (Traditional Practitioner, Acupuncturist) က အရင်ဆုံး စမ်းသပ်စစ်ဆေးပြီးမှသာ ကုသပေးတာပါ။ တစ်ခါ အပ်စိုက်ကုရင် ကုသချိန်ဟာ နာရီဝက်ခန့် ကြာမြင့်ပြီး အဲဒီနောက်မှ ကျန်တဲ့ ကုသမှုနည်းနာတွေ သုံးပြီး ကုသမှုကို ဆက်ပေးတာပါ။ 

“အပ်စိုက်တာက သွေးကြောထဲမှာ ပိတ်နေတဲ့ အောက်ဆီဂျင် မပြည့်ဝတာတွေကို ရှင်းပေးတယ်။ ကပ်ကျန်တာတွေကိုတော့ Cupping (လေစုပ်ကုထုံး) ကနေ သွေးကို စုပ်ထုတ်ပြီး ရှင်းပေးတာပေါ့။ နားလည်အောင် ပြောရရင် ရေမြောင်းထဲ ပိတ်နေတဲ့အမှိုက်ကို ရှင်းသလိုပဲ” လို့ ဆရာမကြီး ဒေါ်ခင်သစ်မော်က ရှင်းပြပါတယ်။ ဆရာမကြီးဟာ Dip in Acupuncture (Yunnan, China) က Acupuncturist လက် မှတ် ရရှိထားတဲ့ တိုင်းရင်းဆေးသမားတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာမကြီးဟာ အသက် ၂၀ အရွယ်လောက်ကတည်းက ဒီပညာရပ်ကို စတင်ဆည်းပူးခဲ့တာဖြစ်သလို ယူနန် ဝါရင့် တရုတ်တိုင်းရင်း သမားတော်ကြီးတွေစီမှာ သုံးနှစ်တိုင်တိုင် စာတွေ့၊ လက်တွေ့ သင်ယူခဲ့ရပါတယ်။ သင်ယူပြီးတဲ့နောက် ဆရာဖြစ်သူရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ အချိန်ကာလတစ်ခုကြာအောင် လက်တွေ့ကုသမှုပေးတဲ့ နည်းစနစ်တွေကို ထပ်ပြီး လေ့လာပြီးမှ သီးခြားခွဲထွက်ပြီး ကုသခွင့်ရခဲ့သူပါ။ အခုဆိုရင် ဆရာမကြီးဟာ အပ်စိုက်ကုသသူ ဝါရင့်သမားတော် (Acupuncturist) အဖြစ် ရန်ကုန်မြို့ထဲမှာပဲ အနှစ် ၄၀ ကျော်တိုင် ဆေးခန်းဖွင့်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာမကြီးဟာ အပ်စိုက်ကု ထုံးနဲ့ လေစုပ်ခွက်ကုထုံး (Cupping) နှစ်မျိုးကို ပေါင်းစပ်ပြီး ကုသပေးလေ့ ရှိပြီး အရိုးအဆစ်ရောင် ရမ်းနာ (Arthritis)၊ လေဖြတ်ခြင်း (Stroke)၊ လေငန်းရောဂါ (Paralysis)၊ အရိုးကျီးပေါင်းတက်ခြင်း (Spondylosis)၊ ခါးနာခြင်း (Lower Back Pain)၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)၊ ပါးရွဲ့ခြင်း (Bell’s Palsy) နှင့် အာရုံကြောအားနည်းခြင်း (Neuropathy) စတဲ့ ဝေဒနာရှင်တွေအတွက် အဓိကထား ကုသပေးပါတယ်။ လေစုပ်ခွက်သုံးပြီး သွေးပုပ်ထုတ်တဲ့ (Wet Cupping) နည်းလမ်းကတော့ ခန္ဓာ ကိုယ်ထဲက အဆိပ်အတောက်နဲ့ သွေးပုပ်တွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းဖြစ်ပြီး ကိုယ်တွင်း သွေးလှည့်ပတ်မှုကို သိသိသာသာ ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုပါ။ 

“လေစုပ်ခွက်သုံးတဲ့နည်းလမ်း (Cupping) က နှစ်မျိုး ရှိတယ်။ Dry Cupping က သွေးမထွက်ဘူး၊ Wet Cupping က သွေးကို ဖောက်ပြီး ညှစ်ထုတ်ပေးတဲ့နည်းပေါ့။ အဲဒီနည်းက ပိုမြန်မြန်သက်သာတယ်” လို့ ဆရာမကြီးက ရှင်းပြပါတယ်။ အပ်စိုက်ကုထုံးဟာ ခန္ဓာကိုယ်ထဲက အပ်ထိုးသွင်းပြီး ကုသရတဲ့ နည်းလမ်းဖြစ်လို့ တစုံတရာ သောရောဂါပိုးတွေ ကူးစက်မှုမရှိအောင် စနစ်တကျနဲ့ သုံးစွဲတဲ့ ကိရိယာတွေ သန့်ရှင်းရေးဟာ အထူးအရေးကြီးပါတယ်။ ဒါကြောင့် အပ်စိုက်ကုတော့မယ်ဆိုရင် တခါသုံး အပ် (Sterile single-use needle) ကိုပဲ အသုံးပြုရလေ့ ရှိပါတယ်။ 

တိုင်းရင်းဆေးတက္ကသိုလ်ဆင်းလည်း ဖြစ် တိုင်းရင်းဆေးပညာရှင်လည်း ဖြစ်သူ ဒေါ်မီမီသန်းထွဋ် (B.M.T.M) က “အပ်စိုက်ကုထုံးအပေါ် လူတွေ အမြင်မှားလေ့ရှိတာက ဆေးထိုးအပ်နဲ့ စိုက်တယ်လို့ထင်ပြီး နာမှာ ကြောက်ကြတာပါ။ တကယ်တော့ Acupuncture needle ဆိုတာ သီးသန့်ရှိပြီး ဆံပင်ချည်လောက်ပဲ သေးငယ်တဲ့ အပ်လေးတွေဆိုတာ မသိကြဘူး။ နောက်ပြီး အခု အပ်စိုက် အခုယူပစ်သလို ချက်ချင်းပျောက်မယ်လို့ ထင်နေတတ်ကြတယ်။ ကိုယ်တွင်းက သဘာဝဓာတ်ကို လှုံ့ဆော်ပြီး ကုရတဲ့ ကုထုံးဖြစ်လို့ အချိန်ယူပြီး ပျောက်အောင် ကုရတယ်ဆိုတာ သိပ်နားမလည်ကြဘူး” လို့ အပ်စိုက်ကုထုံးနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ 

အပ်စိုက်ကုထုံးနဲ့ ကုသတဲ့အခါ ရလဒ်ကောင်းတွေ ရဖို့ဆိုရင် ကုထုံးနည်းကို စနစ်တကျ သင်ယူတတ်မြောက်ထားတဲ့ ကျွမ်းကျင်ဆေးပညာရှင်တွေနဲ့ ကုသမှု ခံနိုင်ရေးဟာ အရေးကြီးပါတယ်။ အပ်စိုက်ကုထုံးဟာ ဘေးကင်းပေမယ့်လည်း ကုသပြီးစအချိန်မှာဆို အပ်စိုက်ထားတဲ့ နေရာတွေက နာကျင်တာ (Soreness) နဲ့ သွေးခြေဥတာ (Bruising) လိုမျိုးတွေ အနည်းငယ် ဖြစ်တတ်ပေမယ့် အချိန် ခဏအတွင်းမှာ ပြန်ပြီး သက်သာသွားလေ့ ရှိပါတယ်။ နောက်ပြီး ကုသမှု ခံယူမယ့်သူက ပင်ပန်းနွမ်းနယ်နေချိန်၊ ဒါမှမဟုတ် ဗိုက်ထဲ အစာမရှိလို့ ဆာနေချိန်တွေမှာ အပ်စိုက်ကုသမှု ခံမိရင် ခေါင်းမူးတာမျိုးတွေ ဖြစ်တတ်လို့ မကုသမီ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ 

ဒေါ်မီမီသန်းထွဋ် (B.M.T.M) က “ဘေးထွက်ဆိုးကျိုးရယ်လို့ မဟုတ်ဘဲ အပ်စိုက်ကုပြီးရင် အပ်ရာကျန်ခဲ့တဲ့နေရာကို ပိုးမဝင်အောင် (Infection control) သေချာ ဂရုစိုက်တယ်။ လေစုပ်ခွက်ကြောင့် အရေပြားပေါ် အကွက်တွေကျန်ခဲ့တာ ချက်ချင်း မပျောက်လို့ စိုးရိမ်ကြလို့ တစ်ပတ်လောက်အထိကြာတယ်လို့ သေချာရှင်းပြရတယ်။ အခုနောက်ပိုင်းမှာ စနစ်တကျ သင်ထားသူတွေ မဟုတ်ဘဲနဲ့ ဆေးထိုးအပ် (Hypodermic Needle) ထဲကို ဘာမှန်းမသိတဲ့ အရည်တွေကို ‘ဆေးပေါင်းရည်’ ဆိုပြီး ထည့်ပြီး ထိုးသွင်းကုသနေတာတွေ ရှိနေကြတယ်။ ဒါဟာ တကယ့် အပ်စိုက်ပညာလည်း မဟုတ်သလို ကျွမ်းကျင်တဲ့ Professional လည်း မဟုတ်ကြတဲ့အတွက် အန္တရာယ် အရမ်းများတဲ့အပြင် အပ်စိုက်ကုထုံးအပေါ် အမြင်တွေလွဲ၊ အယူအဆတွေ မှားကုန်ကြရတာပဲ” လို့ ရှင်းပြပါတယ်။ 

အရင်က အပ်စိုက်ကုထုံးဟာ သမားရိုးကျပုံစံကိုသာ သုံးခဲ့ရတာပါ။ ဒါပေမဲ့လည်း တိုင်းရင်းဆေးပညာနဲ့ ကုသရေးပိုင်း ပိုမိုခေတ်မီလာတဲ့နည်းတူ ကုသရေးသုံး ပစ္စည်းကိရိယာပိုင်းမှာလည်း ပိုမို ကောင်းမွန်တဲ့ ပစ္စည်းတွေကို အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။ 

“အမေတို့ခေတ်က အသုံးအဆောင် (Equipment) တွေဆိုရင် ရှားပါးပြီး ခေတ်မမီသေးဘူး။ အရင်က လေစုပ်ခွက်ဆိုရင် ဖလင်ဘူးခွံနဲ့ လုပ်ရတာမို့ သေးသေးလေးတွေပဲ ရှိတာ။ အခုကျတော့ ဖန်လေစုပ်ခွက်တွေနဲ့ ကိရိယာတွေ ပြည့်စုံလာပြီ။ အပ်စိုက်တဲ့နေရာမှာ သုံးတဲ့ လျှပ်စစ်လွှတ်စက် (Electro acupuncture device) ဆိုရင်လည်း အရင်ထက် ပိုကောင်းတဲ့ ပစ္စည်းတွေ ပေါ်လာပါတယ်” လို့  ဆရာမကြီး ဒေါ်ခင်သစ်မော်က ရှင်းပြပါတယ်။ 

ဝါရင့်တိုင်းရင်းသမားတော်ကြီး ဆရာမကြီး ဒေါ်ခင်သစ်မော်နဲ့ တိုင်းရင်းဆေးပညာရှင် ဒေါ်မီမီသန်းထွဋ်တို့ဟာ သားအမိတော်စပ်သူတွေ ဖြစ်ပြီး မိခင်ကနေ သမီးဖြစ်သူကို လက်ဆင့်ကမ်းအမွေ ကမ်းပေးထားတာ ဖြစ်သလို “မိဘမေတ္တာ” နာမည်နဲ့ တိုင်းရင်းဆေးခန်းကို အမှတ် (၁၅၃) လမ်း၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ပြီး အပ်စိုက်ကုဖို့ လိုအပ်သူတွေအတွက် ဝန်ဆောင်မှုပေးနေပါတယ်။ ဆရာမကြီးဟာ ဆေးခန်းစဖွင့်ချိန်က အပ်စိုက်ကုထုံးနဲ့ပတ်သက်ပြီး မိသားစုအတွင်းထဲမှာတောင် ယုံကြည်မှု အား နည်းခဲ့တာတွေကို အခုလို ပြန်ပြောပြပါတယ်။ 

“ကျွန်မ ရန်ကုန်မှာ ဆေးခန်း စဖွင့်ပြီး နှစ်နှစ်လောက်မှာ ဧရာဝတီတိုင်းက လူနာတစ်ယောက်ဆိုရင် ထမ်းစင်ကြီးနဲ့ ရောက်ချလာတာ။ အိမ်သားတွေက လူနာက ရောဂါပြင်းတော့ ကုလို့ရပါ့မလား၊ တော်ကြာ နာမည်ပျက်နေမယ်ဆိုပြီး စိတ်ပူကြတယ်။ ကျွန်မကတော့ လူနာရောဂါ အခြေအနေကို အရင် စမ်းသပ်ကြည့်ပြီးမှ လက်ခံမယ်လို့ ဆိုပြီး သူ့ကို စမ်းသပ် ကြည့်လိုက်တယ်။ စမ်းသပ်ပြီးတော့ လူနာကို ကျမ (၃) ရက် ကုမယ်၊ တကယ်လို့ ရောဂါက မသက်သာဘူးဆိုရင် ကျွန်မမ ဆက်မကုဘူး၊ လက်ခံမလားလို့ လူနာနဲ့ လူနာရှင်ကို မေးလိုက်တယ်။ သူတို့က ကုပေးပါ၊ အပ်စိုက်ကုတာကို သူတို့ယုံကြည်လို့ ဒီအထိ လာခဲ့တာပါဆိုပြီး သဘောတူတယ်။ စစချင်း သူ့ကို အပ်စိုက်တော့ မခံနိုင်အောင် တွန့်လိမ်နေလို့ ဖြေးဖြေးချင်း အပ်ကို လက်နဲ့လှည့်ပြီး ကုပေးရတယ်။ ၂ ရက်မြောက်မှာ သူ ထမင်းကို စောင်းပြီး စားနိုင်တယ်၊ အိပ်ပျော်လာတယ်။ ကျွန်မရဲ့ ပညာအပေါ် အထင်လည်း မကြီးကြသေးတော့ အိမ်သားတွေက ဒီလောက်ပဲထားလိုက်တော့၊ ဆက်မကုပေးနဲ့တော့ဆိုပြီး  စိုးရိမ်ပြီး တားကြပေါ့။ ကျွန်မကလည်း လက်မလျှော့ဘဲ သူ့ကို ဝမ်းနုတ်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေ ဆက်လုပ်ခိုင်းပြီး (၃) ရက်မြောက်နေ့ကို ပြန်လာခိုင်းတယ်။ အဲဒီမှာ အံ့ဩဖို့ကောင်းတာက တတိယမြောက်နေ့မှာ သူက ကွမ်းသီးတင်တဲ့ကားကြီးပေါ်ကနေ သူ့ဘာသာ ဆင်းလာပြီး ကျွန်မ ဆေးခန်းကို ဝင်လာတယ်။ လူနာကို ကျွန်မ ချက်ချင်း မမှတ်မိဘဲ ထိုင်ဆိုပြီး ထိုင်ခိုင်းတော့မှ သူ ဖြစ်နေတာ။ အဲဒီနောက်ပိုင်း ဘယ်လူနာကို ဘယ်အချိန် ကုကု သူတို့ ဘာမှမပြောတော့ဘူး” လို့ ဆရာမကြီး ဒေါ်ခင်သစ်မော်က အမှတ်တရနဲ့ ပြန် ပြောပြပါတယ်။ 

မိဘဆီက ရထားတဲ့ တိုင်းရင်းဆေးပညာအမွေတွေကို ထပ်ဆင့်တိုးတက်အောင် ကြိုးပမ်းလိုတာကြောင့် နိုင်ငံတကာ တိုင်းရင်းဆေးဆိုင်ရာ ပညာရပ်များကို ဆက်လက်သင်ယူနေကြောင်းနဲ့ တိုင်းရင်းဆေးလောကတိုးတက်ဖို့ ရည်မှန်းချက်ထားတာကိုလည်း ဆရာမ ဒေါ်မီမီသန်းထွဋ်က “ကျွန်မ ကတော့ မြန်မာပြည်မှာ တိုင်းရင်းဆေးကို အထူးပြု (Specialization) တစ်ခုစီအထိ ကုပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်စေချင်တာ။ အသည်း၊ နှလုံး၊ ကျောက်ကပ် စသဖြင့် ရောဂါအလိုက် အထူးပြုဘာသာရပ်တွေနဲ့ ကုပေးနိုင်တဲ့အထိ သွားချင်တာပါ” လို့ ဆိုပါတယ်။ 

မြန်မာ့တိုင်းရင်းဆေးပညာဟာ ခေတ်အဆက်ဆက် လူသားတို့ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့တဲ့ အဖိုးတန်ရတနာတစ်ခုဆိုရင် မမှားပါဘူး။ သို့သော် တိုင်းရင်းဆေးပညာရဲ့ စစ်မှန်တဲ့ အကျိုး ကျေးဇူးကို ရဖို့ဆိုရင် တိုင်းရင်းဆေးပညာရပ်ကို တကယ်ပဲ ကျွမ်းကျင်တဲ့ သမားတော်ပညာရှင်တွေဆီမှာ ကုသမှု ခံယူနိုင်ရေးကလည်း အရေးကြီးပါတယ်။ အပ်စိုက်ကုထုံးဟာ တခြားသော ကုထုံးတွေလိုပဲ လူတိုင်းနဲ့ မသင့်တော်ပါဘူး။ ဥပမာအားဖြင့် “အရိုးမှာ စတီးရိုး (Surgical Steel) ဆက်ထားတဲ့လူတွေ၊ နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ထည့်ထားသူတွေ အပ်စိုက်ကုလို့ မရဘူး။ Parkinson’s disease (တုန်သောရောဂါ) ရှိသူတွေကိုကျတော့ သေချာ စစ်ဆေးပြီးမှ ကုရတယ်၊ မဟုတ်ရင် ပိုဆိုးသွားတတ်တယ်” လို့ ဆရာမကြီး ဒေါ်ခင်သစ်မော်က သတိပေးစကား ပြောပါတယ်။ 

#အပ်စိုက်ကုထုံး

#တရုတ်တိုင်းရင်းဆေး

#အဆိပ်ထုတ်

# needle

ဒီအကြောင်းအရာကို မျှဝေပါ