ကိုယ်သောက်ရမယ့်ဆေးဝါးကိုတစ်ကယ်သိရဲ့လား

Published On: February 1st, 2026|Views: 158|

(Wor Mi Thi ရေးသားသည်)

ဆရာဝန်က ဆေးတစ်ခုကို ညွှန်းလိုက်တဲ့အခါ ဆေးမှားဝယ်လာတယ်လို့ ပြန်ပြောတာ ကြုံဖူးပါသလား? ဆေးတစ်ခုကို သောက်ဖို့ညွှန်းလိုက်တဲ့အခါ ဆေးတူတာပဲရှိတယ်လို့ ဆေးဆိုင်ကပြောတာ ကြုံဖူးပါသလား? ကိုယ်သောက်နေကြဆေးနဲ့ မတူတာကို ဝယ်လိုက်ရတဲ့အခါ သောက်ဖို့ စိတ်မချ ဖြစ်ဖူးပါသလား? 

ဆေးတွင်ပါဝင်သောပါဝင်ပစ္စည်းများ

ဆေးဝါးတွေဟာ တန်ရင်ဆေးဖြစ်ပြီး လွန်ရင်တော့ဘေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းမတူတဲ့ ဆေးဝါးတွေက သုံးရတဲ့အခြေအနေချင်းလဲ မတူသလို အာနိသင်ချင်းလဲ မတူညီနိုင်ပါဘူး။ လူအတော်များများ အလွယ်ဝယ်သောက်နေကြတဲ့ တုပ်ကွေးဆေးတွေမှာတောင် ပါရာစီတမောသီးသန့်ပါတဲ့ဆေးဝါး ရှိသလို နှာစေးပျောက်ဆေးပါတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေးပါ ပါဝင်တဲ့ဆေးဆိုပြီး ကွဲပြားနိုင်ပါတယ်။ အဲ့ဒီတော့ ဆေးဝါးတစ်ခုကို သုံးစွဲတော့မယ်ဆိုရင် အဲ့ဒီဆေးဝါးဟာ ကိုယ်အသုံးပြုရမယ့်ဆေးဝါး သေချာသလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ 

ဆေးဝါးတစ်ခုကို ဝယ်တဲ့အခါ အရင်ဆုံး ဆေးအမည်ကို ကြည့်ပါ။ ဆေးဘူးပေါ်မှာ စာလုံးခပ်ကြီးကြီးနဲ့ ထင်သာမြင်သာရှိအောင် ဖော်ပြထားတာက ဆေးကုမ္ပဏီကပေးတဲ့ ကုန်ပစ္စည်းတံဆိပ် (Brand name) ပါ  (ဥပမာ- Biogesic)။ အဲ့နာမည်ရဲ့အောက်နားမှာ ဆေးရဲ့အမှန်တစ်ကယ်ပါဝင်ပစ္စည်းအမည်ကို တွေ့ရပါလိမ့်မယ် (ဥပမာ- Paracetamol)။ ဆေးတွေဟာ တံဆိပ်မတူပေမယ့် ပါဝင်ပစ္စည်း တူညီနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်သောက်နေကြ ကုန်ပစ္စည်းအမှတ်တံဆိပ်မရှိတဲ့အခါ တူညီတဲ့ ပါဝင်ပစ္စည်းပါဝင်နေတဲ့ ဆေးဝါးကို ဝယ်ယူ သောက်သုံးနိုင်ပါတယ်။ 

ပြီးရင်တော့ ပါဝင်တဲ့ဆေးဝါးပမာဏကို ကြည့်ပါ (ဥပမာ- each 5 ml contains paracetamol 125 mg၊ each tablet contains paracetamol 500mg၊ Metformin 500 mg) ။  ပါဝင်တဲ့ပမာဏနဲ့ ပါဝင်ပစ္စည်း အကြမ်းအားဖြင့်တူပေမယ့် ပါဝင်တဲ့အခြေအနေပေါ်မူတည်ပြီး အသေးစိတ် အလုပ်လုပ်ပုံ အာနိသင်သက်ရောက်ပုံ အနည်းငယ် ကွဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုဝေဒနာသည်တွေမှာ ညွှန်ကြားလေ့ရှိတဲ့ မက်ဖော်မင် (Metformin) ဆေးဝါးမှာဆိုရင် ဆေးပမာဏကို ပုံမှန်အတိုင်း ထုတ်လွှတ်ပေးတဲ့ ပုံမှန် Metformin ဆိုတာရှိပြီး ‌ဆေးပမာဏကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးတဲ့ Metformin XR ဆိုတာ ရှိပါတယ်။ အဲ့ဒီတော့ ကိုယ်သောက်ရမယ့်ဆေးက ရိုးရိုး Metformin လား၊ Metformin XR လားဆိုတာမျိုးကိုလဲ သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။ 

 စစ်ဆေးသင့်သောအချက်များ

စစ်ဆေးသင့်သောအချက်များ

ထပ်ပြီးစစ်ဆေးသင့်တာက သက်တမ်းကုန်ဆုံးရက်ပဲ ဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးတဲ့ဆေးဝါးတွေဟာ အာနိသင်တွေ ကုန်ဆုံးနေနိုင်ပါတယ်။ ဆေးဝါးတွေကို သိုလှောင် ဖြန့်ဖြူးတဲ့ စနစ်မှာ မှန်မှန်ကန်ကန် စနစ်တကျ မလုပ်ခဲ့ရင် အချို့ဆေးဝါးတွေဟာ သက်တမ်းမကုန်ခင်ကတည်းက အာနိသင် မဲ့နေနိုင်ပါတယ်။ ဒါကြောင့် ဆေးကဒ်တွေမှာ ပေါက်ပြဲနေတာ၊ ဆေးလုံးတွေ အရောင်ပြောင်းနေတာ၊ ဆေးအရည်ဘူးတွေပွင့်နေတာ၊ ဆေးဝါးတွေကို နေပူထဲ သိုလှောင်ထားတာမျိုးဆိုရင်တော့ သက်တမ်းမကုန်ရင်သေးရင်တောင် မဝယ်သင့်သလို သုံးလဲမသုံးသင့်ပါဘူး။ 

မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ထူးခြားတာတစ်ခုက ဆေးဝါးအတု ပြဿနာပါ။ လိုင်းဆေးလို့ခေါ်တဲ့ မြန်မာမှာ မှတ်ပုံမတင်ထားတဲ့ဆေးဝါးတွေဟာ စဉ်းစားကြည့်မယ်ဆိုရင် အရည်အသွေးပိုင်း၊ သယ်ယူဖြန့်ဖြူးရေးအပိုင်းမှာ စိတ်ချလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဆေးဝါးဝယ်ယူတဲ့အခါ သောက်သုံးမယ့်အခါ ဆေးဝါးမှာ မြန်မာ FDA မှတ်ပုံတင်အမှတ် ပါသလားဆိုတာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။ 

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် (Picture source – FDA Myanmar)

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် (Picture source – FDA Myanmar)

နောက်ဆုံးတစ်ခုကတော့ မတည့်တာမျိုးတွေရှိလား၊ လုံးဝမသောက်သင့်တဲ့ အခြေအနေမျိုးတွေရှိလား ဆိုတာ သတိပြုပါ။ လုံးဝ မသောက်သင့်တဲ့အခြေအနေ ၊ ဆေးမတည့်နိုင်တဲ့ အခြေအနေ ၊ ဘေးထွက်ဆိုးကျိုး စတာတွေကိုတော့ ဆေးဘူးအတွင်းထဲမှာပါတဲ့ ဆေးရဲ့အချက်အလက်တွေကို ဖော်ပြထားတဲ့ စာရွက်ထဲမှာ ဖတ်ရှုနိုင်ပါတယ်။ များသောအားဖြင့်တော့ ကလေးငယ်၊ ကိုယ်ဝန်ဆောင်၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိတဲ့သူတွေ၊ ဆေးဝါးတစ်ခုခု၊ အစားအစာတစ်ခုခုကို ဓါတ်မတည့်ဖူးတဲ့ သူတွေက ဆေးဝယ်တဲ့အခါ မိမိအခြေအနေကို ပြောပြပြီး သောက်လို့ရနိုင်မလားဆိုတာ မေးမြန်းသင့်ပါတယ်။ 

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် (Picture source – FDA Myanmar)

ဆေးဝါးတွေဟာ များသောအားဖြင့် စာတွေကို အင်္ဂလိပ်လိုရေးထားတာ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့အချိန်တွေက မြန်မာလို နားလည်နိုင်ဖို့ ခက်ခဲခဲ့ကြပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတဲ့အတွက် Google translate လို ဘာသာပြန်ဆော့ဖ်ဝဲ အကူအညီယူတာမျိုး ဆေးဝါးရဲ့ ပါဝင်ပစ္စည်းအမည်ကို Google Browser မှာရှာဖွေကြည့်တာမျိုး၊ AI မှာ မြန်မာစကားအသုံးပြု မေးမြန်းတာမျိုး ပြုလုပ်နိုင်လာတဲ့အတွက် ဘာသာစကား အခက်အခဲ အများကြီး လျှော့ပါးသွားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်း မိမိသောက်ရမယ့် ဆေးဝါးတိုင်းကို လိုအပ်ရင် နည်းပညာအကူအညီပါယူပြီး မဖြစ်မနေ စစ်ကြည့်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူရင်း ကိုယ်သောက်ရမယ့်ဆေးဝါးကို တစ်ကယ်သိပြီး ကျန်းမာနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။ 

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ