ဥတု ကို ကြည့် … ရသ နဲ့ ညှိ – မယ်ကြော့

Published On: February 2nd, 2026|Views: 130|

အမျိုးတို့ရေ…မယ်ကြော့တို့ မတွေ့တာတောင် ကြာပြီနော်။ တကယ်တော့ မယ်ကြော့ အခုတလော အမျိုးတို့ ကျန်းမာရေးအတွက် ဘာတွေများ ရေးနိုင်၊ သားနိုင်မလဲဆိုပြီး မျက်လုံးစင်္ကြာဖြန့် စာတွေ လိုက်ဖတ်နေရလို့ပါတော်။ သိကြတဲ့အတိုင်းပဲလေ…အခုကာလက ရာသီဥတုက အေးလိုက်၊ ပူလိုက်နဲ့ အပြောင်းအလဲက မြန်က မြန်၊ နောက်ပြီး တစ်ခုခုဆို ဆေးခန်း၊ ဆေးဆိုင်သွားဖို့ကလည်း လက်ထဲ ငွေလေး၊ ကြေးလေး ရှိမှဆိုတော့ ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်ခြံဝန်းထဲက စိုက်ပင်ပျိုးပင်တွေကလည်း ဆေးဖြစ်တယ်ဆိုတာလေး သိထား၊ နားလည်ထား၊ မျှဝေနိုင်ဖို့ တိုင်းရင်းဆေးကျမ်းတွေ လည်ဖတ်နေလို့ပါတော်။ တိုင်းရင်းဆေးကျမ်းလို့ ဆိုလိုက် တော့ ကျုပ်ကို နှာတော့ တွန့်မသွားကြနဲ့ဦး အမျိုးတို့ရေ။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ထားတဲ့ “လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ” ဆိုတဲ့ စာအုပ် အခန်း (၁၂) မှာ “တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စံပြုအချက်အလက်များ” ဆိုပြီး အခန်းတစ်ခန်းဖွင့် ရေးထားရတာတော့်။ အစ စအရာရာ ရှားပါး၊ ခက်ခဲတဲ့ ဒီကာလကြီးထဲ ဒါတွေကို သိထား၊ နားလည်ထားရင် အိမ်နောက်ဖေး စျေးဆိုင် တည်သလို အိမ်တွင်းဆေးဆိုင်လည်း တယ်လို့ ရတယ် မဟုတ်လားဘူးတော့်။ ကဲ…ကဲ…မယ်ကြော့ လေပေါတာနဲ့ လိုရင်းမရောက်ပဲ ဖြစ်တော့မယ်။ ကဲ…စလိုက်ကြရအောင်တော်…။ 

အမျိုးတို့ရေ…ဒီကနေ့ အနောက်တိုင်း ဆေးပညာလို့ ဆိုတဲ့ ခေတ်မီဆေးပညာနယ်ပယ် တိုးတက်မှုဟာ ထင်မှတ်မထားတဲ့ နှုန်းနဲ့ အရှိန်နဲ့ ထိုးတက်နေတာကြောင့် ကျန်းမာရေးလို့ ဆိုရင် အများစုဟာ အနောက်တိုင်း ဆေးပညာရပ်ကိုပဲ မြင်ကြလေ့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးမျိုးညွန့်ဦး (အာယုဗ္ဗေဒ) ပြုစုတဲ့ ဗိန္နော – သိပ္ပံ ခန္ဓာဗေဒလက်စွဲကျမ်း အမှာစာမှာ တိုင်းရင်းဆေးကောင်စီဝင် သမားတော်ကြီး ဦးတင်ဦး (အာယု ဗ္ဗေဒ) က “အနောက်တိုင်းဆေးပညာရပ်တွင် တိုင်းရင်းးဆေးဆရာများအတွက် သိသင့်သိထိုက်သော အချက် အလက်များစွာ ရှိသကဲ့သို့ တိုင်းရင်းဆေးပညာရပ်တွေလည်း အနောက်တိုင်းဆရာများ သိသင့်သိထိုက်သော အချက်အလက်များစွာ ရှိသည်ကို လူတိုင်းလိုလို လက်ခံထားကြသည်” လို့ ဆိုခဲ့တာကြောင့် ၁၉၈၁ ခုနှစ်ကတည်းက ရေးသား၊ ထောက်ပြဖူးပါတယ်။ မြန်မာ့တိုင်းရင်းဆေးမှာ ခန္ဓာဗေဒနဲ့ ဆေးပညာဟာ ဆက်စပ်နေပြီး ခန္ဓာဗေဒ မပါရင် ဆေးပညာမဖြစ်၊ ဆေးပညာ မမည်လို့တောင် အဲဒီကျမ်းမှာ ဖော်ပြထားပြီး “ဘာသာလေးရပ် ဆေးအတက်” လို့ ဆိုထားပြီး အဲဒါတွေက ရောဂါသိမှု၊ ဆေးသိမှု၊ ကုထုံးသိမှုနဲ့ ဓာတ်သိမှုပါတဲ့ ။ ဒါတွေကို အခြေခံပြီးဖြစ်လာတဲ့ မြန်မာ့တိုင်းရင်းဆေးပညာဟာ ရောဂါဖြစ်ပွားမှုတွေကို ချဉ်းကပ်တဲ့အခါ ဥတု၊ ဓာတ်စာ၊ ရသ (အရသာ) ခြောက်ပါးဆိုပြီး ဥတုကို အခြေခံ၊ သင့်လျော်တဲ့ အစားအစာနဲ့ ရသ (အစားအစာ၏ အရသာ) ကို စနစ်တကျ စားသုံးရင်ကို ရတဲ့ အကျိုးအမြတ်တွေက တပုံတပင်ကြီးတော့။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ဥတုနဲ့ ပတ်သက်လို့ အပူ၊ အအေးတူတဲ့ နှစ်လကို ဥတု တစ်ခုလို့ သတ်မှတ်ပြီး တစ်နှစ်ကို ဥတုငယ် ခြောက်ခု ရှိသတဲ့ အမျိုးတို့ရေ။ ဒီ ဥတုငယ်ခြောက်ပါးအလိုက် ဆောင်ရန်၊ ရှောင်ရန်တွေက သီးသန့်ဆီ ရှိပြန်ကော။ မယ်ကြော့ ဘာကြောင့် ဥတု၊ ဓာတ်စာ၊ ရသ ကို ပြောပြချင်တာလဲဆိုတော့က အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း စနစ်တကျလေး စားရင်းကကို ကျန်းမာရေး စောင့်ရှောက်မှုကိုပါ တပါတည်း လုပ်လို့ ရတာမို့ပါ အမျိုးတို့ရေ။ 

 

ဥတုငယ် ခြောက်ပါး

တိုင်းရင်းဆေးကျမ်းတွေအရ နှစ်လတစ်ဖြတ် ဥတု တစ်ခုမို့ ဝဿနဥတုကို အရင်ပြောပြချင်တယ်။ အဲဒါက မြန်မာပြက္ခဒိန်အရ ဝါဆိုနဲ့ ဝါခေါင်လကို ပြောတာပါ။ ဒီကာလရဲ့  ရာသီအပူ၊ အအေးအရ အချို၊ အဆိမ့်၊ အငန်၊ အချည်အရသာတွေကို စားဖို့လိုသလို အစပ်၊ အခါးလိုမျိုး အစာကြေလွယ်တဲ့ အရာတွေကို စားဖို့ လိုပါတယ်တဲ့။ နေက်ပြီး ကုန်းသတ္တဝါအစားတွေကို စားပေးပါတဲ့။ ဝဿနဥတုမှာ ရှောင်ဖို့လိုတာကတော့ အဆီ အစေးမရှိတဲ့ အစားတွေ စားတာ၊ တက်တတ်တဲ့ – အေးတဲ့ ဆေးအစာတွေကို စားသုံးတာတွေကို ရှောင်ပါတဲ့။   တော်သလင်းနဲ့ သီတင်းကျွတ် နှစ်လကိုတော့ ဆေးကျမ်းအရ သရဒဥတုလို့ သတ်မှတ်ပါတယ်။ ဒီကာလထဲ စားတာသောက်တာနဲ့ ပတ်သက်လို့ လိုက်နာသင့်တာက အချို၊ အဆိမ့်၊ အခါး၊ အဖန်, အငန် အရသာ ရှိတဲ့ အစာတွေ စားပါ။ နွားနို့၊ သကြား၊ ဂျုံ၊ ပဲနောက်၊ ကောက်ကြီးဆန်၊ ကုန်းသတ္တဝါ၊ အသား၊ ငှက် စတာတွေကို စားသုံးဖို့ လိုပါပြီး ဝမ်းနှုတ်တာကိုလည်း ဂရုတစိုက် လုပ်ရပါမယ်တဲ့။ ရှောင်သင့်တာကတော့ ရေသတ္တဝါတွေ စားတာ၊ နွားနို့ – ဒိန်ချဉ် သောက်တာ၊ အရက် သောက်တာ၊ ပုန်းရည်၊ မတ်ပဲ၊ နှမ်းနဲ့ အပူအစပ်၊ အဆီအစေးရှိတဲ့ အစားတွေ စားတာကိုပါ ရှောင်ရမယ့်အပြင် နေ့ခင်းဘက် အိပ်တာနဲ့ မေထုတ်မှီဝဲတာကိုပါ ရှောင်ရမယ်တဲ့နော်။ တတိယဖြစ်တဲ့ ဟေမန္တဥတုကတေ့ တန်ဆောင်မုန်းနဲ့ နတ်တော်လပါ။ ဟေမန္တဥတုကျရင်တော့ အဆီအစေးများတဲ့ အစာတွေ၊ အချို၊ အဆိမ့်၊ အချဉ်၊ အငန် အရသာရှိတဲ့ အစာတွေကို စားတာအပြင် နွားနို့၊ ထောပတ်၊ ဆီ၊ သကြား၊ ကောက်ကြီးဆန်၊ ပျားရည်၊ ချင်းခြောက်၊ ကြစုသီး စတာတွေကို စားပါတဲ့။ ရှောင် ကြဉ်သင့်တာ အဆီ အစေးမရှိတဲ့ အစာ၊ အစာကြလွယ်တဲ့ အစားအစားတွေကို လျှော့ပြီး စားတာ၊ အခါး – အဖန် – အစပ် အရသာရှိတဲ့ ဟာတွေကို စားသုံးတာ ရှောင်ပါတဲ့။ 

လေးခုမြောက် ဥတုက သိသိရ ဥတုပါ။ ပြာသိုနဲ့ တပို့တွဲလ အတွဲအစပ်ပေါ့။ ဒီဥတုမှာ လိုက်နာစားသုံးသင့်တဲ့ ပုံစံကတော့ အဆီအစေးများတဲ့ အစာ၊ အချို၊ အဆိမ့်၊ အငန် ရှိတဲ့ အစာတွေကို စားပေးတာ၊ နွားနို့၊ ထောပတ်၊ ဆီ၊ သကြား၊ ကောက်ကြီးဆန်၊ ပျားရည်၊ ချင်းခြောက်၊ ကြစုသီးနဲ့ ပိတ်ချင်းစီးတွေကို စားပေးရမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်တဲ့ လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ အခန်း (၁၂) မှာ ဖော်ပြထားပါတယ်။ ရှောင်ရတမှာကတော့ အဆီ အစေးမရှိတဲ အစာ၊ ကြွေလွယ်တဲ့အစာတွေ ဖြစ်ပြီး အခါး၊ အဖန်၊ အစပ် အရသာရှိတာကိုလည်း ရှောင်ရပါမယ်တဲ့ အမျိုးတို့ရေ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ တပေါင်း – တန်ခူးကတော့ ဝသန္တဥတုပါတဲ့။ ဒီဥတုကာလမှာ ကြေလွယ်တဲ့ အစာ၊ အပူ၊ အစပ်၊ အငန်၊ အခါး အရသာရှိတဲ့ အရာတွေကို စားပေးမယ်၊ ထောပတ်သုတ်ပြီး ကင်တဲ့ အသားတွေကို စားသုံးပေးသင်ပါတယ်တဲ့။ ရှောင်ိဖု့ကတော့ အေးပြီ ကြေခဲတဲ့ အစာတွေ၊ အဆိမ့်၊ အဖန် အရသာ ရှိတဲ့အစာတွေကိုပါတဲ့။ နောက်ဆုံး ဥတုကတော့ ကဆုန် – နယုန်ဖြစ်ဝဲ့ ဂိမှဥတုပါ။ ဒီဥတုကာလမှာတော့ အဆီအစေးများတဲ့ အစာ၊ အချို – အဆိမ့် အရသာရှိတဲ့ အစာ၊ အေးတဲ့ ဖျော်ရည်၊ ပေါက်ပေါက်ဆုပ်၊ ကရေကရာ၊ ထောပတ်၊ နွားနို့၊ ကောက်ကြီးဆန်၊ ကုန်းသတ္တဝါသားတွေကို စားပေးပါတဲ့။ ဒါပေမဲ့ အဆီအစေးမရှိ တဲ့ အစာတွေ၊ အပူ၊ အစပ်၊ အချဉ်၊ အငန် အရသာရှိတဲ့ အစာတွေကို စားသုံးခြင်းကတော့ ရှောင်ကြဉ်ရပါမယ်တဲ့။ 

 

ရသ ခြောက်ပါး

အမျိုးတို့ရေ၊ တိုင်းရင်းဆေးကျမ်းတွေမှာ ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် စတဲ့ ရသတွေကို ပြောပြခဲ့တယ်နော်။ တကယ်တော့ ဒီ ရသ ခြောက်ပါးမှလည်း သူ့ အာနိသင်နဲ့ သူ ရှိပြန်တာပါတဲ့။ ဒီ ရသခြောက်ပါး စွမ်းပ ကားကိုပါ သိထားမယ်ဆိုရင် ဘာတွေက ဘယ်ရောဂါကို ကောင်းစေတယ်၊ ဘယ်ရောဂါကိုတော့ဖြင့် အားပေး စေတယ်ဆိုတာကို ပိုနားလည်လာကြမှာမို့ မယ်ကြော့ ထပ်ပြောပြမယ်နော်။ 

“ချိုသော ဆိမ့်သော ရသ” ကဲတဲ့ အစာတွေဟာ ခန္ဓာကိုယ်ကို ဝဖြိုးစေသလို ခွန်အားကိုလည်း တိုးစေပါတယ်တဲ့။ စိတ်နှလုံးကို ကြည်လင်စေသလို ပူလောင်တာ၊ ရေငတ်တာ၊ တွေဝေနေတာတွေကို ပြေပျောက်စေပါတယ်။ အရိုးကို ဆက်စစေသလို အဆိပ်ကိုလည် ပယ်နိုင်၊ လေနဲ့ သည်းခြေဒေါကိုကိုလည် ငြိမ်းစေပါသတဲ့ ရှင့်။ ဒါပေမဲ့ “ချိုဆိမ့်အရသာ” ပါတဲ့ အစားတွေကို အလွန်အကဲ စားရင်တော့ တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ဆိုးကျိုးပြန်ဖြစ်စေပါတယ်။ ဝမ်းမီး နုံ့တာ၊ ခါးတွင်းမမြိန်တာ၊ ပျင်းရိလာတာ၊ ခန္ဓာကိုယ်လေးလံထိုင်း မှိုင်းတာ၊ ဝမ်းဗိုက် တင်းပြီးရောင်တာတွေ ဖြစ်စေပါတယ်။ နောက်ပြီး ပါးစပ်ထဲ ချွဲလာတာ၊ လည်ချောင်းနာ၊ အသံဝင် အသံပျက်၊ အသားပို ထွက်တာ၊ သွေးကြောတွေ မာလာတာတာ၊ ကျဉ်းလာတာတွေပါ ဖြစ်တတ်ပြီး သွေးတိုး/နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ဆီးချို၊ ဆီးလွန်နာ၊ ဆီးကြိတ်နာ၊ မြင်းသရိုက်နာ၊ ပန်းနာ၊ ဆုံဆို့နာ၊ ပွေး – ဝဲလို အရေပြားနာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီကနေ့ ခေတ်စားနေတဲ့ သကြားဖြတ်ရင် ဆိုတဲ့ အ ကြောင်းတွေ ရေစီးကြောင်းတစ်ခုလို ပြောကြ၊ ဆိုကြ၊ လိုက်လုပ်ကြချိန်မှာ အခုလိုလေး မြန်မာ့တိုင်းရင်းဆေး ကျမ်းတွေက ဘယ်လိုလမ်းညွှန်ထားတယ်ဆိုတာပါ သိထားတော့ ပိုမကောင်းဘူးလား အမျိုးတို့ရေ။ နောက်တစ်ခုက “အငန်ရသ”။ “အငန်” ဆိုတာနဲ့ မျက်လုံးထဲ “အထောင်း” တွေချည်းလည်း မြင်မနေကြနဲ့ဦးနော်။ “အငန်ရသ” ရှိတဲ့ အစာတွေကို ဝမ်းမီးကို တောက်စေသလို အစာကိုလည်း ကြေလွယ်၊ နှုတ်ကိုလည်း မြိန်စေတယ်တဲ့။ လေကို ပယ်နိုင်စွမ်းရှိသလို ချွေးလည်း ထွက်စေ၊ ဝမ်းလည်း သက်စေပါတယ်။ နောက်ပြီး ကိုယ်တွင်းအင်္ဂါတွေကို နူးညံ့စေသလို သွေးကိုလည်း တိုးပွားစေသတဲ့။ မယ်ကြော့ မပြောဘူးလား။ “အထောင်း” တွေ စားလိုက်ရင် ချွေးတွေ ဘာတွေ ထွက်ပြီး ငုပ်နေတဲ့ ချွေးရှိရင်တောင် ပြန်ပေါ်လာတယ် မဟုတ်လား။ လူက နုံးနုံးချည်း ဖြစ်နေပြီးဆိုရင် ခင်တဲ့ မင်တဲ့ သူငယ်ချင်းကို ဖုန်းဆက်ခေါ်ပြီး သင်္ဘောသီးထောင်းလေး၊ မာလာထောင်းလေး သွားစားကြရအောင်ဟယ်ဆိုပြီး အဖော် စပ်တတ်ကြတာ မဟုတ်လား။ သွားများ စားပြီးသွားရင်တော့ ရှူးရှူးရှဲရှဲနဲ့ ချွေးလေးများ စို့လာ၊ ထွက်လာရင် နေလို့မှ ကောင်းလိုက်သပလေ။ ဒါပေမဲ့ အငန်အရသာကို လွန်လွန်ကဲကဲ စားရင်တော့ ရင်ပူမယ်၊ ရေငတ်မယ်၊ မူးမယ်၊ မျက်စိမှုန်မယ်၊ ဆံဖြူသွားကျိုးဖြစ်မယ်၊ ဆံပင်ကျွတ်မယ်၊ အသားအရေ တွန့်မယ်၊ အားကို ယုတ်လျော့စေပါတယ်တဲ့။ နောက်ပြီး အဆိပ်ကို ဖြစ်စေတတ်လို့ ရေယုံနာ၊ နူနာ၊ ယားနာ၊ အသားတွေ ယားယံတာ၊ အရေပြားမှာ အဖုအပိန့်ထွက်တာတွေ ဖြစ်စေတတ်ပါတယ်။ အငန် စားတာများရင် ဝက်ခြံထွက်တာ၊ ငပိလိုဟာမျိုး ခပ်များများ စား မိရင် အရေပြားတွေ ယားလာတတ်တာဟာ “အငန်ရသ” ကြောင့် ဖြစ်တာပါ။ 

“အစပ်ရသ”။ အစပ်အရသာ ရှိတဲ့ အစာတွေဟာ ဝမ်းမီးတောက်သလို အစာကိုလည်း ကြေစေပါတယ်။ နှုတ်ကို မြိန်စေပြီး ခံတွင်းကို သန့်ရှင်းစေပါတယ်။ ခန္ဓာကိုယ်တွင်း ပိုးတွေကို နိုင်နင်းတဲ့ သတ္တိ ရှိသလို အရေးပြားမှာ ပေါက်တဲ့ အနာ၊ ယားနာတွေကိုလည်း ပျောက်စေပါတယ်တဲ့။ ဒါကြောင့်များလားတော့ မသိဘူးနော်။ မယ်ကြော့တို့ အိမ်နီးနားချင်း ထိုင်းမှာ အငန်ကဲတဲ့ အထောင်းကို အစပ်နဲ့ တွဲစားကြတာ။ အစပ်ကို လွန်လွန်မင်းမင်း စားရင်တော့ နှုတ်ခမ်းကွဲ၊ လျှာကွဲ၊ လည်ချောင်းနာ၊ ခြေလက်အသားအရေ ကွဲအက်တာ၊ အား အင်ကုန်ခမ်းတာ၊ နို့ရည်ခန်းတာ၊ ခန္ဓာကိုယ် ပိန်လှီတာအပြင် သုတ်ရည်ကိုလည်း ခန်းစေပါသတဲ့။ ဒါ့အပြင် အစာအိမ်နဲ့ ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါတွေအပေါ် ဆိုးကျိုးဖြစ်စေတာမို့ အစာအိမ်၊ ကျောက်ကပ်၊ ဆီးနဲ့ အသည်းရောဂါ ရှိသူတွေကို အစပ်ရသ ကဲတဲ့ အစားအစားတွေကို ရှောင်ကို ရှောင်ကြဉ်သင့်ပါတယ်။ နောက် ရသတစ်ခုကတော့ “အခါးရသ”။ အခါး အရသာရှိတဲ့ အစားတွေဟာ မူးတာ ဝေတာ၊ ပူလောင်တာ၊ ရေငတ်တာတွေကို ပယ်စေနိုင်သလို ယားယံတာ၊ လျှာက အရသာ မသိဘဲ ဖြစ်နေတာ၊ အဖျားရောဂါတွေကို ပျောက် စေနိုင်ပါတယ်။ အဆိပ်ကို နိုင်သလို ပိုးကို နိုင်တာမို့ အစာခြေလမ်းကြောင်းတစ်လျှောက် အကျိုးပြုနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်သူတွေဟာ အခါးဓာတ်ပါတဲ့၊ အခါးအရသာရှိတဲ့ အစားအစားတွေကို စားသုံးဖို့ လိုပါတယ်။ ဒါပေမဲ့ အလွန်အကဲကြီး စားရင်တော့ ခန္ဓာကိုယ်တွင်း ဓာတ် (၇) ပါး ဖြစ်တဲ့ ရသ၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ခြင်ဆီ၊ သုတ် တို့ကို ခန်းစေသလို လူက ပိန်ပြီး လေနာရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ အကြောအခြင်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေကိုလည်း တောင့်တင်းစေပါတယ်။ နောက်ဆုံးတစ်ခုကတော့ “အဖန်ရသ” ပါ။ ဖန်တဲ့ အရသာရှိတဲ့ အစားအစားတွေဟာ သွေးကို သန့်စင်ပေးသလို အသားအရေကိုလည်း ကြည်လင်စေပါတယ်။ အနာဖြစ်ရင် အသားနုတက်တာ မြန်စေသလို သွေးအန်သွေးကျရောဂါတွေကို ပျောက်ကင်းစေတယ်လို့ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေက ညွှန်းဆိုထားပါတယ်။ နောက်ပြီး ဆီးလွန်စေ တဲ့ ရောဂါ၊ အမျိုးသမီးတွေ မီးယပ်သွေးလွန်တာ၊ မီးယပ်ဖြူဆင်းတာတို့အတွက်လည်း အဖန်ရသ ကဲတဲ့ အ စားအစာတွေကို စားသုံးသင့်ပါတယ်။ အဖန်အရသာကို လိုတာထက် ပိုရင်တော့ အစာမကြေ ရင်ပြည်ရင်ကယ်ဖြစ်တာ၊ ခံတွင်းခြောက်တာ၊ ရင်ဘက်အောင့်တာ၊ ဝမ်းဗိုက် တင်းပြီး ရောင်တာ၊ သွေးကြောလေကြောတွေ ပိတ်တာ၊ သုတ်ခမ်းတာတွေအပြင် ဆီး/ဝမ်း/သွေး/လေ ကို ချုပ်စေတာမို့ အမျိုးသမီးတွေဆို ဓမ္မတာရာသီလာချိန်မှာ အထူးကို ရှောင်ကြဉ်သင့်ပါတယ်။ 

အမျိုးတို့ရေ…မယ်ကြော့က မြန်မာ့တိုင်းရင်းဆေးကျမ်းတွေနဲ့ “အစာလည်း ဆေး၊ ဆေးလည်း အစာ” ကို ပြောပြနေတာ အကြောင်းရှိပါတယ်။ မယ်ကြော့တို့တွေက တစ်ခုခုဖြစ်ပြီဆိုရင် လတ်တလော ခံစားရတဲ့ ရောဂါလက္ခဏာအပေါ် ကြည့်ပြီး ဆေးဆိုင် ပြေး၊ ဆေးဝယ် သောက်၊ ပျောက် ပုံစံနဲ့ ဖြေရှင်းနေကြသလို နည်းနည်းလည်း ကျန်းမာရေးဗဟုသုတ ရှိ၊ ငွေကြေးလေးလည်း တတ်နိုင်သူတွေကျတော့ အနောက်တိုင်းဆေးပညာသုံး ခေတ်မီဆေးရုံ၊ ဆေးခန်းတွေဆီ ပြေးကြတာ မဟုတ်လား။ တကယ်တော့ ကျန်းမာဖို့ဆိုတာက ဖြစ်ပြီဟေ့ဆိုမှ ကုသရတဲ့ ကိစ္စ မဟုတ်ဘူးလေ။ တစ်ရက်ချင်းအလိုက်၊ တစ်နေ့ချင်းအလိုက် ဂရုစိုက်နိုင်မှ ရောဂါဘယဘေး ကာကွယ်နိုင်မှာ မဟုတ်ပါလား။ ရောဂါဖြစ်လို့ ဆေး သွားကု၊ ဆေး ကြောင့် ပိုဆိုး ဆိုတဲ့ အခြေအနေတွေကလည်း မယ်ကြော့တို့ဆီမှာက မကြာခဏဆိုသလို ကြားရတဲ့ ကိစ္စဖြစ်လို့ မလိုဘဲ ဆေးဝါး တွေကို သောက်ရ၊ သုံးရတာ မရှိအောင် အစားအသောက်ကို ဆင်ခြင်မယ်၊ အစားအသောက်တစ်ခုချင်းကိုလည်း ဥတု၊ ရသနဲ့ ညှိပြီး စနစ်တကျ စားသုံးရင် ဆေး ဆိုတာချည်း သောက်ရတဲ့ အခြေအနေကို ကျော်လွှားနိုင်မှာ ဖြစ်သလို ငွေကြေးကုန်ကျမှုဆိုတာလည်း လျော့ကျသွားမှာလေ။ နောက်ပြီး ဒီနေ့ခေတ်အခါက ဆေးရုံ၊ ဆေးခန်းသွားရင် ကြုံတတ်တဲ့ ပြဿနာတွေကလည်း အများသား မဟုတ်လားလို့။ ဒါတွေကို မကြုံချင်ရင် နေ့စဉ်စားနေတဲ့ အစားအစာတွေကို “ဥတု ကို ကြည့် ၊ ရသ နဲ့ ညှိ” ပုံစံမျိုးလေး စားကြရင်ဖြင့် ပိုကောင်းတဲ့ ကျန်းမာရေးအလေ့အထတွေလည်း ရလာမှာမို့ မေတ္တာတရား၊ ဂါရဝတရား ရှေ့ထားပြီး မယ်ကြော့ မျှဝေပေးလိုက်ပါပြီနော်။ 

 

ကိုးကား – ဗိန္ဒော + သိပ္ပံ ခန္ဓာဗေဒလက်စွဲကျမ်း၊ လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

#တိုင်းရင်းဆေး

#ဥတု

#ရသ

#ပြည်သူ့ကျန်းမာရေး

#ကျန်းမာရေးဝန်ကြီးဌာန

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ