အီး-စီးကရက်က ဖက်ရှင်လား၊ အသက်အန္တရာယ်လား

Published On: February 3rd, 2026|Views: 138|

တင်ဇာအောင်
ဒီကနေ့ခေတ် လူငယ်တွေကြားမှာ Vape ဆိုတဲ့ အီး-စီးကရက် သောက်နေကြတာကို မြင်ရတာ မဆန်းတော့ပါဘူး။ လမ်းဘေး ကော်ဖီဆိုင်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုနေကြတဲ့အခါမှာပဲ ဖြစ်ဖြစ် အနံ့၊ အရသာ အမျိုးမျိုးပါတဲ့ Vape လက်ထဲကိုင်ပြီး သောက်နေကြတာပါ။ အရောင်ကာလာ ဒီဇိုင်းစုံသလို အနံ့ကလည်း သစ်သီးနံ့၊ ချောကလက်နံ့ စတဲ့ အရသာတွေကြောင့် “ဆေးလိပ်ထက်တော့ အန္တရာယ် နည်းမယ် ထင်တယ်” ၊ “ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာပါ” ဆိုတဲ့ စကားတွေကိုလည်း မကြာ မကြာဆိုသလို ကြားရပြန်ပါတယ်။ တကယ်ပဲ Vape ဟာ ဘေးကင်းလား ? အထူးသဖြင့် နောက်ပိုင်း ထွက်လာတဲ့ Vape မှာ သုံးတဲ့ ဆေးရည်တွေမှာ မေ့ဆေးနဲ့ မူးယစ်စေတတ်တဲ့ ဓာတ်ပစ္စည်းတွေ ရောလာတာကို သိထားရင် ဒီမေးခွန်းဟာ ပိုပြီး စိတ်ဝင်တစားဖို့ကောင်းသလို မဖြစ်မနေ ဖြေဖို့ လိုလာပါလိမ့်မယ်။ 

မေ့ဆေး၊ မူးယစ်ဆေး ပါလာတဲ့ Vape

အရင်က Vape (အီး-စီးကရက်) သောက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ရတာက နီကိုတင်း စွဲလမ်းမှုပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ “ပိုမူးတယ်”၊ “ပိုမိန်းမောတယ်”၊ “စိတ်အေးသွားတယ်” ဆိုတဲ့ စကား လုံးတွေနဲ့ လူငယ်တွေကို ဆွဲဆောင်နေတဲ့ Vape ဆေးရည်တွေ ထွက်လာနေပါပြီ။ အဲဒီထဲမှာ အန္တရာယ် အကြီးဆုံးကEtomidate (အက်တိုမီဒိတ်) နဲ့ Ketamine (ကတ်တမင်း) လို ဓာတ်ပစ္စည်းတွေပါ။ Etomidate ဆိုတာ ဆေးရုံတွေမှာသာ သုံးလေ့သုံးထရှိတဲ့ မေ့ဆေးဓာတ်တစ်မျိုးပါ။ ခွဲစိပ်ခါနီး လူနာ သတိမရှိနေအောင်အတွက် ဆရာဝန်၊ မေ့ဆေးဆရာဝန်ကြီးတွေ ညွှန်ကြားချက်နဲ့မှ လူနာ့သွေးပြန်ကြောကနေတဆင့် ထိုးသွင်း အသုံးပြုရတဲ့ မေ့ဆေးအမျိုးအစားပါ။ ဒါကို အီး-စီးကရက်ဆေးရည်ထဲ ထည့်ပြီး တိုက်ရိုက်ရှုသွင်းစေတာဟာ ဆေးပညာရှုထောင့်အရ ဘယ်လိုမှ မသင့်တော်တဲ့၊ လုံးဝ မလုပ်သင့်တဲ့ အန္တရာယ်ကြီးပါ။ Ketamine ကတော့ မူးယစ်ဆေးအမျိုးအစားထဲ ပါဝင်ပါပြီး သူ့ကိုလဲ ခွဲစိတ်လူနာတွေကို မေ့ဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။ သူကဦးနှောက်ရဲ့ အာရုံ ခံစားမှုစနစ်ကို ပြင်းပြင်းထန်ထန် ပြောင်းလဲစေပြီး တချို့နိုင်ငံတွေမှာဆို တရားမဝင် မူးယစ်ဆေးအဖြစ် တောင် တားမြစ်ထားပါတယ်။ ကတ်တမင်းကို သုံးမိပြီဆိုရင် သုံးတဲ့သူဟာ လူနဲ့ စိတ် သီးခြားစီ ကွဲထွက်သွားတဲ့ ခံစားရပြီး အမြင်အာရုံ၊ အကြားအာရုံတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေပြီး စိတ်အခြေအနေ မတည်ငြိမ်မှုကို ဖန်တီးပေးပါတယ်။ 

 

Vape ဒီဇိုင်းတွေက ဘာကြောင့် လူငယ်တွေကို ဆွဲဆောင်နိုင်နေတာလဲ

Vape ဆိုတဲ့ အီး-စီးကရက်ကို ဆေးလိပ်လို မမြင်ဘဲ အရုပ်၊ Gadget တစ်ခုလို ထင်ရအောင် ဒီဇိုင်းလုပ်ထားတာက လူငယ်တွေကို စွဲလမ်းစေတဲ့ အကြောင်းအရာတစ်ခုပါ။ နောက်ပြီး Disposable Vape လို တစ်ခါသုံးတွေက လွယ်လွယ် ဝယ်၊ လွယ်လွယ် သောက်လို့ရအောင် လက် လှမ်းမှီနေမှုပါ။ စျေးကလည်း တစ်ခုကို မြန်မာငွေ ၂၀,၀၀၀ ကျော်ကနေ ၅၀,၀၀၀ ကျော်ပဲ ရှိတာမို့ လူငယ်တွေ လက်လှမ်းမှီတဲ့ နှုန်းထား ဖြစ်နေတာပါ။ 

နောက်တစ်ခုကတော့ Vape ကို ဖက်ရှင်ပုံစံနဲ့ စမ်းသောက်ကြည့်ပြီးနောက်ပိုင်း မဖြစ်နိုင်တော့ တာဟာ ဆေးရည်မှာ ပါတဲ့ နီကိုတင်းဓာတ်ကို စွဲလမ်းစေမှုနဲ့ ပါဝင်တဲ့ မူးယစ်ဆေးတွေရဲ့ အာနိသင် ကြောင့်ပါ။ နီကိုတင်းဟာ ခန္ဓာကိုယ်ထဲ ရောက်ပြီဆိုရင် Dopamine (ဒိုပါမင်း) ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီဓာတ်က ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အလုပ်လုပ်ပေးတဲ့ အရေးကြီးတဲ့ ဓာတုဓာတ်ပေါင်း (Neurotransmitter) တစ်မျိုးဖြစ်ပြီး “Feel-good Chemical” – “ပျော်စေတဲ့ ဓာတ်”လို့ လူသိများပါတယ်။ ဒီဓာတ်ပေါင်း ဘယ်အချိန်ထွက်သလဲဆိုရင် ကိုယ်က အရသာရှိတာ တစ်ခုခုကို စားရတဲ့အခါ၊ လိုချင်တာ ရတဲ့အခါ အလိုလို ထွက်လာပြီး “ကျေနပ်ပြီလေ…ပျော်ပြီလေ” ဆိုတဲ့ ခံစားချက်ကို ဖြစ်စေသလို နောက်ထပ် ထပ်လုပ်ချင်စိတ်ကို တွန်းအားပေးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို သက်သောင့်သက်သာနဲ့ ချောမွေ့အောင် ထိန်းချုပ်ပေးသလို သင်ယူလေ့လာနိုင်စွမ်းနဲ့ အာရုံစိုက်နိုင်စွမ်းကို ကူညီပေးပါတယ်။ နောက်ပြီး စိတ်ကို ကြည်လင်လန်းဆန်းနေစေပြန်ပါတယ်။ သူ့ရဲ့ မကောင်းတဲ့ ဖြစ်စဉ်တစ်ခုက အကျင့်တစ်ခု ဖြစ်လာစေဖို့ တွန်းအားပေးတာပါ။ ဥပမာ – မူးယစ်ဆေးသုံးချိန်၊ အရက်သောက်ချိန်၊ အာရုံစူးစိုက်ရတဲ့ လောင်းကစားလို အရာမျိုးလုပ်ချိန်၊ ဖုန်းသုံးပြီး Like တို့ Reaction တို့ လျှောက်ပေးနေချိန်မှာ ဒိုပါမင်းဓာတ်တွေ အများကြီးကို ရုတ်တရက် ထုတ်ပေးတတ်တာပါ။ အဲဒီအချိန် လူဟာ အရမ်းကျေနပ်သလို၊ ပျော်သလို ခံစားရစေပြီး နောက်ပိုင်းမှာ ဦးနှောက်က အဲဒီပျော်ရွှင်မှုကို လိုလာတဲ့အခါ အဲဒီအလုပ်ကို ထပ်ခါ ထပ်ခါ ပြန်လုပ်ချင်စိတ်ကို ဖြစ်ပေါ်စေတတ်တာပါ။ ဒါကို ဒိုပါမင်းစွဲလမ်းမှုလို့ ဆေးပညာနယ်ပယ်မှာ သုံးနှုန်းပါတယ်။ 

ဒိုပါမင်းဟာ နည်းလွန်းရင်လည်း မကောင်း၊ များလွန်းလည်း မကောင်းတဲ့ ဓာတ်ပေါင်းလို့ ဆိုရမှာပါ။ ဒိုပါမင်းဓာတ် နည်းလွန်းနေရင် လူက စိတ်ဓာတ်ကျတာ၊ လုပ်ချင်ကိုင်ချင်စိတ် ပျောက်တာ၊ အာရုံစိုက်ရခက်တာအပြင် ခန္ဓာကိုယ်လှုပ်ရှားမှု နှေးကွေးပြီး ကတုန်ကယင်ဖြစ်တာတွေကို ခံစားရစေ ပါတယ်။ ဒိုပါမင်းများလွန်ပြန်ရင်တော့ ပုံမှန်မဟုတ်ဘဲ အရမ်းကို တက်ကြွနေတာ၊ စိုးရိမ်ပူပန်မှု လွန်ကဲတာ၊ အိပ်ပျော်တာ၊ စိတ်ကစဉ့်ကလျားပုံစံနဲ့ ယောင်ယမ်းတာ၊ အသံတွေကို နားထဲက အလိုလို ကြားနေ တာတွေ ဖြစ်တတ်ပြန်ပါတယ်။ နီကိုတင်းစွဲလမ်းမှုနဲ့အတူ ပါလာတဲ့ ဒိုပါမင်းဓာတ် ပေါင်းထုတ်တဲ့ ဖြစ်စဉ်ဟာ Vape သုံးတာကို စွဲလမ်းပြီးရင်း စွဲလမ်းစေတဲ့ နောက်ထပ် ဖြစ်စဉ်တစ်ခုပါ။ 

 

Vape အန္တရာယ် အသွယ်သွယ်

Pod / Vape Penက ဆေးရည်ပြန်ဖြည့်ရတဲ့ အမျိုးအစားဖြစ်ပြီး မသန့်ရှင်းရင် ဆေးရည်တွေ  ပါးစပ်ထဲကို တိုက်ရိုက် ဝင်နိုင်တယ်။ Etomidate နဲ့ Ketamineဓာတ်တွေ ကိုယ်ထဲဝင်သွားပြီဆိုရင် ချက်ချင်း မိန်းမောသွားတာ၊ သတိလစ်ခြင်း၊ လမ်းလျှောက်ရင် ဟန်ချက်မထိန်းနိုင်တာ၊ ကြွက်သားတုန်ခါတာ၊ မရှိသင့်တဲ့ အရာတွေကို မြင်သလိုလို ကြားသလိုလို ဖြစ်လာတာ (Hallucination)တွေ ဖြစ်နိုင်ပါတယ်။ Etomidate က ခန္ဓာကိုယ်ရဲ့ Cortisol ဟော်မုန်း ထုတ်လုပ်မှုကို လျော့နည်းစေတာကြောင့် ကိုယ်ခံအားကျရောဂါတွေ လွယ်လွယ်ကူကူ ဝင်လာပြီး အားနည်းတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။ အသက်အန္တရာယ်အကြီးဆုံးက အသက်ရှူနှုန်း ကျဆင်းတာ၊ အသက်ရှူရပ်ခြင်းနဲ့ ပမာဏ နည်းနည်းလေးပဲ မှားသွားရင်တောင် အချိန်မီ မကယ်နိုင်ခဲ့ရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာပါ။ နောက်ပြီး Vape သုံးတဲ့အခါ စိတ်တိုလွယ်လာတာစိတ်ပူပန်တာ၊ စိတ်ကျရောဂါ ဖြစ်လာတာနဲ့ Ketamine ကို မကြာခဏ သုံးရင် စိတ်မူမမှန်မှု (Psychosis) အထိ ဖြစ်နိုင်ပါတယ်။ EVALI Vape သုံးတဲ့သူတွေမှာ EVALI (Vape ကြောင့်ဖြစ်တဲ့ အဆုတ်ထိခိုက်မှု) ဆိုတဲ့ ရောဂါ ဖြစ်နိုင်ပါတယ်။ အဲဒီလက္ခဏာတွေက အသက်ရှူကျပ်တာ၊ ရင်ဘတ်အောင့်တာ၊ ပြင်းထန်ချောင်းဆိုးဖြစ်တာ၊ ဖျားတာ၊ ချမ်းတုန်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာနဲ့ အနံ့အရသာကိုပေးတဲ့  ဓာတုပစ္စည်းတွေကြောင့် Popcorn Lung လို့ ခေါ်တဲ့ အဆုတ်လေပြွန်ကျဉ်းစေတဲ့ ရောဂါတောင် ဖြစ်နိုင်ပါတယ်။ 

 

ဖက်ရှင်ထက် အသက်ကို ရွေး

Vape သုံးတာဟာ “ဆေးလိပ်ထက် လုံခြုံတယ်” လို့ ထင်နိုင်ပေမယ့် သုံးတဲ့ဆေးရည်တွေထဲမှာ မေ့ဆေး၊ မူးယစ်ဆေးဓာတ်တွေ ထည့်သွင်းလာတဲ့အချိန်မှာတော့ ဆေးလိပ်ထက်တောင် အန္တရာယ်က ပိုကြီးနိုင်ပါတယ်။ ဒါ့အပြင် Vape ထဲမှာ အမျိုးအမည် မခွဲခြားနိုင်တဲ့ လူကို ဒုက္ခပေးနိုင်တဲ့ ဓါတုဓါတ်ပေါင်းတွေ ထောင်ချီတောင် ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်အပါအဝင် Vape လိုမျိုး ဘယ်လို အခိုးအငွေ့ကိုမှ ခန္ဓာကိုယ်ထဲ မရှူသွင်းခြင်းဟာ ကိုယ့်အနာဂတ်ကို ကိုယ်ကာကွယ်ခြင်းပါပဲ။ “လှတာ မက်ရင် ဘဝမှာ ပျက်မှာမို့” ခေတ်ရေစီးကြောင်း ဖက်ရှင်တွေနောက် မလိုက်ဘဲ ကိုယ့်အသက်၊ ကိုယ့်ကျန်းမာရေးကို တန်ဖိုးထားပါလို့ တိုက်တွန်းပါတယ်။ 

#ဒိုပါမင်း

#အီး-စီးကရက်

#ဆေးလိပ်

#မေ့ဆေး

#ဓာတုပစ္စည်း

ဒီအကြောင်းအရာကို မျှဝေပါ