မြို့ပြတောင်းဆိုမှုနဲ့ ယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်
Selena
မိုးလကင်းလွတ်ပြီး ဆောင်းဦးရာသီ၊ ပွင့်လင်းရာသီ ရောက်ပြီမို့ တွေ့ရတဲ့ မြင်ကွင်းက စိတ်ကို လန်းဆန်းစေပါပါတယ်။ မြို့ပြင်ဘက် အဝေးပြေးလမ်းမကြီးဘေးက လယ်ကွင်းပြင်တွေမှာဆိုရင်လည်း ညနေပိုင်းဆို ဆောင်းအဝင်ကာလမို့ မြူတွေနဲ့ ဆိုင်းနေတတ်ပြန်ပါတယ်။ ဒါဟာ ဧရာဝတီတိုင်းထဲက ပုသိမ်- မုံရွာလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီလဆန်းပိုင်း ရောက်တိုင်း မြင်ရလေ့ မြင်ရထ ဖြစ်တဲ့ မြင်ကွင်းပါ။ လမ်းမကြီးပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ ဥဒဟို သွားလာနေကြသလို ကျန်းမာရေးအတွက် စက်ဘီးစီးသူ၊ လမ်းလျှောက်သူတွေနဲ့ ပြည့်နေတတ်ပြန်ပါတယ်။ သို့သော် ဒီလို သာယာပြီး ကျန်းမာရေးလိုက်စားသူတွေ အကြိုက်ဖြစ်စေတဲ့ ဒီအခြေအနေကို ဖျက်ဆီးပစ်တဲ့ အရာက လေထုထဲမှာ ရှိနေပြန်ပါတယ်။ မြေကြီး မီးကျွမ်းထားတဲ့ စူးရှရှအနံ့ပြင်းက လမ်းမကြီးနဲ့ ဘေးပတ်ဝန်းကျင်တစ်ဝိုက်ကို လေ့သင့်ရာလမ်းကြောင်းအ တိုင်း ပျံ့နှံ့ ဆိုးရွားနေစေပါတယ်။ ဒီနေရာကို ရောက်တိုင်း လမ်းလျှောက်သူတွေ ခပ်မြန်မြန် လျှောက်သွားကြရသလို စက်ဘီးနင်းသူတွေလည်း အားကုန်း နင်းပြေးကြလေ့ ရှိပါတယ်။
“ကျွန်မတို့ ဒီနေရာရောက်ရင် တော်တော်ပြေးရတယ်။ ဓာတ်တိုင် ငါးကွင်းလောက်ကျော်မှ သက်သာတာ။ ညနေခင်း လေကောင်းလေသန့် ဒီနားမှာ မရှိဘူး။ မရှာနဲ့” လို့ လမ်းမကြီးမှာ ညနေတိုင်း လမ်းလျှောက်နေကြဖြစ်တဲ့သူတစ်ဦးက လမ်းဘေးလယ်ကွင်းထဲမှာ ဟိုတစု ဒီတစုတွေ့ရတဲ့ အုတ်ဖိုတွေကို လက်ညိုးထိုးပြရင်း ပြောပြပါတယ်။
လမ်းဘေးတစ်လျှေက်မျာ အုတ်ဖိုတွေဟာ တစ်ဖိုနဲ့ တစ်ဖို ပေ ၅၀၀ လောက်ဆီသာ ကွာလို့ အစီအရီ ရှိနေကြတာဖြစ်ပြီး တချို့ကတော့ အုတ်ဖုတ်ဖို့ မီးဖိုဆဲ၊ တချို့ကတော့ မီးခိုးတလူလူနဲ့ အုတ်ဖုတ်နေကြတာ ဖြစ်ပါတယ်။ အုတ်ဖိုတွေ ဘေးမှာလည်း ထင်းပုံတွေက အစီအရီနဲ့ ဖြစ်နေပြီး တချို့ ထင်းပုံတွေဆိုရင် လူ သုံးရပ်လောက်အထိ (၁၅ ပေထက်မနည်း) ကို မြင့်မြင့်ကြီးတွေပါ။ နောက်ပြီး အုတ်ကွင်းလို့ ခေါ်တဲ့ တလင်းပြင်မှာလည်း မီးဖိုပြီး ဖုတ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ မြေသားအုတ်တွေက အပုံလိုက် အပုံလိုက်နဲ့ပါ။ ဒီမြေသားအုတ်တွေဟာ ဒေသအတွင်းမှာ သုံးဖို့ မဟုတ်ဘဲ မြို့ပြဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးဖို့ ထုတ်လုပ်နေ ကြတာဖြစ်ပြီး ဒေသခံလူထုအတွက် ကျန်းမာရေးပြဿနာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုကိုသာ ဖန်တီးပေးနေပါတယ်။

ကျင်းဖြစ်သွားတဲ့ လယ်မြေနဲ့ နတ်နေကိုင်းသာ ကျန်တဲ့ သစ်ပင်
လူဦးရေ တိုးတက်လာမှုနဲ့အတူ အဆောက်အအုံ လိုအပ်ချက် မြင့်မားတဲ့ မြို့ပြမှာ သစ်သားအိမ်ဆိုတာ မရှိသလောက် နည်းနေပါပြီ။ ရှိတဲ့ သစ်သားအိမ်ကို ဖျက်၊ ခပ်မြင့်မြင့် တိုက်တွေကို အုတ်နဲ့ ဆောက်လုပ်ပြီး ကိုယ်နေဖို့ ပိုလျှံတဲ့ အခန်းကို ရောင်းချင် ရောင်း၊ မရောင်းချင် ငှားဆိုတဲ့ ပုံစံနဲ့ လူနေထိုင်မှု မြင့်မားလာတာကို ဖြေရှင်းကြလေ့ ရှိပါတယ်။ ဒီတော့ အဆောက်အအုံ ဆောက်ဖို့အတွက် အုတ်ခဲ လိုအပ်ချက်က ကျသွားတယ် လို့ မရှိဘဲ မြင့်ပြီးရင်း မြင့်နေခဲ့တာပါ။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အုတ်လုပ်ငန်းရှင်တွေဟာ နှစ်စဉ် နှစ်တိုင်း နိုဝင်ဘာလ ရောက်ပြီဆို အုတ်ဖုတ်လုပ်ငန်းကို စတင်လေ့ရှိပြီး ဧပြီ၊ မေလအထိ အုတ်ဖုတ် ရာသီပါ။ အုတ်လုပ်ငန်း စတင်ပြီဟေ့ဆိုရင် လုပ်ငန်းရှင်တွေဟာ သယ်ယူရလွယ်ကူဖို့အတွက် ကားလမ်းမကြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် လယ်ယာမြေတွေကို ဝယ်ယူကြရပါတယ်။ အုတ်တစ်ဖိုစာအတွက် ရေကန်တူးဖို့၊ နေလှမ်းဖို့ မြေတလင်းနဲ့ အုတ်ရိုက်ဖို့ နေရာအပါအဝင် လယ်မြေ တစ်ဧကလောက် သုံးရပါတယ်။ အုတ် ဖို စတော့မယ်ဆိုရင် ပေ ၄၀ – ၅၀ ပတ်ပတ်လည် အကျယ်တစ်ခုကို သတ်မှတ်ပြီး အပေါ်ယံက မြေဆီလွှာကို ဖယ်၊ ပြီးရင် ပေ ၂၀ – ၃၀ လောက်အထိ လူအားနဲ့ မြေကို တူးထုတ်ရပါတယ်။ တူးလို့ရတဲ့ မြေတွေကို ရွံ့စေးဖြစ်အောင် လုပ်ပြီး အုတ်ခဲပုံရိုက်ရပါတယ်။ ရလာတဲ့ ပုံသွင်းပြီး အုတ်ခဲတွေကို နေလှမ်း၊ ခြောက်သွားတဲ့အခါ အုတ်ဖိုပြီး ထင်းနဲ့ ဖုတ်ရပါတယ်။ အုတ်လုပ်ငန်းရှင်တွေဟာ အဲဒီနည်းလမ်းနဲ့ပဲ အုတ်ဖုတ်ရာသီတစ်ခုလုံး လုပ် ငန်းလည်ပတ်ပြီး တူးလိုက်တဲ့ မြေကျင်းနေရာတွေကတော့ စိုက်ပျိုးရေးအတွက် ပြန်သုံးနိုင်တဲ့ လယ်မြေ ဖြစ် မလာတော့ဘဲ ရေကန် ဒါမှမဟုတ် ကျင်းကြီးအဖြစ်သာ ကျန်ခဲ့ပါတယ်။ တနိုင်တပိုင် လုပ်တဲ့ အုတ်ဖိုတွေဟာ တစ်ရာသီကို အုတ်အလုံးရေ ခြောက်သိန်းလောက်အထိ ထုတ်နိုင်ပြီး ထွက်လာတဲ့ မီးဖုတ်ပြီး အုတ်ခဲတွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးနိုင်ပြီမို့ စျေးကွက်ရှိတဲ့ မြို့ပြကို တင်ပို့ ရောင်းချရပါတယ်။

အုတ်ဖုတ်လုပ်ငန်းမှာ နောက်ထပ် အရေးကြီးတဲ့အရာကတော့ ထင်းပါ။ အုတ် ငါးသောင်းထုတ်နိုင်တဲ့ ဖိုတစ်ဖိုအတွက် ဆိုရင် ထင်းတန်ချိန် ၇၀ လောက်အထိ သုံးရပြီး အုတ်ခြောက်သိန်းထုတ်တဲ့ အုတ်ဖိုဆိုရင် တစ်ရာသီကို ထင်းတန်ချိန် ၈၀၀ ကျော်အထိ အသုံးပြုရပါတယ်။ အုတ်ဖုတ်ဖို့အတွက် နှစ် ၂၀ – ၃၀ သက်တမ်း ရှိတဲ့ သက်ရင့်ကုက္ကိုလ်ပင်တွေက ကိုင်းတွေကို ခုတ်ယူပြီး သုံးလေ့ရှိကြပေမယ့် သက်ရင့်ကုက္ကိုလ် ပင်တစ်ပင်ဟာ ထင်း ဆယ်တန်လောက်သာ ထွက်တာမို့ ကားလမ်းမကြီးဘေးက ကုက္ကိုလ်ပင်ကြီးတွေကို ကတုံး တုံးထားသလို ထီးထီးကြီး မြင်ရပြီဆိုရင် ဒါဟာ အုတ်ဖုတ်ဖို့ ခုတ်ခံလိုက်ရတဲ့ အပင်လို့သာ သတ်မှတ် လို့ ရပါတယ်။ အုတ်လုပ်ငန်းရှင်တွေဟာ ထင်းအဖြစ်သုံးဖို့ ကုက္ကိုလ်ပင်ကြီးတွေကို လိုက်ဝယ်ပြီး ကိုင်းတွေကို ထင်းအဖြစ် ခုတ်ယူသလို တချို့ အပင်ပိုင်ရှင်တွေကလည်း အပင်ကို လုံးလုံး မရောင်းဘဲ ကိုင်းကိုပဲ သီးသန့် စျေးဖြတ်ရောင်းတာတွေလည်း ရှိပါတယ်။ ဒီလိုနည်းနဲ့ သက်တမ်းရင့် အပင်ကြီးတွေဟာ နှစ်စဉ် အပင် ထောင်နဲ့ချီ အခုတ်ခံပြီး ထင်းအဖြစ် ပြောင်းလဲသွားတာကြောင့် မြို့အနီးမှာ အပင်ကြီးတွေ မရှိသလောက် ရှားနေပြီ လို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့က ဒေသခံတစ်ဦးဖြစ်သူက MyanHealth က ပြောပြပါတယ်။ မြို့ပြ ဆောက် လုပ်ရေးလုပ်ငန်းတွေဟာ အုတ် လိုအပ်ချက်ကြောင့် အုတ်ဖုတ်လုပ်ငန်းတွေ ရှိလာတဲ့ အဲဒီဒေသတွေမှာ လယ် ယာမြေတွေ ပျက်စီးကုန်သလို သစ်ပင်ခုတ် ထင်းအဖြစ် ပြောင်းပစ်တာမို့ သစ်တောပြုန်းတီးမှုနဲ့အတူ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို ဒေသခံ လူထုကို အကြီးအကျယ် ထိခိုက်စေပြန်ပါတယ်။

မြို့ပြကြောင့် အလုပ်ရပြန်တဲ့ ဒေသခံ
အုတ်ဖုတ်လုပ်ငန်းအတွက် နောက်ထပ် အရေးကြီးတဲ့ သွင်းအားစုလို့ ဆိုရင် Labourလို့ ဆိုတဲ့ အလုပ် သမားပါ။ မြေကြီးကို စပြီး တူးတာကစလို့ အုတ်ခဲအဆင့် ရောက်ဖို့အထိ ပုံဖော်ကြသူတွေက အလုပ်သမားတွေပါ။ အုတ်ဖို တစ်ဖို လုပ်မယ်မယ်ဆိုရင် ကျန်းမာသန်စွမ်းသူ ၁၀ ယောက်ကနေ ၁၂ ယောက်လောက်အထိ လိုအပ်ပါတယ်။ အုတ်ဖိုတွေမှာ မိသားစုအလိုက် အဖွဲ့လိုက် လုပ်သူတွေ ရှိသလို တစ်ရွာတည်းသားချင်း စုပြီး အဖွဲ့လိုက် လုပ်သူတွေ၊ နယ်ဝေးက လာလုပ်သူတွေ ပုံစံမျိုးစုံနဲ့ ရှိပါတယ်။ ဒီလုပ်ငန်းဟာ ကျန်းမာသန်စွမ်းမှုကို အဓိကထားတာမို့ အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးလုပ်သားတွေလည်း ရှိသလို အသက် ၇၀ လောက်အရွယ်အထိလည်း ဝင်လုပ်ကြတာမျိုးလည်း ရှိပြန်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေကိုလည်း အလုပ်ပေးနိုင်တာကြောင့် အုတ်ကောင်းကောင်း ရချင်တဲ့ အုတ်ဖိုလုပ်ငန်းရှင်တွေဟာ ကျွမ်းကျင်တဲ့လုပ်သားတွေကို တစ်ရာသီချင်းစီအလိုက် စနစ်တကျ စုစည်းထားတာမျိုး ပြင်ဆင်ရလေ့ ရှိပါတယ်။
အုတ်ဖုတ်လုပ်ငန်းဟာ အစုအဖွဲ့နဲ့ တက်ညီလက်ညီ လုပ်ရတာ ဖြစ်ပြီး တစ်ဦးကမှ ပျက်ကွက်လို့ မရပါဘူး။ မြေတူးသူက တူး၊ ရတဲ့ မြေကို ရွှံ့စေးဖြစ်အောင် နယ်သူက နယ်၊ အုတ် ရိုက်သူက ရိုက်၊ နေလှန်းတဲ့ဆှ တွန်းလှည်းနဲ့ ပို့သူက ပို့ပုံစံနဲ့ တပြိုင်တည်း အချိတ်အဆက် မိမိ လုပ်ရတာပါ။ ဒါကြောင့် တစ်ယောက်ယောက်က အကြောင်းကြောင်းကြောင့် ပျက်ကွက်ရင် တစ်ဖွဲ့လုံး အလုပ်ပျက်ကုန်တာပါ။ မြေကြီးတူးတဲ့သူဟာ မနက် ၃ နာရီလောက်ကတည်းက လုပ်ငန်းစရပြီး နေ့ခင်း မွန်းတည့်ချိန်မှာ ရပ်ပါတယ်။ အုတ်ရိုက်သူ၊ နေလှန်းသူတွေ ကတော့ မနက် မိုးလင်းကတည်းက အလုပ်စပြီး မနက် ၁၁ နာရီခွဲလောက်မှာ ထမင်းစားနား၊ နေ့လယ် နှစ်နာရီ ခွဲလောက်မှာ လုပ်ငန်းပြန်စပြီး ညမှောင်ချိန်ကျမှ အလုပ်သိမ်းရပါတယ်။ အစိုးရက သတ်မှတ်ပေးတဲ့ အလုပ် သမားဆိုင်ရာ အလုပ်ခွင် ဝင်ချိန်တွေ မသိသလို အလုပ်သမားအခွင့်အရေးဆိုတာလည်း ဘာမှန်း နားမလည်ပါဘူး။ မိုးလင်းက မိုးချုပ်အထိ အလုပ်လုပ်ရပေမယ့် အချိန်ပို အိုဗာတိုင်ကြေးဆိုတာ သူတို့ လုံးဝ မရသလို တောင်းရကောင်းမှန်းတောင် မသိကြတဲ့သူတွေပါ။ သူတို့ သိတာက တစ်နေ့ ၈,၀၀၀ ကနေ ၁၂,၀၀၀ ကျပ်အထိ ရတဲ့ နေ့စားခ တစ်ခုတည်းပါပဲ။ သူတို့ သိတာက လုပ်ငန်းမစမီ မိုးတွင်းကာလတုန်းက ယူထားတဲ့ အကြွေးတွေကို ဆပ်ဖို့၊ ကလေး ကျောင်းထားဖို့၊ ဝမ်းရေး ဖြေရှင်းဖို့၊ သာရေး/နာရေးကြုံရင် ကူနိုင် လှူနိုင်ဖို့၊ ဒီလောက်ပါပဲ။

ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အဆုတ်နာ
ဘယ်အရာမဆို အလွန်အကျွံ ဖြစ်လာပြီဆိုရင် ဘေးထွက်ဆိုးကျိုးက နောက်ကနေ အရိပ်လို လိုက်လာစမြဲပါ။ အုတ်ဖုတ်လုပ်ငန်းဟာ ဒေသတွင်းက သူတွေအတွက် စီးပွားရေးအရ ပါပေမယ့် စနစ်ကျတဲ့ ထိန်းသိမ်း လုပ်ကိုင်မှု မဲ့နေတာဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှုက ရှိ လာနေပြန်ပါတယ်။ အုတ်ဖုတ် လောင်စာအတွက် ထင်းလိုတာမို့ သစ်ပင်တွေ အလွန်အကျွံ ခုတ်ယူတာမို့ သစ်တောပြုန်းတီးမှုနဲ့ ကြုံတွေ့နေရသလို ဒေသရင်း တိရစ္ဆာန်တွေအတွက် နေစရာတွေ ပျက်စီးကုန်ပါတယ်။ သစ်ပင်မရှိတာကြောင့် မြေဆီလွှာတိုက်စားမှု ပိုဖြစ်လာသလို စိုက်ပျိုးရေးကဏ္ဍအတွက်လည်း မြေဆီလွှာ အ ရည်အသွေးတွေ ကျဆင်းလာပြန်ပါတယ်။ သစ်ပင်ဟာ မြေအောက်ရေကို ထိန်းသိမ်းပေးထားတာမို့ သစ်တော ပြုန်းတီးတဲ့အခါ ချောင်း၊ ကန်တွေ ခမ်းခြောက်တာ ဆက်ဖြစ်စေပြန်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးတဲ့ သစ်ပင်တွေ ထင်းဖြစ်ကုန်တာမို့ ဒေသတွင်း အပူချိန်မြင့်တက်မှုကို ကြုံတွေ့ရသလို အုတ်ဖုတ်တဲ့ ဖိုတွေက ထွက်တဲ့ မီးခိုးငွေနဲ့ ပြာတွေဟာ လေထုညစ်ညမ်းမှုကို မြင့်တက်စေသလို ပန်းနာရင်ကြပ်၊ ချောင်းဆိုးနဲ့ အဆုတ်ကင်ဆာလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကို မြင့်တက်စေပြန်ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အထွေထွေရောဂါကုဆရာဝန်တစ်ဦးက “အုတ်လုပ်ငန်းလုပ်ကြတဲ့သူတချို့နဲ့ ပတ်ဝန်းကျင်မှာနေတဲ့သူတွေဟာ အဆုတ်ရောဂါ အဖြစ်များကြတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် အုတ်ဖုတ်လုပ်သားတွေဟာ မီးခိုးနဲ့ အပူရှိန်ကြောင့် မျက်လုံးထိခိုက်တာနဲ့ အရေပြား ယားယံတာ၊ အပူလောင်တာတွေ ဖြစ်နိုင်သလို အဆိပ်သင့်ဓာတ်ငွေ့တွေကြောင့် လေထုအရည်အသွေး ကျဆင်းပြီး အနီးအနားရှိ ရွာတွေအထိ ဒီဆိုးကျိုးကို ခံစားနေရပါတယ်။ မီးခိုးငွေ့တွေကြောင့်လည်း အနီးပတ်ဝန်းကျင်က အပင်တွေ ညှိုးနွမ်းသေဆုံးစေသလို စိုက်ပျိုးမြေတွေကိုလည်း ပျက်စီးစေပါတယ်။
နည်းပညာနဲ့ ကျော်လွှားရမယ်
အုတ်ဖုတ်လုပ်ငန်းကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို တားဆီးဖို့ဆိုရင် ဒီလုပ်ငန်း တွေကို ရပ်ဆိုင်းပစ်လိုက်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီလုပ်ငန်းကို မှီခိုနေကြတဲ့သူတွေအတွက် ထည့် သွင်းစဉ်းစားရမှာ ဖြစ်လို့ပါ။ အုတ်ဖုတ်လုပ်ငန်းကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုတွေကို တားဆီးဖို့ဆိုရင် ထင်း အစား စပါးခွံနဲ့ သစ်စက်က ထွက်တဲ့ လွှစာမှုန့်တွေကို လောင်စာအဖြစ် အသုံးပြုတာ၊ လောင်စာ မသုံးရဘဲ ဘိလပ်မြေနဲ့ ပုံသွင်းနဲ့ ဖိအုတ်လိုမျိုး Compressed Earth Blocks နည်းပညာတွေကို ပြောင်းလဲအသုံးပြုတာ ဟာ ဆိုးကျိုးတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ စိုက်ပျိုးရေးလုပ် ငန်းတွေကထွက်တဲ့ ကောက်ရိုး၊ ပြောင်းရိုးနဲ့ တခြား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကို စက်နဲ့ ဖိပြီး လောင်စာ တုံးအဖြစ်လည်း အသုံးပြုမယ်ဆိုရင် ပြုလို့ ရနိုင်ပါတယ်။
“အစိုးရနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက လက်ရှိလုပ်ကိုင်နေတဲ့တွေကို အုတ်လုပ်ငန်းရှင်းတွေကို နည်းပညာနဲ့ ငွေကြေးထောက်ပံ့မယ်ဆိုရင် အရမ်းကောင်းမှာပါ။ ကျတော်တို့ အလုပ်သမားတွေကို ပြန်သင်ပြမယ်။ သစ်ပင်တွေကို တကယ်မခုတ်ချင်ပါဘူး။ သစ်တစ်ပင်ဖြစ်ဖို့ မလွယ်ဘူးလေ” လို့ ရန်ကုန်တိုင်း လှည်းကူးမြို့က အုတ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင် (အမည်လွှဲ) က ပြောပါတယ်။
မြို့ပြရဲ့ လိုအပ်ချက် မြင့်မားမှုအရှိန်ကြောင့် အုတ်ဖုတ်လုပ်ငန်းတွေမှာ သစ်ပင်တွေကို အတားအဆီး မရှိ ခုတ်ယူသုံးစွဲနေတာဟာ ရာသီဥတု ဖောက်ပြန်မှုနဲ့ ကျန်းမာရေးကဏ္ဍအတွက် အခြေအနေဆိုးတွေကို ပိုတိုးစေတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာအရေး လေ့လာနေသူ ဦးဝင်းနိုင်က MyanHealth ကို မှတ်ချက်ပြုပါတယ်။ အဆင်ခြင်မဲ့ သစ်ပင်ခုတ်တာတွေကို ဥပဒေနဲ့ တာမြစ်ခြင်းဟာ ရေရှည်အတွက် ကောင်း ကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သလို လုပ်ငန်းအတွက် မဖြစ်မနေ ခုတ်ကြရတဲ့အခါ အစားထိုးအပင်တွေ ပြန်လည်စိုက်ပျိုးခိုင်းခြင်းနည်းလမ်းကိုလည်း သုံးရမယ်လို့ အကြံပြုပါတယ်။
#အုတ်ဖုတ်လုပ်ငန်း
#သဘာဝပတ်ဝန်းကျင်
#ကောက်ရိုး
#မြေဆီလွှာ
#သစ်တောပြုန်းတီး
