သင်ဝယ်ယူထားတဲ့ ကလေးနို့မှုန့်ဘူးက စိတ်ချရပြီလား။
Dr. Kris
ကလေးလေးတစ်ယောက် လူလောကထဲကို အူဝဲ အူဝဲဆိုပြီး ဝင်လာထဲက ပထမဆုံး စတင်ရရှိတဲ့ အာဟာရဟာ မိခင်နို့ရည်ကြည် ဖြစ်ပါတယ်။ မိခင်နို့ရည်ဟာ အာဟာရလည်းပြည့်ဝသလို မွေးကင်းစ ကလေးလေးတွေအတွက် လိုအပ်တဲ့ ကိုယ်ခံစွမ်းအားကိုလည်း ပေးစွမ်းနိုင်ပြီး မွေးကင်းစ ကလေးငယ်တို့အတွက် အကောင်း ဆုံးဖြစ်ပါတယ်။ မိခင်နို့ချိုဟာ ကလေးငယ်တွေအတွက် အာဟာရလည်းပြည့်ဝ၊ ကိုယ်ခံအားလည်းကောင်းမွန်စေတဲ့ သဘာဝတရားကဖန်တီးပေးထားသော နတ်ဩဿဓဆေးကြီးလို့ပြောရင်လည်း မမှားပါဘူး။ ဒါပေမယ့် မိခင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ လူမှုစီးပွားအခြေအနေများကြောင့်ဖြစ်စေ အကြောင်း အမျိုးမျိူးကြောင့် မိခင်ကိုယ်တိုင် ကလေးငယ်ကို မိခင်နို့တိုက်ကျွေးဖို့ရာ ခက်ခဲလာတဲ့အခါ မိခင်နို့အစား ကလေးနို့မှုန့်ဖျော်ပြီး တိုက်ကျွေးရတဲ့ အခြေအနေမျိုး ရှိလာနိုင်ပါတယ်။

မိခင်တော်တော်များများက ကလေးကို နို့ဘူးတိုက်ကျွေးတဲ့အခါ ကလေးနို့မှုန့်ဆိုတာ ကျိုချက်ထားတဲ့ ရေနွေးပူပူနဲ့ အညွှန်းအတိုင်း စနစ်တကျဖျော်ပြီး သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုထဲမှာပဲ စနစ်တကျတိုက်ကျွေးရင် အဆင်ပြေနိုင်ပြီလို့ ယူဆကြပါတယ်။ ဒါပေမဲ့ မကြာသေးမီက ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကလေးနို့မှုန့်အဆိပ်အတောက်ဖြစ်စေမှု ဖြစ်စဉ်ကတော့ အဲဒီအယူအဆကို စိန်ခေါ်လိုက်ပါတယ်။ Bacillus cereus လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်လွှတ်တဲ့ Cereulide ဆိုတဲ့ အဆိပ်အတောက်ဟာ အပူဒဏ်ကို အလွန်ခံနိုင်ရည်ရှိတာကြောင့် ကလေးနို့မှုန့်ထုတ်လုပ်တဲ့ အဆင့်မြင့်စက်ရုံတွေမှာတောင် ဖျက်ဆီးပစ်ဖို့ မလွယ်ကူပါဘူး။ ကလေးနို့မှုန့်တွေမှာ Cereulide အဆိပ်ပါခဲ့ရင် အဖြစ်အများဆုံး လက္ခဏာတွေက နို့သောက်သုံးပြီး မိနစ် ၃၀ မှ ၃ နာရီအတွင်း အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ဖြစ်ပြီး အရမ်းပြင်းထန်လာရင်တော့ အသက်အန္တရာယ် ကျရောက်နိုင်ပါတယ်။
နို့မှုန့်ကုမ္ပဏီကြီးတွေအနေနဲ့ မိမိတို့ရဲ့ထုတ်ကုန်တွေမှာ ကလေးငယ်တွေအတွက် အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ Cereulide ပါခဲ့ရင်ဖြစ်စေ၊ ပါနိုင်တဲ့အကြောင်းတရား ရှိခဲ့ရင်ဖြစ်စေ ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ ပြဿနာတစ်စုံတစ်ရာရှိခဲ့ဖြစ်စေ ဒီထုတ်ကုန်အမျိုးအစားကို တရားဝင်ကြေငြာပြီး ဈေးကွက်ကနေ ပြန်လည် သိမ်းဆည်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ် Nestlé ကုမ္ပဏီရဲ့ထုတ်ကုန် ကလေးနို့မှုန့်ကို သောက်သုံးမှုနဲ့ ဆက်စပ်ပြီး ကလေးငယ် နှစ်ဦးသေဆုံးမှုတဲ့ဖြစ်စဉ် ဖြစ်ပွါးတဲ့အတွက် ပြင်သစ်ကျန်းမာရေးဌာနကို သတင်းပို့လာရာကနေ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာကို ဖတ်ရှုလိုက်ရပါတယ်။ တစ်ပြိုင်တည်း မှာပဲ ဘယ်လ်ဂျီယံနိုင်ငံရှိ ဖလန်းဒါးစ်အစိုးရကလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ အဆိုပါကလေးနို့မှုန့်ကို သောက်သုံးခဲ့တဲ့ ကလေးငယ်တစ်ဦး အော့အန်ဖျားနာခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီပြဿနာတက်နေတဲ့ ကလေးနို့မှုန့်ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက Nestlé ကုမ္ပဏီဘက်က နယ်သာလန်နိုင်ငံရှိ ကုမ္ပဏီပိုင်စက်ရုံကနေ ထုတ်လုပ်တဲ့ ကလေးနို့မှုန့်များတွေမှာ Cereulide အဆိပ်အတောက် ပါဝင်နိုင်မှုကို သိသိချင်းမှာပဲ ပြန်လည်သိမ်းဆည်းကြောင်း ကြေညာခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ နိုင်ငံပေါင်း ၆၀ ကျော်အထိ တိုးမြှင့်သိမ်းဆည်းခဲ့တဲ့အပြင် အခြားနာမည်ကြီး ပြင်သစ်ကုမ္ပဏီတွေဖြစ်တဲ့ Lactalis နဲ့ Danone ၊ ဥရောပရဲ့ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Vitagermine နဲ့ Hochdorf Swiss Nutrition တို့ကလည်း သူတို့ရဲ့ နို့မှုန့်တွေကို သိမ်းဆည်းခဲ့တဲ့အတွက် ဒီဖြစ်ရပ်ကတော့ သမိုင်းမှာ အကြီးမားဆုံး နို့မှုန့်ပြန်လည်သိမ်းဆည်းမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာရဲ့ အရင်းခံက နို့မှုန့်မှာ ပါဝင်တဲ့ အရေးကြီးဓါတ်တစ်မျိုးဖြစ်တဲ့ ARA (arachidonic acid) အဆီကို တူညီတဲ့ တင်သွင်းတဲ့သူကနေ ဝယ်ယူအသုံးပြုတာကနေ စခဲ့တာဖြစ်ပြီး ဒီအဆီထဲမှာ Cereulide အဆိပ်အတောက် ပါဝင်နိုင်ခြေ ရှိနေတာပါ။
ယခုဖြစ်ရပ်ကနေပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း သင်ခန်းစာယူစရာ သတိပြုစရာတွေ ရှိလာပါတယ်။ ဒီလို ကလေးနို့မှုန့်မှာ သံသယဖြစ်ဖွယ် ပါဝင်လာနိုင်တဲ့ အဆိပ်အတောက်ဖြစ်စဉ်ကြောင့် ကလေးငယ်တွေ မလိုလားအပ်ဘဲ နာမကျန်းဖြစ်မှုနဲ့ အသက်သေဆုံးမှုတွေ မဖြစ်ရလေအောင် နို့မှုန့်ကို ရွေးချယ်ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်း၊ သက်တမ်းကုန်ဆုံးရက်တွေအပြင် သားသားမီးမီး တို့ရဲ့ မိဘတွေအနေနဲ့ ဒီအချက်(၃)ချက်ကို တိတိကျကျ လိုက်နာဖို့တော့ လိုပါတယ်။
(၁) ပထမဦးဆုံး နို့မှုန့်ဘူးဝယ်တဲ့အခါဘူးရဲ့အောက်ခြေကို ကြည့်ပါ။ နို့မှုန့်ဘူးရဲ့ အောက်ခြေမှာ Batch Number (သို့မဟုတ်) Lot Number လို့ခေါ်တဲ့ ဂဏန်းနဲ့ အက္ခရာတွဲတွေကို ရှာပါ။
(၂) ပြီးရင်တော့မိမိဝယ်ယူထားတဲ့ တံဆိပ် (ဥပမာ – Nestlé, Aptamil, Picot) ရဲ့ တရားဝင် Website တွေမှာ အဆိုပါ နံပါတ်ကို ရိုက်ထည့်ပြီး ပြန်လည်သိမ်းဆည်းထားတဲ့ (Recall) စာရင်းထဲမှာ ပါ၊ မပါ စစ်ဆေးပါ။
(၃) အကယ်၍ မိမိဝယ်ထားတဲ့ နို့မှုန့်ဘူးဟာ သက်ဆိုင်ရာကုမ္ပဏီကြီးတွေရဲ့ ပြန်သိမ်းထားတဲ့ စာရင်းထဲမှာ ပါနေရင်ပဲဖြစ်ဖြစ်၊ မပါခဲ့ရင်တောင် မိမိကလေးက သောက်ပြီးတာနဲ့ အန်တာမျိုးဖြစ်ရင် အဲဒီဗူးကို ဆက်မတိုက်ဘဲ ချက်ချင်းရပ်နားပြီး ဆရာဝန်နဲ့ ပြသပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ ကလေးနို့မှုန့်အများစုဟာ ပြည်ပကလာတာဖြစ်လို့ ကမ္ဘာ့သတင်းတွေအပြင် ဗဟိုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က ထုတ်ပြန်တဲ့သတင်း တွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုပါတယ်။ ခေတ်ကာလတန်ဖိုးအရ ဈေးကြီးပေးဝယ်ရတဲ့ ကလေးနို့မှုန့်ဘူးတွေဟာ ဈေးကြီးတာနဲ့ညီမျှတဲ့ အာဟာရတန်ဖိုးနဲ့ ကလေးငယ်တွေ သောက်သုံးတဲ့အခါမှာ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိနေဖို့လိုပါတယ်။ ဒါကြောင့် မိမိတို့ရဲ့သားသားမီးမီးလေးတွေ အတွက် နို့မှုန့်ဘူးတွေဝယ်တဲ့အခါမှာ စနစ်တကျ စိစစ်၊ စစ်ဆေး ကြည့်ရှုပြီးမှ ဝယ်ယူကြပါဗျို့လို့ စေတနာဖြင့်သတိပေးရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
#ကလေးနို့မှုန့်
#Formula Feeding Practice
#Bacillus cereus
# Cereulide
References
- Iribarren, M. I. (2026). Why baby formula is being recalled across Europe: toxin contamination puts companies on alert. euro news. https://www.euronews.com/health/2026/01/26/why-baby-formula-is-being-recalled-across-europe-toxin-contamination-puts-companies-on-ale
- WHO,(2017). GUIDELINE: Protecting, promoting and supporting BREASTFEEDING IN FACILITIES providing maternity and newborn services. https://iris.who.int/server/api/core/bitstreams/601a8af5-0919-4ffb-a11d-fb534d96ed03/content
