ပလတ်စတစ်အမှုန်အမွှား (မိုက်ခရိုပလတ်စတစ်)

Published On: February 17th, 2026|Views: 154|

(လျစ်လျူရှုထားလို့မရတော့တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာ)

(Dr. Kris)

ယခုနှစ်ပိုင်းတွေမှာ ပလတ်စတစ်အမှုန်အမွှား (မိုက်ခရိုပလတ်စတစ်)တွေကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာတစ်ရပ်ကနေ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ကမ္ဘာတစ်ဝန်းက ပြည်သူ့ကျန်းမာရေး ပညာရှင်တွေကြားမှာ ဆွေးနွေးလာခဲ့ကြပြီး ဆန်းစစ်လေ့လာမှုတွေလည်း ပြုလုပ်လာကြပါတယ်။ ယခင်က ပလတ်စတစ်ညစ်ညမ်းမှုကို ပလတ်စတစ်အများစု စွန့်ပစ်ခဲ့ကြတဲ့ နေရာတွေဖြစ်တဲ့ ပင်လယ်ကမ်းခြေတွေနဲ့ ပင်လယ်နေ သတ္တဝါတွေသေဆုံးရမှုမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုအဖြစ်ပဲ ရှုမြင်ခဲ့ကြပေမယ့် ယခုအခါမှာတော့ မိုက်ခရိုပလတ်စတစ် ပြဿနာဟာ တိုင်းတာရခက်ခဲတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။

ပလတ်စတစ်လို့ ဆိုလိုက်ရင် ကျွန်တော်တို့အားလုံး အများအားဖြင့် ကျွတ်ကျွတ်အိတ်တွေကို မျက်လုံးထဲမြင်ကြပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ ကျွတ်ကျွတ်အိတ် အများစုကလည်း ပလတ်စတစ်နဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွတ်ကျွတ်အိတ်အပြင် တခြားသော လူသုံးကုန်ပစ္စည်းတွေမှာလည်း ပလတ်စတစ်တွေ သုံးကြပါတယ်။ မိုက်ခရိုပလတ်စတစ်(Micorplastics) ဆိုတာကတော့ အရွယ်အစား အားဖြင့် ၅ မီလီမီတာ အောက်သာရှိပြီး သာမန်မျက်စိနဲ့ မြင်ရခက်တဲ့ ပလတ်စတစ်အမှုန်အမွှားများ ဖြစ်ကြပါတယ်။ ဒီအမှုန်တွေဟာ ပင်လယ်သမုဒ္ဒရာနဲ့ မြစ်ချောင်းများ၊ စိုက်ပျိုးရေးမြေဆီလွှာများ၊ ပင်လယ်စာများ၊ သောက်သုံးရေ၊ အိမ်တွင်းဖုန်မှုန့်များနဲ့ ကျွန်ုပ်တို့ ရှူရှိုက်နေတဲ့ လေထုထဲမှာတောင် ပါဝင်နေတာ ဖြစ်ပါတယ်။ 

မိုက်ခရိုပလတ်စတစ်လို့ပြောရင် အဓိက နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်ခုက မူလမိုက်ခရိုပလတ်စတစ် (Primary microplastics) ဖြစ်ပြီး စထုတ်ကတည်းက မိုက်ခရိုပလတ်စတစ်အဖြစ် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ လူသုံးကုန်ပစ္စည်းတွေ (ဥပမာ အလှကုန်ပစ္စည်းများ) မှာ ထည့်သုံးကြတာ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ကန့်သတ်ထားပေမယ့် မိုက်ခရိုပလတ်စတစ်ကို အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံတွေလည်း အများအပြား ရှိနေဆဲပါ။ မိုက်ခရိုပလတ်စတစ်တွေကို အလှကုန်နဲ့လူသုံးကုန်ပစ္စည်းတွေမှာ ထည့်သုံးရတဲ့ အဓိက အကြောင်းရင်းကတော့ ဈေးနှုန်းချိုသာတာ၊ တည်ငြိမ်မှုရှိတာနဲ့ အသားအရေပေါ်မှာ ထူးခြားတဲ့ခံစားမှုကို ပေးနိုင်လို့ပဲဖြစ်ပါတယ်။ ကုမ္ပဏီတွေမှာ အသုံးပြုရတဲ့ အဓိက အကြောင်းအရင်း တွေကတော့ -မျက်နှာသစ်ဆေး၊ ဆပ်ပြာရည်နဲ့ သွားတိုက်ဆေး တွေမှာ ပါဝင်တဲ့ ပလတ်စတစ် အမှုန်လေးတွေ (Microbeads) က ပွတ်တိုက်ရာမှာ အရေပြားပေါ် သွားပေါ်ကမကောင်းတဲ့ အညစ်အကြေးတွေကို ဖယ်ရှားရှာမှာ အသုံးဝင်တယ်လို့ယူဆကြလို့ဖြစ်ပါတယ်။ မိတ်ကပ် (Foundation)၊ ပေါင်ဒါနဲ့ပရိုင်မာ(Primer) တွေမှာ မိုက်ခရိုပလတ်စတစ်တွေက ပိုးသားလို ချောမွေ့ စေပြီး အသားထဲ ပျံ့နှံ့လွယ်အောင်နဲ့ အဆီပြန်တဲ့ ခံစားချက်ကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။  မိုက်ခရိုပလတ်စတစ်တွေက လွယ်လွယ်နဲ့ အရည်မပျော်သလို၊ ပုပ်သိုးတာမျိုးလည်း မရှိဘဲ ထုတ်ကုန်ရဲ့ အနေအထားကို ကြာရှည်အောင် ထိန်းပေးနိုင်ပါတယ်။ သဘာဝကနေရတဲ့ ကုန်ကြမ်းကနေ ထုတ်လုပ်တဲ့ပစ္စည်းတွေမှာလည်း ဒီထက်ကောင်းတဲ့ အားသာချက်တွေအများ ကြီးရှိပါတယ်။ ဒါပေမယ့် မိုက်ခရိုပလတ်စတစ်တွေ အသုံးပြုမှုတွင်ကျယ်ရတဲ့ အဓိကအကြောင်းအရင်း ကတော့ သဘာဝထုတ်ကုန် တွေထက် ထုတ်လုပ်မှုကုန်ကျစားရိတ် များစွာသက်သာလို့ပဲ ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ ဆင့်ပွားမိုက်ခရိုပလတ်စတစ် (Secondary microplastics) ဖြစ်ပြီး ပုလင်းတွေ၊ ထုပ်ပိုးပစ္စည်းတွေ၊ ကျွတ်ကျွတ်အိတ်တွေ၊ ငါးဖမ်းကိရိယာ၊ တာယာ၊ ဓာတုချည်မျှင်အဝတ်အထည် တွေနှင့် တစ်ခါသုံးပစ္စည်းများ ပျက်စီးကြေမွရာမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ပလတ်စတစ်တွေဟာ တစ်ခါကြေမွသွားတာနဲ့ ပျောက်ကွယ်မသွားဘဲ အစားအစာကွင်းဆက်နဲ့ ရေထု၊ မြေထု၊လေထုထဲမှာ ဆင့်ပွားမိုက်ခရိုပလတ်စတစ်အဖြစ် လှည့်လည်နေပါတယ်။ ဒါကြောင့် မိုက်ခရိုပလတ်စတစ်ဆိုတာ ခဏတာ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုမျိုးမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာမြေကို ညစ်ညမ်းစေတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ရှူနေတဲ့လေ၊ သောက်နေတဲ့ရေနဲ့ စားနေတဲ့အစား အစာတွေမှာ နှစ်ပေါင်းများစွာ ပျက်စီးဖို့ခက်တဲ့ မိုက်ခရိုပလတ်စတစ်တွေ ဘယ်လောက်များပါဝင် နေပြီလဲ။ ကျွန်တော်တို့လူသားတွေရဲ့ ခန္ဓာကိုယ်ထဲ ဘယ်ရွေ့ဘယ်မျှ ဝင်နေပြီလဲ စသဖြင့် တွေးကြည့်တာနဲ့တင် ရင်လေးစရာကောင်းလှပါတယ်။

ပြည်သူ့ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ပြင်ပက အမှုန်အမွှားတွေ ခန္ဓာကိုယ်တွေဝင်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေသာမက ပလတ်စတစ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများ၊ ပလတ်စတစ်မျက်နှာပြင်မှာ ကပ်ငြိနေတဲ့ မိမိပတ်ဝန်းကျင်ရှိ အဆိပ်အတောက်တွေနဲ့ ပလတ်စတစ်အမှုန်များပေါ်မှာ ကပ်ပါလာနိုင်တဲ့ ဘတ်တီးရီးယားအပါအဝင် အခြားအဏုဇီဝပိုးမွှားများကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပြဿနာ တွေကလည်း အများကြီးပါ။ ဒါ့အပြင် သုတေသနတွေအရ မိုက်ခရိုပလတ်စတစ်ဟာ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ၊ မျိုးပွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာ၊ ဦးနှောက်နဲ့အာရုံကြောပြဿနာ၊ အခြားနာတာရှည်ရောဂါတွေ၊ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ 

ဒီမိုက်ခရိုပလတ်စတစ်ပြဿနာရဲ့ အရင်းအမြစ်ကို ထိန်းချုပ်ကန့်သတ်နိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ပထမတစ်ခုကတော့ ပလတ်စတစ်အသုံးပြုမှုကို လူတစ်ဦးတစ်ယောက်ချင်းစီက လျော့ချနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ပလတ်စတစ်နဲ့ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးလျော့သုံးတာ (reduce)၊ ပြန်သုံးလို့ရရင် ပြန်သုံးတာ (reuse)နဲ့ ပလတ်စတစ်အစား အခြားပစ္စည်းတွေအစားထိုးလို့ရရင် အစားထိုးအသုံးပြုတာ (replace)ကို လူတစ်ဦးတစ်ယောက်ချင်းစီက အလေ့အကျင့်လုပ်ပြီး ကျင့်သုံးလို့ရပါတယ်။ တစ်ဖက်မှာလည်း ပလတ်စတစ်ပစ္စည်းတွေ စွန့်ပစ်မှုကို စနစ်တကျ စီမံခန့်ခွဲပြီးပြန်လည် အသုံးချတဲ့ စနစ် (Recycle system)လည်း ရှိလာဖို့ ကျင့်သုံးလာဖို့ သက်ဆိုင်ရာ နိုင်ငံ၊ သက်ဆိုင်ရာဒေသအာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေ၊ တတ်သိပညာရှင်တွေနဲ့ ပြည်သူလူထု ပူပေါင်းပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဥပမာ ဈေးဝယ်စင်တာတွေမှာ ပစ္စည်းတွေကို ထုတ်ပိုးပေးရာမှာ တစ်ခါသုံးပလတ်စတစ်အိတ်တွေအစား အခြားပလတ်စတစ်မဟုတ်တဲ့ အိတ်တွေနဲ့အစားထိုးတာနဲ့၊ ဈေးဝယ်သူကလည်း သယ်ဖို့အတွက် အကြိမ်ကြိမ်ပြန်သုံးလို့ရတဲ့ ထည့်စရာအိတ်တွေ ယူလာတာ မျိုးပေါ့။ အစားအသောက်တွေကို ထည့်ဖို့ ချိုင့်တွေယူလာတာ၊ ဝါး၊ ဖက်ရွက် စတဲ့ သဘာဝအခြေခံ ပစ္စည်းတွေနဲ့ အစားထိုးပြီး အစားအသောက်ထည့်တာကလဲ မိုက်ခရိုပလတ်စတစ် အန္တရာယ်ကနေ ကာကွယ်ဖို့ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အရာပါပဲ။ 

ဒါ့အပြင် အမှိုက်တွေစွန့်ပစ်တဲ့အခါမှာ ပလတ်စတစ်ဘူးခွံတွေ၊ အိတ်တွေကို စနစ်တကျသီးသန့် စွန့်ပစ်နိုင်အောင် အမှိုက်ပုံးတွေကို အရောင်ခွဲပြီး စီစဉ်ဆောင်ရွက်ပေးတာမျိုးကို နိုင်ငံတော်တော် များများမှာ ကျင့်သုံးနေသလို မြန်မာနိုင်ငံမှာလည်း ကျင့်သုံးသင့်ပါတယ်။ ဒါပေမယ့် အရှေ့တောင်အာရှဒေသအချို့က ကျွန်တော်တို့နိုင်ငံအပါအဝင် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာတော့ မြို့ပြဖွံ့ဖြိုးမှုမြန်ဆန်ခြင်း၊ အမှိုက်စွန့်ပစ်မှု စနစ်မကျခြင်းနဲ့ ရေဆိုးသန့်စင်မှု အားနည်းခြင်းတွေကြောင့် ပလတ်စတစ်ပြဿနာကို ထိန်းချုပ်နိုင်ဖို့ ခက်နေပါသေးတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာမှာ လူတိုင်း ပါဝင်နေမယ်ဆိုရင်တော့ မိုက်ခရိုပလတ်စတစ် ပြဿနာကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာပါ။ 

သေးငယ်တဲ့မိုက်ခရိုပလတ်စတစ်တွေဟာ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ကျန်းမာရေး ဆိုင်ရာပြဿနာရပ်တွေ ဖြစ်ပေါ်လာမှုအပေါ်မှာတော့ ကြီးမားပြင်းထန်တဲ့သက်ရောက်မှု ရှိနေပါတယ်။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ လာမယ့်ဆယ်စုနှစ်ရာစုနှစ်များအတွင်းမှာ လူသားတွေရဲ့ ရွေးချယ်မှုကြောင့် ပြောင်းလဲလာမယ့်အခြေအနေတွေ စိန်ခေါ်မှုတွေရှိလာနေပါတယ်။ ပလတ်စတစ် ကျွတ်ကျွတ်အိတ်၊ ပလတ်စတစ်ရေဘူးတွေ ပလတ်စတစ်ပစ္စည်းတွေနဲ့‌ ပြည့်နေတဲ့ မသန့်စင်တော့တဲ့ ကမ္ဘာကြီးအဖြစ် ပြောင်းလဲချင်လေသလား ဒါမှမဟုတ် ပလတ်စတစ်ကင်းစင်တဲ့ စိမ်းလမ်းတဲ့တောတောင်၊ သန့်ရှင်းတဲ့ရေ၊ လတ်ဆတ်တဲ့လေနဲ့ ကမ္ဘာကြီးကို လာမယ့်နှစ်တွေမှာ အလှဆင်နိုင်လေမလား ဆိုတာ လူသားတွေ အနေနဲ့ အချိန်မဆိုင်းဘဲ ဆုံးဖြတ်ရတော့မယ့် အချိန်ကို ရောက်လာနေပြီဆိုတာ သတိပေးရင်းနဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။   

#Microplastics

#မိုက်ခရိုပလတ်စတစ်

References

European Chemicals Agency. (n.d.). Microplastics (hot topic). https://echa.europa.eu/hot-topics/microplastics

Landrigan, P. J., et al. (2025). The Lancet Countdown on health and plastics. The Lancet. https://www.thelancet.com/journals/lancet/article/PIIS0140-6736%2825%2901447-3/abstract

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment