Skip to content

မြန်မာတွေ ဘယ်အချိန်မှာ အပျိုရည်/လူပျိုရည် ပျက်လဲ

“အပျိုရည် ပျက်တယ်”၊ “လူပျိုရည် ပျက်တယ်” ဆိုတဲ့ စကားလုံးတွေဟာ ကျွန်တော်တို့ မြန်မာ့လူအသိုင်းအဝိုင်းမှာ မကြာခဏ ကြားရလေ့ ရှိတဲ့ စကား၊ အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်ပြီး သက်ကြီးပိုင်းတွေရဲ့ နှုတ်က ထွက်လာလေ့ ရှိတဲ့ စကား။ ခေတ်မီ လူ့အသိုင်းအဝိုင်းမှာ “အပျိုရည်/လူပျိုရည်” ပျက်တယ်ဆိုတာ “ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်း” လို့သာ သိထားပေမယ့် မြန်မာ့လူ့အသိုင်းအဝိုင်းကတော့ ဒါကို ဇီဝဗေဒ သဘောတရားထက် ပိုတဲ့ ယဉ်ကျေးမှု၊ လူမှုရေးစံနှုန်း (Social and Cultural Norms) ပေါ်က အခြေခံ ပြီး ပြောဆိုလေ့ ရှိတာပါ။ ဒီလို သဘောပေါက်တဲ့အခါမှာ ပုံသဏ္ဍာန်လေးမျိုးနဲ့ နားလည်လက်ခံတာပါ။ တစ်ခုကတော့ အပျိုမြှေးဆိုတဲ့ (Hymen) နဲ့ ဆက်စပ်တဲ့ နားလည်မှု ပုံစံပါ။ အပျိုမြှေးဆိုတာ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါမှာ မွေးရာပါ ပါလာတဲ့ အမြှေးပါးတစ်ခုဖြစ်ပြီး အဲဒါရှိနေတာကို “အပျိုစစ်တယ်” လို့ ယူဆပြီး အဲဒါ မရှိရင် “အပျိုမစစ်တော့ဘူး” လို့ လွဲမှားစွာ နားလည်ခြင်းပါ။ တချို့ အစွန်းရောက်တဲ့သူတွေဆိုရင် အမျိုးသမီး တစ်ဦး အိမ်ထောင်ပြုတဲ့အခါ မင်္ဂလာဦးညမှာ သွေးစက်ကျမှ၊ သွေးထွက်မှ အပျိုစစ်တယ်ဆိုတဲ့အထိ တလွဲ နားလည်မှု၊ အယူအဆမျိုးတောင် ရှိတတ်ပါတယ်။ နောက်တစ်ခုကတော့ “တန်ဖိုးနဲ့ သိက္ခာပိုင်းဆိုင်ရာ ရှုမြင်မှု” ကို အခြေခံတဲ့ နားလည်မှု ပုံစံပါ။ မြန်မာ့ယဉ်ကျေးမှု စံနှုန်းအရ အပျိုရည်ဟာ အမျိုးသမီးတစ်ယောက်အတွက် “အကြီးမားဆုံးသော တန်ဖိုး” (ဝါ) “ဂုဏ်သိက္ခာ” အဖြစ် သတ်မှတ်ထားတာပါ။ ဒီတန်ဖိုး၊ ဒီသိက္ခာအရ အမျိုးသမီးတွေဟာ လက်မထပ်မီ လိင်ဆက်ဆံတာကို ရှေင်ကြဉ်ပြီး အပျိုရည်ကို ထိန်းသိန်းတာဟာ “မြန်မာ အမျိုးသမီးကောင်း ပီသခြင်း” လို့ ခံယူ နားလည်ကြတာပါ။ အပျိုရည်ပျက်တာကို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုဆိုတာထက် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပျက်စီးခြင်းလို့ မြန်မာ့လူ့အသိုင်းအဝိုင်းထဲက ရှေးရိုးစွဲသူတွေက အခုအချိန်အထိ လက်ခံထားတဲ့ နားလည်မှုပုံစံပါ။

​နောက်ထပ်တစ်ခုကတော့ “Misconceptions” ဆိုတဲ့ “လွဲမှားတဲ့ နားလည်မှု” ပုံစံပါ။ ဒီနားလည်မှုပုံစံ က ကျန်းမာရေးဆိုင်ရာ ဗဟုသုတ နည်းပါးတဲ့ လူအများစုမှာ ရှိတတ်တဲ့ ပုံစံပါ။ အမျိုးသမီးတွေရဲ့ အပျိုမြှေးဟာ လိင်ဆက်ဆံခြင်း မရှိဘဲ ပေါက်ပြဲတတ်ပါတယ်။ ဥပမာ – စက်ဘီးစီးတာ၊ အားကစားပြင်းပြင်းထန်ထန် လုပ်တာ၊ ကခုန်တာ၊ သစ်ပင်တတ်တာ စတဲ့ အလုပ်တွေကြောင့်လည်း ပေါက်ပြဲတတ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုး ကို ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတရှိသူတွေသာ သိနားလည်နိုင်ပြီး ဗဟုသုတနည်းသူတွေကတော့ အပျိုမြှေးပေါက်တာ လိင်ဆက်ဆံလို့ပဲ ဆိုတဲ့ တယူသန် အယူအဆတွေနဲ့ နားလည်သဘောပေါက်ကြတဲ့ ပုံစံပါ။ ဆေးပညာအရ ခုနက ပြောခဲ့တဲ့ နည်းလမ်းတွေကြောင့် အပျိုမြှေးပေါက်ခဲ့ရင်တောင် လိင်ဆက်ဆံမှု မရှိသရွေ့ “အပျို” – “Virgin” လို့ သတ်မှတ်လေ့ ရှိပါတယ်။ နောက်ဆုံးတစ်ခု မြန်မာ့လူ့အသိုင်းအဝိုင်းမှာ မညီမျှတဲ့ ကျား/မ ခွဲခြားတဲ့ စံနှုန်းကို အခြေခံနားလည်မှုပုံစံပါ။ “ပျိုရည်” ပျက်တယ်ဆိုတာ “အပျိုရည်” လည်း ပါသလို “လူပျိုရည်” ကိုလည်း ညွှန်းဆိုပါတယ်။ ဒါပေမဲ့လည်း မြန်မာ့လူ့အဖွဲ့အစည်းမှာက အမျိုးသမီးတွေရဲ့ “အပျိုရည်ပျက်” တာကိုသာ အဓိက စောင့်ကြည့် အကဲဖြတ်လေ့ ရှိပေမယ့် အမျိုးသားတွေ “လူပျိုရည်” ပျက်တာကိုတော့ အရေးကြီးကိစ္စတစ်ခုလို သဘောမထားတဲ့ အလေ့အကျင့်ပါ။ တချို့ဆိုရင် “ယောကျ်ားလေးပဲ – ဗိုက်မကြီးပါဘူး” ဆိုပြီး အစွန်းရောက်တဲ့အထိ ကျား/မ ခွဲခြားတဲ့ အမြင်တွေအထိ ရှိတာ၊ ကျင့်သုံးတာတွေ ရှိတဲ့ နားလည်မှုပုံစံပါ။

​“ဒါက အခုမှ မဟုတ်ဘူးလေ။ အမေတို့လည်း တစ်လျှောက်လုံး ဒီလိုပဲ သွန်သင်ခံရ၊ ဆုံးမခံရတာ။ သားယောင်္ကျားလေးက ပြဿနာ မဟုတ်ဘူး။ သမီး မိန်းကလေးက အခုလိုမျိုး စွန်းစွန်းထင်းထင်း ဖြစ်သွားရင် သူတင် မဟုတ်ဘူး၊ တစ်မိသားစုလုံး သူများ တံတွေးခွက်ထဲ မြောမှာ။ အပျိုစစ်တယ် မစစ်ဘူးဆိုတာက အမေတို့ လူ့အသိုင်းအဝိုင်းမှာ တန်ဖိုးတစ်ခုလေ။ အချိန်တန်လို့ အိမ်ထောင်ရက်သား ချပေးလို့ ကိုယ့်သမီးက အပျို ရည်ပျက်နေတယ်ဆိုပြီး နွားမ ရွှံ့ပိတ်ရောင်းတယ်ဆိုပြီး အပြောမခံနိုင်ဘူး။ ခေတ်ကာလအရ ရည်းစားထားတာ ဘာညာ ရှိရင်လည်း ခိုးပြေးတာမျိုး၊ လွန်လွန်ကျွံကျွံမျိုး မဖြစ်အောင်တော့ ထားချင်ထား၊ ဒါပေမဲ့ မလွန်စေနဲ့ ဆိုတာနဲ့ပဲ ပြန်တားနေရတယ်” လို့ မရမ်းကုန်းမြိုနယ်မှာ နေထိုင်တဲ့ သားနှစ်ယောက်၊ သမီးနှစ်ယောက် အမေ ဒေါ်သော်သော်က ပြောပါတယ်။

လူငယ်ဆိုတာ

​လူငယ်ဆိုတာကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားကြလေ့ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် လူငယ်တွေဟာ တချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေအထိ ဖြစ်လာနိုင်သလို နိုင်ငံတည်ဆောက်ရေးမှာ အရေးကြီးတဲ့ လူ့စွမ်းအားအရင်းအမြစ်အဖြစ် သတ်မှတ်ထားကြလို့ပါ။ လူငယ်လို့ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ (UN) နဲ့ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့ (WHO) ကတော့ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြားလို့ သတ်မှတ်ပါတယ်။ မြန်မာမှာတော့ ၁၅ နှစ်ကနေ ၃၅ နှစ်ကြား သတ်မှတ်ပြီး အာဆီယံထဲက တချို့နိုင်ငံတွေကတော့ အသက် ၁၅ နှစ်ကနေ ၄၀ အထိ သတ်မှတ်တာမျိုးလည်း ရှိပါတယ်။ ဒီလို သတ်မှတ်တာဟာလည်း နိုင်ငံရဲ့ အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ်အပေါ် အစိုးရတစ်ရပ်က ရယူသုံးစွဲချင်တဲ့ သဘောထားတွေပေါ်လည်း မူတည်ပါတယ်။ အများအားဖြင့် လူငယ်လူရွယ်တွေရဲ့ သဘာဝအရ လွတ်လပ်ချင်ကြတာပါ။ ဒီလို လွတ်လပ်မှုကို အခြေခံတဲ့ အပြုအမူ၊ လုပ်ဆောင်မှုတွေကပဲ အပေါ်မှာ ပြောခဲ့တဲ့ “အပျိုရည်ပျက်မှု” ၊ “လူပျိုရည်ပျက်မှု” ဆိုတာတွေ ဖြစ်လာတာပါပဲ။ နိုင်ငံတကာမှာ “အပျိုရည် ပျက်တာ” “လူပျိုရည်ပျက်တာ” ထက် လူငယ်တွေကြားမှာ ကျန်းမာတဲ့ လိင်ပိုင်း ဆိုင်ရာ အပြုအမူ (Healthy Sexual Behaviour in Youth) ဆိုတာမျိုးကို အသားပေး ပြောဆိုလေ့ ရှိပါတယ်။ ဒီ့အတွက်လည်း မူလတန်းအဆင့် ကျောင်းတွေကစလို့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု (Sexuality Education) ဆိုတာကို ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ သင်ရိုးတစ်ခုပုံစံနဲ့ ထည့်သွင်း သင်ကြားပေးတာပါ။

​ဥရောပနိုင်ငံတွေမှာ ဒီလိုမျိုး ကျောင်းသင်ရိုးထဲ ထည့်သွင်းသင်ပေးတာဟာ အစဉ်အလာတစ်ရပ်တတောင် ဖြစ်နေပါပြီ။ ဒီစနစ်ကို ၁၉၅၅ နှစ်ကတည်းက ဆွီဒင်နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း ဆယ်စုနှစ်တွေမှာတော့ တခြားဥရောပနိုင်ငံတွေကပါ လိုက်ပြီး လုပ်ခဲ့တာပါ။ ဥရောပက လိင်ပိုင်းဆိုင်ရာ အသိပညာပေးရေးကျွမ်းကျင်သူများအဖွဲ့ ဖော်ပြချက်တွေအရ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုရဲ့ ဦးစားပေးအကြောင်း အရာတွေဟာ အဲဒီခေတ်ကာလရဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍ ဦးစားပေးကိစ္စရပ်တွေပေါ် မူတည်ပြီး ပြောင်းလဲလာလေ့ ရှိပါတယ်တဲ့။ ၁၉၆၀ – ၇၀ ပြည့်လွန်နှစ်တွေမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ် ခြင်းက စတင်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်မှာတော့ ခုခံအားကျ HIV ရောဂါကို ကာကွယ်ဖို့၊ ၁၉၉၀ ပြည့်လွန်နှစ် တွေမှတော့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို အခြေခံ အသိပညာပေးမှုကို ပြောင်းလဲသွားပါတယ်။ အခု နောက်ပိုင်း ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ လိင်ခွဲခြားဆက်ဆံမှု၊ လိင်တူချစ်သူတွေကို ကြောက်ရွံ့မုန်းတီးခြင်း (Hemophobia) ၊ အွန်လိုင်းအခြေပြု အနိုင်ကျင့်မှု (Online Bullying) စတာတွေကို ကာကွယ်ခြင်းအထိ ဖြစ်လာခဲ့ပြီး ဒီကနေ့ခေတ်မှာတော့ ကျား/မ ရေးရာစံနှုန်း (Gender Norms) နဲ့ ကျား/မ မညီမျှမှုအပေါ် အခြေခံတဲ့ Gender Inequality တွေဟာ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုရဲ့ အရေးပါတဲ့ ခေါင်းစဉ်၊ ကဏ္ဍတွေ ဖြစ်လာတယ်လို့ အီးယူပါလီမန် (EU Parliament) ရဲ့ “Comprehensive sexuality education : Why is it important?” စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီစာတမ်းဟာ ကလေးငယ်တွေနဲ့ လူငယ်တွေကြားမှာ ကိုယ့်ရဲ့ ကျန်းမာရေး၊ ကောင်းမွန်စွာ နေထိုင်ရေးနဲ့ ဂုဏ်သိက္ခာကို နားလည်သဘောပေါက်ဖို့၊ လေးစားမှု ရှိတဲ့ လူမှုဆက်ဆံရေးနဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံရေး တည်ဆောက်ရေး၊ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ်နဲ့ သူတစ်ပါးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားတတ်ဖို့၊ ကိုယ့်ဘဝတစ် လျှောက်မှာ ကိုယ့်ရဲ့ အခွင့်အရေးကို နားလည်ပြီး ကာကွယ်စောင့်ရှောက်မှု ရစေဖို့ ရည်ရွယ်ထုတ်ဝေထားတာပါ။ ဒီ့အတွက်လည်း WHO အပြင် USAID လို အဖွဲ့အစည်းတွေဟာ ကမ္ဘာ့နိုင်ငံ အသီးသီးက လူငယ်တွေဟာ ဘယ်အသက်အရွယ်မှာ လိင်ဆက်ဆံမှုကို စလုပ်တတ်သလဲဆိုတဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပြီး ပြည်သူ့ကျန်းမာရေးရှုထောင့်ကနေ ပြင်ဆင်စရာ ရှိရင် ပြင်နိုင်အောင်အတွက် ထုတ်ပြန်လေ့ ရှိပါတယ်။

​LA Jackson ဆိုသူဟာ ၁၉၁၅ ခုနှစ်က London Rubber Company အမည်နဲ့ ပထမဆုံးအကြိမ် ကွန်ဒုံးထုတ်လုပ်ရောင်းချတဲ့ Durex နဲ့ USAID က ကိုးကြိမ်မြောက် ထုတ်ဝေထားတဲ့ လူဦးရေနှင့် ကျန်းမာရေး စစ်တမ်း အချက်အလက်တွေကို ကိုးကားပြီး ၂၀၂၆ ခုနှစ်မှာ ဘယ်နိုင်ငံက လူငယ်တွေဟာ “ဘယ်အသက်အရွယ်မှာ လူပျို – အပျိုဖြစ်မှုကို စွန့်လွှတ်လေ့ရှိသလဲ” ဆိုတာကို worldpopulationreview.com က “နိုင်ငံအလိုက် ပထမဆုံး လိင်ဆက်ဆံမှု စတင်ပြုလုပ်လေ့ရှိသော ပျမ်းမျှအသက်အရွယ် – ၂၀၂၆) ဆိုတဲ့ အချက်အလက်တွေကို ထုတ်ပြန်ထားပါတယ်။ အချက်အလက်တွေအရ လိင်ပညာပေးမှု အားကောင်းပြီး ပွင့်လင်းတဲ့ ယဉ်ကျေးမှုက ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုအပေါ် အများကြီး သက်ရောက်တာကို တွေ့ရပါတယ်။ ဥရောပနဲ့ မြောက်အမေရိကလို ဒေသတွေမှာ ယေဘုယျအားဖြင့် အသက်အရွယ် ငယ်ငယ်မှာတင် ပထမဆုံး လိင်ဆက်ဆံမှုကို စတင်လေ့ ရှိပါတယ်။ အိုက်စလန်မှာဆို ၁၅ ဒသမ ၆ နှစ်လောက်မှာ စတင်ပြီး ဒိန်းမတ်မှာ ၁၆ ဒသမ ၁ နှစ်၊ ဆွီဒင်မှာ ၁၆ ဒသမ ၂ ၊ အမေရိကန်မှာ ၁၈ နှစ်နဲ့ ဗြိတိန်မှာ ၁၈ ဒသမ ၃ နှစ်၊ ပြင်သစ်မှာ ၁၈ ဒသမ ၅ နဲ့ ဂျာမနီမှာ ၁၇ ဒဿမ ၆ နှစ် ဖြစ်ပါတယ်။ တောင်အာဖရိက က ဘရာဇီးမှာ ၁၇ ဒသမ ၄ နှစ်၊ မက္ကဆီကိုမှာ ၁၈ ဒသမ ၇ နှစ်၊ သြစတြေးလျမှာ ၁၇ ဒသမ ၉ နှစ်ဖြစ်ပါတယ်။ ဒီကိန်းဓဏန်းတွေဟာ ကမ္ဘာ့လူဦးရေ ဆန်းစစ်ချက်နဲ့ စစ်တမ်းတွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေး အခြေအနေတွေအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါသေးတယ်။

​World Population Review က ထုတ်ပြန်တဲ့ အာရှအတွက် အချက်အလက်တွေအရ အာရှဒေသ နိုင်ငံအတော်များများက လူငယ်တွေရဲ့ ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အသက်အရွယ်ဟာ နောက်ကျလေ့ ရှိတာကို တွေ့ရပါတယ်။ အစောဆုံးလို့ ဆိုရမယ့် အိန္ဒိယနိုင်ငံမှာတောင် ၁၈ ဒသမ ၉ နှစ်ကျမှ ပထမဆုံး လိင်ဆက်ဆံမှုကို စလုပ်ကြတာပါ။ ဒါဟာ လိင်ဆက်ဆံမှုမှာ ပွင့်လင်းပါတယ်ဆိုတဲ့ ထိုင်းရဲ့ ၂၀ ဒသမ ၂ နှစ်ထက်ကို ပိုများပါတယ်။ တီမောနိုင်ငံက ၂၀ ဒသမ ၅ နှစ်၊ ဖိလစ်ပိုင်နိုင်ငံကတော့ ၂၀ ဒသမ ၇ နှစ်၊ အင်ဒိုနီးရှားနိုင်ငံက ၂၀ ဒသမ ၉ နှစ်၊ တရုတ်က ၂၁ ဒသမ ၂ နှစ်၊ ကမ္ဘောဒီးယားက ၂၁ ဒသမ ၄ နှစ်၊ စင်ကာပူက ၂၂ နှစ်နဲ့ မြန်မာကတော့ ၂၂ ဒသမ ၅ နှစ် ရှိပါတယ်။

​“ထိုင်းမှာက နိုင်ငံတကာ ခရီးသွားစျေးကွက် ရှိတာနဲ့အတူ ရောပါလာတာက လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမှုလို့ပဲ ပြောရမယ်။ ဒီတော့ အာရှတွင်း တခြားဒေသတွေထက် ပထမဆုံး လိင်ဆက်ဆံတဲ့ အသက်အရွယ်က စောနေတာက မဆန်းဘူး။ အိန္ဒိယကတော့ ထိုင်းနဲ့မတူတာက သူ့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကြောင့် အစောဆုံး ဖြစ်နေတာလို့ သုံးသပ်ရမယ်။ အိန္ဒိယမှာက Arrange Marriage လို့ ပြောတဲ့ မိဘတွေ၊ ဆွေမျိုးတွေက ကိုယ့်သားသမီးတွေရဲ့ အိမ်ထောင်ရေးကို စီမံတဲ့နေရာမှာ အဓိက ကျသူတွေ။ လူငယ်တွေက ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိဘစီမံတဲ့အတိုင်း လိုက်နာရတာအပြင် အရွယ်ရောက်ပြီဆိုတဲ့ သတ်မှတ်ချက်က စောတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခံရတာတွေ ရှိတယ်။ ဒီတော့ ပထမဆုံး လိင်ဆက်ဆံတဲ့ အရွယ်ကို ပြောကြရင် အဲဒီနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ နောက်ပြီး ကျောင်းသင်ခန်းစာတွေမှာ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု သင်ရိုးတွေ ပါ၊ မပါက ဒီအပေါ်မှာ အများကြီး မူတည်လာတယ်” လို့ ထိုင်းနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးအထူးပြုနဲ့ မာစတာတန်းတက်နေတဲ့ ကျောင်းသူတစ်ဦးက MyanHealth ကို မှတ်ချက်ပြုပါတယ်။

​ဒီကနေ့ ကမ္ဘာမှာ HIV/AIDS ၊ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ၊ မရည်ရွယ်ဘဲ ကိုယ်ဝန်ရတာ၊ ကျား/မအခြေပြု အကြမ်းဖက်မှု၊ ကျား/မ တန်းတူညီမျှမှု အခြေအနေတွေဟာ လူငယ်တွေအတွက် ကျန်းမာ သုခပြည့်စုံတဲ့ ဘဝရရှိရေးကို ကြီးမားစွာ ခြိမ်းခြောက်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) က ထုတ်ပြန်ထားတဲ့ “မျိုးပွားခြင်း သဘာဝနှင့် လူမှုဆိုင်ရာ ဘဝတွက်တာ သိမှတ်စရာများ” အတွက် နိုင်ငံတကာ နည်းပညာလမ်းညွှန်” စာအုပ်မှာ အတိအလင်း ဖော်ပြ၊ သတိပေး ထားပါတယ်။ ဒီစာအုပ်ထဲမှာပဲ WHO ရဲ့ ၂၀၁၄ နဲ့ ၂၀၁၇ က ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာမှာ ကလေးမွေးနှုန်း ကျဆင်းနေပေမယ့် အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီးတွေဟာ ကလေးမွေးဖွားပြီး ဖြစ်နေတာ၊ ကလေးပျမ်းမျှမွေးနှုန်းအရ ၁,၀၀၀ မှာ ၄၉ ဦးဟာ ဆယ် ကျော်သက်တွေက မွေးဖွားပေးနေတာ ဖြစ်ပြီး နိုင်ငံအလိုက် ကွာခြားမှုမှာဆိုရင် ၁ ကနေ ၂၉၉ ဦး အထိ ရှိတယ်လို့ သတိပေးထားပြီး ဒါဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာကြောင့်လို့ ဆိုထားပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆယ်ကျော်သက်မိခင် ကလေးမွေးဖွားမှုရဲ့ ၉၀ ရာခိုင်နှုန်းဟာ အိမ်ထောင်ပြုပြီးချိန်တွေမှာ ဖြစ်ပြီး ဆိုးရွားတဲ့ ကျန်းမာရေးနဲ့ လူမှုရေး အကျိုးဆက်တွေကို ဖြစ်စေတဲ့အပြင် အသက် ၁၉ နှစ်အောက် မိန်းကလေး သေဆုံးမှုရဲ့ ဒုတိယမြောက် အကြောင်းအရင်းလည်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

​“မြန်မာပြည်မှာ အမျိုးသမီးတွေ ခပ်စောစော အိမ်ထောင်ပြုကြတဲ့ ကိစ္စမှာ အဓိက ကတော့ ဘက် ပေါင်းစုံ ဖိနှိပ်ခံရမှုက အကြောင်းအရင်းတစ်ခုလို ဖြစ်မယ် ထင်တယ်။ ရှေးရိုးစွဲတဲ့ ယဉ်ကျေးမှုအလေ့အထ၊ ထုံးတမ်းတွေ၊ အိမ်က သူတွေရဲ့ မိန်းကလေးဆိုတဲ့ အမြင်အပေါ်က ထိန်းချုပ်ချင်တာတွေက ဒီအပေါ်မှာ အများကြီး သက်ရောက်တယ်။ ဒီလိုမျိုး ဖိနှိပ်ခံရတာကနေ ထွက်ဖို့က အိမ်နဲ့ ဝေးရာကို ထွက်မှ ဖြစ်မယ်လေ။ ဒီတော့ နိုင်ငံရပ်ခြားကို အလုပ်လုပ်မယ်၊ ကျောင်းတက်မယ်ဆိုပြီး ထွက်သွားသူတွေမှာက အချက်အလက်အရ မဟုတ်ပေမယ့် အိမ်ထောင်ကျတာတွေက မစောဘူး။ ဒါပေမဲ့ ပြည်တွင်းထဲမှာ နေပြီး အိမ်ကနေ ထွက်ချင်တဲ့ သူအတွက်က အိမ်ထောင်ပြုပစ်လိုက်တာပဲ။ အိမ်က လွတ်ရင် ပြီးရောဆိုတဲ့ စိတ်အခံကနေ ငယ်ငယ်ရွယ်ရွယ် နဲ့ လိင်ဆက်ဆံမိတာကနေ စပြီး အိမ်ထောင်ကျတဲ့အဆင့်အထိ ဖြစ်ကုန်ကော။ နောက်ဆက်တွဲ ကြုံလာမယ့် ပြဿနာထက် လတ်တလော လွတ်လပ်မှုကို ခုံမင်တာ၊ ချုပ်ချယ်တာကို မကြိုက်တာက အဓိက အကြောင်းအရာ ဖြစ်မယ်လို့ ထင်တယ်။ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုက မြန်မာပြည်မှာ ကောင်းကောင်း မသင်ယူခဲ့ရတာကလည်း ဒီပြဿနာကို ပိုပြီး ကြီးစေလိမ့်မယ်ဗျ” လို့ ထိုင်းနိုင်ငံမှာ ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ကိုထက် (အမည်လွှဲ) က မှတ်ချက်ပေးပါတယ်။

​မြန်မာ့ လူမှုအသိုင်းအဝိုင်းမှာ အခုအချိန်အထိ ကြုံတွေ့နေရတဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေ၊ ထုံးတမ်း စဉ်လာ တွေးခေါ်မှုတွေဟာ ဒီကနေ့ခေတ် ဆေးပညာရှုထောင့်၊ လူမှုရေးရှုထောင့်တွေနဲ့ ဖီလာဆန့်ကျင်နိုင်ပေမယ့်လည်း အသိပညာမပြည့်ဝခင် လုံခြုံမှုကင်းမဲ့နိုင်တဲ့ ပထမဆုံးလိင်မှုကိစ္စဆက်ဆံတာ၊ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့အိမ်ထောင်ပြုတာ၊ သက်ငယ်ကိုယ်ဝန်ဆောင်နဲ့ နောက်ဆက်တွဲ လူမှုရေးဆိုးကျိုးတွေကိုတော့ ပိုဆိုးမလာအောင် အကျိုးပြုနေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဗဟုသုတ ဆိုင်ရာ အမြင်အားနည်းမှုကလည်း အမျိုးသမီး လူငယ်လူရွယ်တွေကို ဖိနှိပ်ဖို့အတွက် အကြောင်းပြချက်တစ်ခုလို ဖြစ်နေမှုကလည်း ဆက်အားကောင်းနေဆဲပါပဲ။ ပွင့်လင်းလာတဲ့ခေတ်နဲ့အညီ လူငယ်တွေကြားထဲ အပျိုရည်၊လူပျိုရည်ကို အရင်တုန်းကလို စံထားပြောဆိုခြင်းတွေ နည်းလာတာဟာ တစ်ဖက်က ကောင်းပေမယ့် လုံခြုံစိတ်ချရတဲ့ လိင်ပညာပေးအသိပညာဗဟုသုတတွေ လုံလောက်အောင်မရှိတာ၊ မိသားစုစီမံကိန်းနဲ့ မျိုးဆက်ပွား အသိပညာ နည်းပါးတာတွေကို တွေ့နေရတဲ့အတွက် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေရဲ့ အန္တရာယ်တွေ၊ ကိုယ်ဝန်ဆောင်မီးဖွားခြင်းနဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ လူမှုစီးပွားပြဿနာတွေတော့ တစ်ဖက်မှာ ခံစားရဖို့ ရှိနေပါတယ်။

ကိုးကား

– The Face of Global Sex 2012 – Durex

– DHS-9 Questionnaire Revision Portal – USAID

– World Health Organization

– UNESCO

– EU Parliament

#အပျိုရည်ပျက်မှု

#လူမှုရေးဆိုင်ရာစံနှုန်း

#လိင်ဆက်ဆံမှု

#ဆယ်ကျော်သက်မိခင်

#ကူးစက်ရောဂါ

လူကြိုက်များသောဆောင်းပါးများ