Skip to content

ဆီးချိုရောဂါရှိသူတွေမှာဖြစ်တတ်တဲ့ခြေထောက်အနာ (Diabetes foot ulcer)

ဆီးချိုရောဂါရှိသူတစ်ယောက်ရဲ့ ခြေထောက်မှာ အနာလေးတွေ ပေါက်ပြီဆိုရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဒါဟာ ဆီးချိုခြေထောက်အနာ (Diabetic Foot Ulcer) လို့ခေါ်တဲ့ ပြဿနာကြီး ဖြစ်နိုင်လို့ပါ။ ဒီပြဿနာဟာ သာမန်ဆေးထည့်ရုံနဲ့ မသက်သာနိုင်ဘဲ ဆေးရုံတက်ရတာမျိုး၊ တစ်ခါတစ်ရံမှာ ရွေးချယ်စရာမရှိတော့ဘဲ ခြေထောက်ဖြတ်လိုက်ရတာမျိုးထိ ဖြစ်နိုင်ပါတယ်။

ဆီးချိုခြေထောက်ဖြစ်လာပြီဆိုရင် လက္ခဏာတွေအနေနဲ့ ခြေထောက်က အရမ်းခြောက်ပြီး အရေပြားကွဲနေတာ၊ ခြေချောင်းကြား၊ ဖနောင့်၊ ဖဝါးမှာ အနာစက်လေးတွေ ပေါက်နေတာ၊ အနာက နာမနေပေမယ့် ပြည်တည်နေတာ၊ အနံ့ဆိုးထွက်နေတာ၊ အနာဝန်းကျင် အရေပြားက နီရဲနေတာ (တစ်ခါတစ်ရံ မည်းနက်လာတာ)၊ ဖျားလာတာ၊ ခြေထောက်ရောင်လာတာ (ပိုးဝင်ပြီဆိုတဲ့လက္ခဏာ) စတာတွေ ပါဝင်ပါတယ်။

ဆီးချိုရောဂါရှိသူတွေမှာ ခြေထောက်အနာဖြစ်လာရတာဟာ အကြမ်းဖျင်းအားဖြင့် အကြောင်းအရာ ၃ မျိုးကြောင့်လို့ သတ်မှတ်လို့ရပါတယ်။ ဒါတွေကတော့-

၁။ အာရုံကြောပျက်စီးခြင်း – သွေးထဲမှာ သကြားဓာတ်များနေခြင်းက အာရုံကြောတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခြေထောက်က နာတာ၊ ပူတာ၊ စူးတာ စတာတွေကို သိပ်မခံစားနိုင်တော့ပါဘူး။ အဲ့ဒီအခါ သတိမထားမိဘဲ ခြေထောက်မှာ ဒဏ်ရာတွေရတာကနေ ဒဏ်ရာကို မခံစားမိတဲ့အတွက် ထိရောက်တဲ့ကုသမှုတွေ မလုပ်မိတဲ့အခါ အနာဖြစ်လာမှ၊ ပြည်တည်လာမှ၊ အနာပုပ်လာမှ အနာရှိမှန်း သိတာမျိုး ဖြစ်တတ်ပါတယ်။

၂။ သွေးလှည့်ပတ်မှု မကောင်းခြင်း – ဆီးချိုက သွေးကြောတွေကို မာ၊ ကျဉ်းစေပြီး ခြေထောက်ကို အောက်ဆီဂျင်နဲ့ အာဟာရရောက်ဖို့ ခက်ခဲသွားစေပါတယ်။ ဒါကြောင့် အနာဖြစ်ရင် မြန်မြန်ကျက်ဖို့ မလွယ်ကူတော့ပါဘူး။

၃။ ပိုးဝင်လွယ်ခြင်း- ဆီးချိုရှိသူတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က သာမန်သူတွေထက် အားနည်းနေတတ်ပါတယ်။ ဒါကြောင့် သေးငယ်တဲ့အနာပင်ဖြစ်ပါစေ ဘက်တီးရီးယားပိုးတွေ အလွယ်တကူဝင်ပြီး ပြည်တည်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်တယ်။

ဆီးချိုရောဂါရှင်တစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်မှာ ဒီခြေထောက်အနာဖြစ်ခြင်း၊ ပိုးဝင်ခြင်း ပြဿနာကို ခံစားရနိုင်ခြေ ၁၉-၃၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေကို မကြုံတွေ့ရအောင် လိုက်နာဆောင်ရွက်ရမယ့် အပိုင်းတွေ ရှိပါတယ်။ ဒါတွေကတော့ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်အောင် ဆေးဝါးကုသမှုကို စနစ်တကျ ခံယူတာ၊ အစားအသောက်၊ အနေအထိုင်တွေကို ဂရုတစိုက် ထိန်းချုပ်တာ စတာတွေပါပဲ။ ဒါ့အပြင် မလုပ်မဖြစ်လုပ်ရမယ့် နေ့စဉ်တာဝန်ကတော့ ခြေထောက်ကို စစ်ဆေးခြင်းပြီး ဂရုစိုက်ခြင်းပါ။ ခြေဖဝါး၊ ခြေချောင်းကြားတွေ၊ ခြေသည်းတွေ၊ ဖနောင့်တွေမှာ အနာစက်တွေ၊ အက်ကွဲတာတွေ၊ အရည်ကြည်ဖုတွေ၊ ပွေး/မှိုစွဲတာတွေရှိလား၊ ပွန်းတာ၊ ပဲ့တာရှိလားဆိုတာကို နေ့တိုင်း စေ့စေ့စပ်စပ် စစ်ဆေးပါ။ ခြေထောက်ကို သန့်သန့်ရှင်းရှင်းထားပါ။ ရေချိုးပြီးတိုင်း ခြေချောင်းကြားအထိ သေချာ ခြောက်အောင်သုတ်ပါ။ အရေပြားခြောက်သွေ့နေမယ်ဆို Moisturizer (အစိုဓာတ်ထိန်းခရင်မ်) လိမ်းပေးပါ (ခြေချောင်းကြားမလိမ်းရ)။ သက်တောင့်သက်သာရှိမယ့် ဖိနပ်စီးပါ။ ကြပ်တဲ့ဖိနပ်၊ ခြေအိတ်တွေ ရှောင်ပါ။ အိမ်ထဲမှာတောင် ဖိနပ်စီးတာ အကောင်းဆုံးပါပဲ။ သဲထူတဲ့နေရာ၊ ရေထဲမှာ ဘယ်သောအခါမှ ခြေဗလာနဲ့မလျှောက်ပါနဲ့။ အကယ်၍ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင်တော့ ဆေးလိပ်ဖြတ်လိုက်ပါ။ ဆေးလိပ်က သွေးကြောတွေကို ပိုကျဉ်းစေလို့ ဒီပြဿနာကို ပိုဆိုးစေပါတယ်။

ဆီးချိုဝေဒနာရှင်တစ်ယောက်မှာ အကယ်၍ ခြေထောက်အနာကို တွေ့လိုက်ရပြီဆိုရင် “သေးတယ်၊ ပျောက်မယ်” လို့ ဘယ်တော့မှ မတွေးပါနဲ့။ ဆီးချိုရှိသူအတွက် သေးငယ်တဲ့ အနာဟာ ကြီးမားတဲ့ပြဿနာတွေကို သယ်ဆောင်ပေးလာပါလိမ့်မယ်။ ဒါကြောင့် မိမိသဘောနဲ့ ဘာဆေးမှ မလိမ်းပါနဲ့။ ပဋိဇီဝဆေး၊ ထုံဆေး၊ ဆေးရွက်ကြီး၊ မီးသွေး… ဒါတွေ အကုန် ရှောင်ပါ။ အနာကို သန့်ရှင်းအောင်ထားပါ။ အနာကို သန့်ရှင်းတဲ့ ဂွမ်းစ/ပတ်တီးစနဲ့ ရေကျက်သီးနွေးနဲ့ ညင်ညင်သာသာ ဆေးကြောပါ။ ခြေထောက်ကို ရေနဲ့စိမ်ဆေးတာမျိုးမလုပ်ပါနဲ့။ ရေပူဝတ်၊ ရေပူအိတ်ကပ်တာ လုံးဝမလုပ်ပါနဲ့။ ဆေးပညာရှင်နဲ့တိုင်ပင်ပြီး ဆီးချိုထိန်းဆေးတွေအပြင် လိုအပ်တဲ့ ခြေထောက်ကုသမှုတွေ ခံယူပါ။

ဆီးချိုခြေထောက်ဆိုတာ စောစောသိ၊ စောစောကုသရင် ခြေထောက်ပုပ်တဲ့အဆင့်၊ ဖြတ်ရတဲ့အဆင့် ရောက်နိုင်ဖို့ နည်းပါတယ်။ လူတိုင်းက ကိုယ့်ရဲ့ ခြေထောက် ၂ ချောင်းကို ကိုယ်တိုင်ကာကွယ်နိုင်တဲ့ အင်အားရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ရှိနေတဲ့သူတိုင်း ကိုယ့်ရဲ့ခြေထောက်ကို နေ့တိုင်း စစ်ဆေးကြည့်ပါ၊ သန့်ရှင်းအောင်ထားပါ၊ သွေးချိုထိန်းပါ။ ဒီလောက်ဆို ၈၅% လောက် ဒီအန္တရာယ်ကနေ ကင်းဝေးသွားနိုင်ပါပြီ။

သင့်ရဲ့ ဆီးချိုကို ဂရုစိုက်သလို သင့်ရဲ့ ခြေထောက်လေးတွေကိုလည်း ဂရုစိုက်ပါ။ သူတို့က သင်တစ်သက်လုံး လမ်းလျှောက်ရမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။

References

International Diabetes Federation (IDF). IDF Diabetes Atlas, 10th edition. Brussels, Belgium: 2021.

လူကြိုက်များသောဆောင်းပါးများ