ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို နားလည်ခြင်း – အန္တရာယ်များ၊ လက္ခဏာများနှင့် စီမံခန့်ခွဲမှု

Published On: November 19th, 2023|Views: 532|
 

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည် ကိုယ်ဝန်ဆောင်စဉ်တွင် ဖြစ်ပေါ်တတ်သော ဆီးချိုရောဂါအမျိုးအစား – Gestational Diabetes Mellitus (GDM)  ဖြစ်သည်။ ၎င်းသည် သွေးတွင်းသကြားဓာတ် မြင့်မားခြင်းရဲ့ လက္ခဏာဖြစ်ပြီး မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်သည်။ ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီးနောက် ပြေလည်သွားသော်လည်း ကျန်းမာသောကိုယ်ဝန်နှင့်မီးဖွားရန် သေချာစေဖို့ ဂရုစိုက်ရန်လိုအပ်ပါသည်။

ရောဂါဖြစ်ပွားခြင်း အကြောင်းရင်းများ

ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ နားမလည်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် အချင်းမှထုတ်ပေးသော ဟော်မုန်းသည် ခန္ဓာကိုယ်မှအင်ဆူလင်ကို ထိထိရောရောက် အသုံးမပြုရန် တားဆီးပေးသည့်အခြေအနေတခုဖြစ်သည်။ ဂလူးကို့်စ်သည် ဆဲလ်များမှစုပ်ယူရမည့်အစား သွေးထဲတွင်စုပုံလာပြီး သွေးတွင်းသကြားဓါတ်ကို မြင့်မားလာစေသည်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်သော အကြောင်းရင်းများစွာရှိပြီး အောက်ပါအချက်များပါဝင်သည် –

  • အသက်အရွယ် – အသက် ၂၅ နှစ်အထက် ကိုယ်ဝန်ဆောင်အမျိုးသမီးများ။
  • မျိုးရိုးစုရာဇဝင် – မျိုးရိုးထဲတွင် ဆီးချိုသွေးချိုရောဂါရှိဖူးပါက ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများသည်။
  • အဝလွန်ခြင်း ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် လျင်မြန်စွာတက်ခြင်းသည် သိသာထင်ရှားသော အန္တရာယ်အချက်တစ်ခုဖြစ်သည်။
  • လူမျိုးစု- အာဖရိကန်၊ ဟစ်စပန်နစ် (စပိန်စကားပြော လက်တင်အမေရိက လူမျိုးများ)၊ အမေရိကန်နွယ်ဖွား သို့မဟုတ် အာရှနွယ်ဖွား အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေပိုများသည်။
  • ယခင် ဖြစ်ဖူးသူ – အမျိုးသမီးတစ်ဦးသည် ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရှိခဲ့ပါက ဖြစ်နိုင်ချေ တိုးလာပါသည်။

ရောဂါလက္ခဏာများ-

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည် မကြာခဏ သိသိသာသာလက္ခဏာများမပြတတ်ပါ။ သို့သော် အချို့သော အမျိုးသမီးများသည် အောက်ပါခြေအနေများကို ခံစားရနိုင်သည်

  1. ရေငတ်ခြင်းနှင့် ဆီးသွားခြင်း သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားခြင်းသည် ရေငတ်ခြင်းနှင့် မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေနိုင်သည်။
  2. ပင်ပန်းနွမ်းနယ်ခြင်း အင်ဆူလင်ကို ခုခံတားဆီးခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်ပါတယ်။
  3. အမြင်အာရုံဝေဝါးခြင်း သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားခြင်းသည် အမြင်အာရုံကို ယာယီထိခိုက်စေနိုင်သည်။

မိခင်နှင့်ကလေးအတွက် နောက်ဆက်တွဲပြဿနာများ

မိခင်အတွက် –

  • ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia)- ကိုယ်ဝန်ဆောင်ဆီးချိုရှိသော အမျိုးသမီးများသည် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။
  • အမျိုးအစား 2 ဆီးချိုရောဂါ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည် အသက်ကြီးချိန်တွင် အမျိုးအစား 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေသည်။
  • ခွဲစိတ်ကုသခြင်း- ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသော အမျိုးသမီးများတွင် ခွဲစိတ်ကုသရန် လိုအပ်သည့်အခြေအနေတွင် အန္တရာယ် ပိုများသည်။

ကလေးအတွက်-

  • သန္ဓေသားကြီးမားခြင်း (Macrosomia)- ကိုယ်ဝန်ဆောင်ဆီးချိုရှိသောမိခင်မှမွေးဖွားသောကလေးငယ်များသည် ပျမ်းမျှထက်ပိုမိုကြီးမားနိုင်ပြီး မီးဖွားခြင်းကို ခက်ခဲစေနိုင်သည်။
  • သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (Hypoglycemia) – ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသောမိခင်မှ မွေးဖွားသောကလေးများသည် မွေးဖွားပြီးနောက်တွင်သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းကိုခံစားရနိုင်သည်။
  • Respiratory Distress Syndrome ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ပိုများသည်။

ရောဂါရှာဖွေခြင်းနှင့် စီမံခန့်ခွဲမှု-

ကိုယ်ဝန်ဆောင်ဆီးချိုကို ပုံမှန်အားဖြင့် ကိုယ်ဝန် ၂၄ ပတ်နှင့် ၂၈ ပတ်ကြားတွင် ပါးစပ်မှ ဂလူးကို့စ်ခံနိုင်မှုစွမ်းရည် စမ်းသပ်မှုဖြင့် စစ်ဆေးသည်။ ရောဂါရှာဖွေတွေ့ရှိပြီးသည်နှင့် ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသခြင်းအတွက် အောက်ပါတို့ပါဝင်ပါသည်။

  • သွေးတွင်းသကြားဓာတ်အဆင့်များကို စောင့်ကြည့်ခြင်း- ပုံမှန်စောင့်ကြည့်ခြင်းသည် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းထားရန် ကူညီပေးသည်။
  • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း- မျှတသော အစားအစာကိုလမ်းညွှန်ချက် လိုက်နာခြင်းသည် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး မိခင်ရော ကလေးအတွက်ပါ သင့်လျော်သော အာဟာရကို ရရှိစေပါသည်။
  • ပုံမှန် ကိုယ်လက်လှုပ်ရှားမှု- ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှ အကြံပြုထားသည့်အတိုင်း အလယ်အလတ်လေ့ကျင့်ခန်းသည် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရာတွင် ကူညီပေးနိုင်သည်။
  • အင်ဆူလင်ကုထုံး- အချို့ကိစ္စများတွင်၊ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရန် အင်ဆူလင်ကို အသုံးပြုရန် ညွှန်ကြားနိုင်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည် မိခင်ရော ကလေးပါ ကျန်းမာစေရန် ဂရုတစိုက် စီမံခန့်ခွဲရန်လိုအပ်သည့် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ပုံမှန်စစ်ဆေးမှုများ၊ သွေးတွင်းသကြားဓာတ်ပမာဏကို စောင့်ကြည့်ခြင်းနှင့် ကျန်းမာသောလူနေမှုပုံစံကို လိုက်နာခြင်းအပါအဝင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့်  ကျန်းမာသောကလေးမွေးဖွားမှုသေချာစေရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွမ်းကျင်သောဆရာဝန်များ၏ အနီးကပ်ပြုစုစောင့်ရှောက်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းသော ကိုယ်ဝန်ဆောင်ခြင်းနှင့်အတူ ကျန်းမာသောကလေးငယ်ကို မွေးဖွားနိုင်ပါသည်။

ဒီအကြောင်းအရာကို မျှဝေပါ