ကိုယ်ဝန်ဆောင်စကာလတွင် ပျို့အန်ခြင်း (Morning sickness)

Published On: January 23rd, 2024|Views: 469|

ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာ ၇၀-၈၀ ရာခိုင်နှုန်းလောက်သော အမျိုးသမီးတွေဟာ ပျို့အန်တတ်ကြပါတယ်။ ပျို့အန်ခြင်းဟာ တစ်နေ့လုံး အချိန်မရွေး ဖြစ်နိုင်ပြီး လူတစ်ဦးချင်းပေါ် မူတည်ပြီး ခံစားရတဲ့ ပြင်းထန်မှု မတူညီကြပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ခြင်းကို အမျိုးသမီးများဟာ များသောအားဖြင့်ခံစားရလေ့ရှိပြီး မိခင်နှင့် ကလေးကို ပုံမှန်အားဖြင့် ဘေးအန္တရာယ် မဖြစ်စေတတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်လေ အနည်းငယ်သောကိုယ်ဝန်ဆောင်တွေမှာ Hyperemesis gravidarum လို့ခေါ်တဲ့ အလွန်ပြင်းထန်စွာပျို့အန်ခြင်းမျိုး ခံစားရတတ်ပါတယ်။ ထိုအခြေအနေမျိုးမှာဆိုရင်တော့ ခန္ဓာကိုယ်အတွင်း ရေဓါတ်ခမ်းခြောက်ခြင်း၊ ဆားဓါတ်များမညီမျှခြင်း၊ ဒါမှမဟုတ် အာဟာရချို့တဲ့ခြင်း စတာတွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်ပြီး မိခင်နှင့် ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဘယ်အချိန်တွေမှာဖြစ်လေ့ရှိလဲ

ကိုယ်ဝန်အစောပိုင်းကာလ ပထမ ၆ ပတ်လောက်က စပြီးတော့ ခံစားရလေ့ရှိပြီး ကိုယ်ဝန် ၁၆ ပတ် ကနေ ၂၀ ပတ်လောက်အချိန်မှာ ပြန်လည်သက်သာလေ့ရှိပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

တိကျတဲ့အကြောင်းအရာတော့ မရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်စဉ်အတွင်း Human Chorionic Gonadotropin (HCG) သို့ estrogen လို့ ခေါ်တဲ့ ဟော်မုန်းတွေများလာတာကြောင့် ဖြစ်နိုင်ပြီး တစ်ခါတစ်လေမှာတော့ သွေးတွင်းအချိုဓါတ်ကျဆင်းတာ၊ သွေးဖိအားအပြောင်းအလဲများတာ တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

သက်သာအောင်ဘာတွေဆောင်ရွက်ရမလဲ

  • အနားယူပါ။ တစ်ခါတစ်လေပင်ပန်းတာကြောင့် ပျို့အန်တာ ပိုဆိုးတတ်ပါတယ်။
  • ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အနံ့တွေ၊ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
  • အစာအိမ်ကို အမြဲဖြည့်ထားပါ။ အစာတွေကို နည်းနည်းချင်းစီခွဲစားပေးပါ။ မကြာခဏစားပေးပါ။
  • အရည်များများသောက်ပါ။ ရေ၊ အရည်တွေကို နည်းနည်းချင်းစီ မကြာခဏခွဲသောက်ပေးတာက ပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။
  • အဝတ်အစား ပွပွချောင်ချောင်နဲ့ သက်တောင့်သက်သာရှိတာ ရွေးဝတ်ပေးပါ။
  • အချို့သုတေသနတွေမှာ ဂျင်းစားသုံးပေးခြင်းက ကိုယ်ဝန်ဆောင် ပျို့အန်တာကို သက်သာစေတယ်လို့ တွေ့ရှိတဲ့အတွက်ကြောင့် ဂျင်းပါဝင်တဲ့ အစားအစာ၊ ဖျော်ရည်များကို သောက်သုံးပေးနိုင်ပါတယ်။
  • လက်ကောက်ဝတ်မှာ နှိပ်နှယ်ပေးခြင်း၊ အပ်စိုက်ကုထုံး ခံယူခြင်းများကလည်း အကျိုးရှိနိုင်တယ်လို့ သုတေသနအချို့က ဆိုထားတဲ့အတွက် ကျွမ်းကျင်ပညာရှင်နဲ့ လက်လှမ်းမီတယ်ဆိုရင်တော့ ကြိုးစားကြည့်နိုင်ပါတယ်။

ဘယ်အချိန်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်လဲ။

ရေလုံးဝမသောက်နိုင်ခြင်း၊ အစာလုံးဝမဝင်ခြင်း၊ ၂၄ နာရီအတွင်းစားသမျှအကုန်ပြန်အန်ခြင်း၊ မူးခနဲမိုက်ခနဲဖြစ်သွားခြင်း နှင့် နုံးချိနေခြင်းများ ဖြစ်လာတယ်ဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုကို အလျှင်အမြန် ခံယူသင့်ပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ